SJ WorldNews - шаблон joomla Авто

သီတင်းကျွတ်ရုံးပိတ်ရက် နောက်ဆုံးနေ့တွင် ဘားအံမြို့နှင့် ပတ်ဝန်းကျင် အထင်ကရ နေရာများ၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး လာရောက်လည်ပတ် အပန်းဖြေသူများဖြင့် အထူးစည်ကား

Wednesday, 16 October 2019 09:04 font size decrease font size decrease font size increase font size increase font size

ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး ဖြစ်တည်   တိုးတက်လာသည်နှင့် အညီ နယ်မြေတည်ငြိမ် အေးချမ်းလာသည်နှင့် အမျှ သဘာဝရေမြေ တောတောင်အလှအပ ရှုခင်းများ၊  တန်ခိုးကြီးဘုရားများ၊ ရှေးဟောင်းထုံးကျောက် လိုဏ်ဂူတော်များ၊  သာသနိက အဆောက်အအုံများ၊ ရေတံခွန်များ၊  အပန်းဖြေအနားယူရန် နေရာများ ပေါများသည့်  ပြည်နယ်တစ်ခုဖြစ်သည့် အတွက်   သီတင်းကျွတ် အားလပ်ရက်များတွင် ခရီးသွားဘုရားဖူး အပန်းဖြေ လာရောက်လည်ပတ်သူများ    အထူးစည်ကားလျက် ရှိသည်ကို    မြင်တွေ့ရသည်။

အထူးသဖြင့် ဘားအံမြို့ပေါ်ရှိ တန်ခိုးကြီး ဘုရားများနှင့် ပတ်ဝန်းကျင်ဒေသရှိ ဘုရင့်ညီဂူ၊ ရသေ့ပျံဂူ၊ ကော့ဂွန်းဂူ၊ လင်းနို့ဂူ၊ ချစ်သူမြိုင် အပန်းဖြေဥယျာဉ်၊  လုမ္ဗီနီဥယျာဉ်၊ ဇွဲကပင်တောင်၊ ရေတံခွန်၊ ကော့ကသောင်ဂူ၊ ဆဒ္ဒန်ဂူ၊ ဗုဒ္ဓဂယာဥယျာဉ်၊ ဣစာသယလိုဏ်ဂူ၊  ထွန့်ပတိုင်ကန်တော် အစရှိသည့်  အထင်ကရနေရာများတွင် ပြည်တွင်း၊   ပြည်ပဘုရားဖူး ခရီးသွားဧည့်သည်များဖြင့် စည်ကားလျက်ရှိသည်။

မြန်မာသက္ကရာဇ်(၄၁၉)ခုနှစ် (အေဒီ-၁ဝ၅၇) အနော်ရထာမင်းလက်ထက် သထုံပြည်ကိုတိုက်ခိုက် သိမ်းယူချိန် သထုံမနုဟာမင်းကြီး၏   သားတော်နှစ်ပါးဖြစ်သော သီဟကုမ္မာရနှင့် စိတ္တကုမ္မာရမင်းသားနှစ်ပါး ရှောင်တိမ်း ထွက်ပြေးခိုလှုံရာမှ အစွဲပြုအမည်တွင်သော   ရှေးကျသော ဘုရင့်ညီနောင် လိုဏ်ဂူတွင် ကိန်းဝပ်စံပယ်လျက် ရှိသည့်   ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်  စေတီတော်၊ ရုပ်ပွားတော်များ၊ ရှေးဟောင်းဂဝံ အုတ်ချပ်ကြီးများ၊ လက်ရေးစင် အမှတ်အသားပါ  အုတ်ချပ်ကြီးများ၊ ကျောက်ကပ်ဘုရားများကို လာရောက်ဖူးမြော်သူများ စည်ကားလျက်ရှိသကဲ့သို့ နွေ၊မိုး၊ ဆောင်း အဆက်မပြတ် စီးဆင်းနေသော  သဘာဝရေပူစမ်းပေါက်ကြီးနှင့် ရေအေးစမ်းပေါက်တို့မှ ရေပူရေအေးများ ရောနှောခြင်းမရှိ  တစ်ခြမ်းစီထွက်ရှိ စီးဆင်းနေမှုအား ကွန်ကရစ်ရေကန်များဖြင့် ကာရံ၍ ရေချိုး၊ ရေကူးသူများဖြင့် စည်ကားလျက်ရှိသည်။

