SJ WorldNews - шаблон joomla Авто

ကမ္ဘာ့ဘဏ်က နှစ်စဉ်ထုတ်ပြန်သည့်အစီရင်ခံစာ၌ ပြုပြင်ပြောင်းလဲမှု အကောင်းဆုံးနိုင်ငံ ၂ဝတွင် မြန်မာပါဝင်

Sunday, 20 October 2019 09:28 font size decrease font size decrease font size increase font size increase font size

ရန်ကုန်    အောက်တိုဘာ    ၁၉

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များနှင့် အကြိမ်(၃ဝ)မြောက်ပုံမှန် တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်  မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဒေါက်တာသန်းမြင့်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့်  ဦးအောင်ထူးနှင့် ဦးဝင်းမော်ထွန်း၊ လုပ်ငန်းကော်မတီ (၅)ရပ်မှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ဒုတိယဥက္ကဋ္ဌများနှင့်  ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်များ၊   ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ  ဒုတိယမြို့တော်ဝန်နှင့်   တွဲဖက် အတွင်းရေးမှူး၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရန်ကုန်တိုင်းဒေသကြီး   ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၊ မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဒုတိယသမ္မတ ဦးမြင့်ဆွေက အမှာစကား ပြောကြားရာတွင်  ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်များနှင့် လစဉ်ပုံမှန် တွေ့ဆုံဆွေးနွေးပွဲများကို ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလမှ စတင်ပြီး လုပ်ငန်းရှင်များ၏ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေး လျက်ရှိရာ ပြီးခဲ့သည့် (၂၉)ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲအထိ စီးပွားရေး လုပ်ငန်းရှင်များ၏ အခက်အခဲ၊ အကြံပြုတင်ပြချက် စုစုပေါင်း ၃၅၈ ချက်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှတစ်ဆင့် သက်ဆိုင်ရာ စီးပွားရေး လုပ်ငန်းရှင်များထံသို့ အကြောင်းပြန်ကြားပေးခဲ့ပြီးဖြစ်ကြောင်း၊အဆိုပါပြန်ကြားချက်များတွင် လုံးဝပြီးပြတ်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်များ ရှိသကဲ့သို့ ပြီးပြတ်အောင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးသည့် အကြံပြုတင်ပြချက် ၅ဝချက် ရှိသည်ကို တွေ့ရှိရကြောင်း၊ ယင်းအကြံပြုတင်ပြချက် ၅ဝ တွင် ၂၄ ချက်မှာ ခွင့်ပြုပေးနိုင်သည့် အနေအထားရှိပြီး ငါးချက်မှာ မူဝါဒနှင့် ကိုက်ညီမှုမရှိသည့်အတွက် ခွင့်ပြုပေး၍မရကြောင်း၊  ကျန် ၂၁ ချက်တွင် ဆောင်ရွက်ဆဲနှစ်ချက်နှင့် ဆက်လက်ဆောင်ရွက်ရမည့် ၁၉ ချက်ရှိကြောင်း၊  ပြီးပြတ်အောင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးသည့် လုပ်ငန်းများကိုလည်း လုပ်ငန်းကော်မတီ(၅)ရပ် အနေဖြင့် Public Private Dialogue များပြုလုပ်၍ ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း။

နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သည့်နေရာတွင် ကုန်သွယ်ရေး ကဏ္ဍသည် အရေးကြီးသော အခန်းကဏ္ဍတွင် တည်ရှိပြီး  နှစ်စဉ်ကုန်သွယ်မှု ပမာဏ တိုးတက်အောင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများမှ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်လျက် ရှိသည့်အတွက် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်  ကုန်သွယ်မှုပမာဏသည်  အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၅၃ ဘီလီယံ၊၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၉၈ ဘီလီယံ ဆောင်ရွက်နိုင်ခဲ့သည့်အတွက် လျာထားချက်ထက်  အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၇၉ ဘီလီယံပိုမို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ၎င်းကုန်သွယ်မှု ပမာဏတွင် ပုဂ္ဂလိကကဏ္ဍ အနေဖြင့် အမေရိကန်ဒေါ်လာ၂၉ ဒသမ ၃ဝ၉ဘီလီယံ ပါဝင်သည့်အတွက် ၈၄ ရာခိုင်နှုန်းအထိ  ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရကြောင်း။

မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုများ အနေဖြင့်  လုပ်ငန်းအရေအတွက်  ၁၃၁၅ ခုရှိပြီးတန်ဖိုးအားဖြင့်    အမေရိကန်ဒေါ်လာ ၉ ဒသမ ၂၁၄ ဘီလီယံ အပါအဝင် ငွေကျပ်၁၇၇၇၂ ဒသမ ၆၈၆ ဘီလီယံဖြစ်ကြောင်း။