ထို့အတူ သမိုင်းတန်ဖိုးကြီးမားသော ရှေးဟောင်းသမိုင်းဝင် ကော့ဂွန်းဂူတော်ကြီး၏ အတွင်းပိုင်းနှင့်  အပြင်ပိုင်းရှိ  အုတ်ကျောက်၊ အင်္ဂတေ၊ သစ်သားတို့ဖြင့်  ပုံစံအမျိုးမျိုး၊ အရွယ်အစား အမျိုးမျိုး၊ အနေအထား အမျိုးမျိုးတို့ဖြင့် ထုလုပ်စီမံထားသော ဆင်းတုတော်များ၊   ရုပ်လုံးရုပ်ကြွများ၊  ကျောက်ကပ်အုတ်ခွက် ဘုရားများ၊ ရှေးဟောင်းစာများ၊ ရပ်တော်မူ၊ ထိုင်တော်မူ၊ လျောင်းတော်မူ   ရုပ်ပွားတော်များအား လာရောက် ဖူးမြော်သူများဖြင့်    အထူး စည်ကားလျက် ရှိသည်ကိုမြင်တွေ့ရသည်။

အလားတူ လိုဏ်ဂူအတွင်း ကျောက်အမိုးပေါက်တစ်ခုရှိပြီး  ရသေ့တစ်ပါး တောင်ကိုဖောက်၍ ကောင်းကင်သို့ဈာန်ဖြင့် ပျံတက်သွားသောကြောင့် ရသေ့ပျံတောင်ဟု ခေါ်တွင်သည့် ရသေ့ပျံဂူတွင် ဗုဒ္ဓဉာဏ ရသေ့မြတ် သီတင်းသုံးနေထိုင်ခဲ့သည်ဟု အဆိုရှိပြီး ဂူအတွင်း ရသေ့တရား အားထုတ်ခဲ့သော ကျောက်ဖျာ၊ တောင်ကိုထွင်းဖောက်သွားသော ကျောက်အမိုးပေါက်၊ ရသေ့ဆေးထောင်းခဲ့သော ကျောက်ဆုံ၊ ရသေ့မှောက်သွားသော ဆေးသွေးကျောက်ပျဉ်ကြီးတို့ကို လာရောက်ကြည့်ရှု လေ့လာကြသည့်   ဘုရားဖူးခရီးသွား ဧည့်သည်များ အထူးစည်ကားသကဲ့သို့ လုမ္ဗီနီဥယျာဉ်မှ ဗုဒ္ဓရုပ်ပွားတော်များအား လာရောက်ဖူးမြော်သူများ၊ အမြင့်ပေ ၂၃၇၂ ပေရှိ ဇွဲကပင်ဆံတော်ရှင်စေတီသို့ ရှုမျှော်ခင်းကြည့် တက်ရောက် ဘုရားဖူးသူများလည်း အထူးစည်ကားလေသည်။

ထို့ပြင် ဘားအံမြို့၏မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများ အထင်ကရနေရာများတွင် ဘုရားဖူးလာရောက် လည်ပတ်သူများအား စတုဒိသာ အာဟာရကျွေးမွေး ကုသိုလ်ပြုကြသူများ၊  ခရီးတစ်ထောက် ဝင်ရောက်နားခို သုံးဆောင်ကြသူများဖြင့် စည်ကားလျက်ရှိသည်ကိုလည်း မြင်တွေ့ရသည်။

ရန်ကုန်မြို့မှ  ဘုရားဖူးလာရောက် လည်ပတ်သည့်  MPT  Jo  Joint Oprtations တွင် လုပ်ကိုင်သူ မနွယ်နီဝင်းက ''အမျိုးတွေစုပြီး ဒီဘက်ကို ဘုရားဖူးထွက်လာတာပါ။ ဘားအံကို  ခုမှပထမဆုံး ရောက်ဖူးတာပါ။ ကိုယ့်ရဲ့မိသားစုဆွေမျိုး ညီအစ်ကိုမောင်နှမတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ခရီးသွားလိုက်ရတဲ့ အတွက်ကြောင့် ပိုပြီးပျော်စရာကောင်းပြီးတော့ အားလပ်ရက်ကုန်လို့ လုပ်ငန်းခွင်ကို ပြန်လည်ဝင်ရောက်တဲ့ အခါမှာလည်း စိတ်သစ်၊ လူသစ်၊

ခွန်အားအသစ်တွေနဲ့ လန်းလန်းဆန်းဆန်းနဲ့ ပိုပြီးတော့ တာဝန်တွေကို ထမ်းဆောင်နိုင်မယ်လို့ ထင်ပါတယ်''ဟုပြောသည်။

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့မှ နော်အိခိုင်ဇင်က ''ညီမက  Mytel မှာ အလုပ်လုပ်ပါတယ်။ ဘားအံကိုရောက်တာ နှစ်ရက်ရှိပါပြီ။ ဆဒ္ဒန်ဂူနဲ့ ချစ်သူမြိုင် အပန်းဖြေဥယျာဉ်ကို ရောက်ခဲ့ပြီးပြီ။ အခုဇွဲကပင် တောင်ပေါ်ကနေ   ပြန်ဆင်းလာတာပါ။ ဇွဲကပင်တောင်ကို မနက်စောစော ၅ နာရီလောက်က လာတက်တာ။  ဒူးတွေတော့အရမ်းတုန်တယ်။ မောလည်းမောတယ်။ ပျော်လည်းပျော်တယ်။ ညီမတို့ အလုပ်ပိတ်တဲ့၊ ကျောင်းပိတ်တဲ့ သူငယ်ချင်းတွေစုပြီးတော့ လာတာပါ။ ဘားအံမြို့ရဲ့အထင်ကရ နေရာတွေကို  စုံလင်အောင် သွားရောက် လည်ပတ်ဦးမယ်။ အိမ်တွေ၊ လမ်းတွေမှာ၊ ဆိုင်းဘုတ်တွေမှာ ကရင်လိုရေးထားတာတွေ၊ ကရင်အလံ စိုက်ထားတာတွေ အများကြီးမြင်ခဲ့ရတယ်။ ဒီကရှုခင်းတွေက စိမ်းစိုလှပပြီး သဘာဝအတိုင်းပဲ တည်ရှိနေသေးလို့ မလာရသေးတဲ့ အနယ်နယ် အရပ်ရပ်က  ဆွေမျိုးညီအစ်ကို မောင်နှမတွေကို လာရောက်လည်ပတ်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်''ဟု ပြောသည်။

ကရင်ပြည်နယ် ဘားအံမြို့နှင့် ပတ်ဝန်းကျင်ဒေသများသည် ဆက်သွယ်သွားလာရ လွယ်ကူသည့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း၊  သွားလာရာလမ်းခရီး တစ်လျှောက်တွင်   ဒေသခံတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကိုမြင်တွေ့နိုင်ခြင်း၊ ရိုးသားဖော်ရွေမှုရှိခြင်း၊ ပျူငှာယဉ်ကျေးခြင်း၊ ဒေသ၏ အဝတ်အထည်၊ အစားအသောက် များကို လွယ်လင့်တကူ ဝယ်ယူစားသောက်နိုင်ခြင်း၊ တည်းခိုနေထိုင်ရန် နေရာထိုင်ခင်း အလုံအလောက်ရှိခြင်း၊ သမိုင်းဝင် အမွေအနှစ်များအား အလွယ်တကူ လေ့လာနိုင်ခြင်း၊ အေးချမ်းသာယာခြင်းတို့ကြောင့်  ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များ နေ့စဉ်ဝင်ထွက် သွားလာလျက်ရှိကာ ယခုကဲ့သို့ သီတင်းကျွတ် ရုံးပိတ်ရက်များ    နောက်ဆုံးနေ့တွင် လာရောက်လည်ပတ်သူ  ပိုမိုများပြား၍ အထူးပင် စည်ကားလျက်ရှိကြောင်း   သိရသည်။  

Read 103 times Last modified on Wednesday, 16 October 2019 09:07