နယ်စပ်ဒေသများမှ တရားမဝင် ကုန်ပစ္စည်းများ ဝင်ရောက်လာမှုကြောင့်   အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများရပ်တည်ရန် ခက်ခဲလာနိုင်သဖြင့် တရားမဝင် ကုန်ပစ္စည်းများကို တားဆီး ထိန်းချုပ်ပေးရန် တင်ပြလာမှုအပေါ် ပုဂ္ဂလိကကဏ္ဍ ဖွံဖြိုးတိုးတက်ရေး ကော်မတီအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုးခုတွင်  တရားမဝင် ကုန်ပစ္စည်းများကို တားဆီးထိန်းချုပ်နိုင်ရေးအတွက်   အထူးအဖွဲ့များ ဖွဲ့စည်းပြီး ဖမ်းဆီးအရေးယူခဲ့ရာ၂ဝ၁၈ ခုနှစ် စက်တင်ဘာလမှ ၂ဝ၁၉ ခုနှစ် စက်တင်ဘာလအထိ ဖမ်းဆီးအရေးယူမှု ၉၇၄ ကြိမ်၊   ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄ ဒသမ ၆၁၄၅ ဘီလီယံ ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ယခုအခါ ''တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ '' ကို  နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းခဲ့ပြီးဖြစ်ရာ  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အညွှန်းကိန်းများအပေါ် အခြေခံပြီး လုပ်ငန်းကော်မတီများ၊ ဆပ်ကော်မတီများ၊   အထူးလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းရေးနှင့်  တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး မဟာဗျူဟာ ရေးဆွဲနိုင်ရေး ဆောင်ရွက်လျက်ရှိနေပြီဖြစ်ကြောင်း။

ကမ္ဘာ့ဘဏ်က  နှစ်စဉ်ထုတ်ပြန်သည့် Doing Business 2020 အစီရင်ခံစာတွင် တိုးတက်မှုအဖြစ် ဖော်ပြနိုင်သော   ပြုပြင်ပြောင်းလဲမှု အကောင်းဆုံးနိုင်ငံ ၂ဝ တွင် မြန်မာနိုင်ငံပါဝင်သည်ကို   ၂ဝ၁၉ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် ကမ္ဘာ့ဘဏ်၏  Doing Business Website ၌ ဖော်ပြထားကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေး ဝန်းကျင် တိုးတက်ကောင်းမွန်စေရန် အတွက် လုပ်ငန်းနယ်ပယ် (၅)ရပ်ဖြစ်သည့် ဆောက်လုပ်ခွင့် ရယူခြင်း၊ စီးပွားရေးလုပ်ငန်း တစ်ခုစတင်ခြင်း၊ ပိုင်ဆိုင်မှုမှတ်ပုံတင်ခြင်း၊ ပဋိညာဉ် အတည်ပြုဆောင်ရွက်ခြင်းနှင့် အနည်းစုရင်းနှီးမြှုပ်နှံသူများအား အကာအကွယ် ပေးခြင်းတို့သည် သိသာသော တိုးတက်ပြုပြင်ပြောင်းလဲမှုများကို   အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်ဟု အဆိုပါ Website တွင် ဖော်ပြထားရာ   မြန်မာနိုင်ငံအတွက် ထူးခြားသည့် ရလဒ်ကောင်းတစ်ခုဖြစ်ကြောင်း၊ Doing  Business 2020 အစီရင်ခံစာကိုအောက်တိုဘာ ၂၄ ရက်တွင် ထုတ်ပြန်မည်ဟု သိရှိရကြောင်း၊ တချို့ပြုပြင် ပြောင်းလဲထားသည့်   အချက်များသည် လက်ရှိတွင် အမှတ်အနေဖြင့် ထည့်သွင်း တွက်ချက်ထားခြင်း မရှိသော်လည်း  စောင့်ကြည့်သည့် အခြေအနေတွင် ရှိနေကြောင်း၊ နိုင်ငံတော်အစိုးရက ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ပေးနေသော်လည်း  ပုဂ္ဂလိက ကဏ္ဍက ချက်ချင်းမသိသည့် အခါတွင် တုံ့ပြန်ချက်များက မပြောင်းလဲသေးဘဲဖြစ်နေသည့် အတွက် အမှတ်မရနိုင်သေးခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် Doing Business လုပ်ငန်းစဉ်များ ပို၍လွယ်ကူ  တိုးတက်အောင် ပူးပေါင်းကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း။

2021 Ease of Doing   Business Ranking တိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ဆက်စပ်သည့် ဌာနများအနေဖြင့် ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများ၊ မူဝါဒများကို ခေတ်နှင့်လျော်ညီစွာ ပြုပြင်ပြောင်းလဲပေးခြင်း၊ လုပ်ငန်းများ လျင်မြန်ချောမွေ့စေရေးအတွက် ခေတ်မီနည်းပညာများကို အသုံးပြု၍ ပြုပြင်ပြောင်းလဲခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊  ဤကဲ့သို့ ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရက အကောင်းဆုံးဖြစ်အောင် ဆုံးဖြတ်ချက်များ ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ အားလုံးက ကျယ်ပြန့်စွာ သိရှိနားလည်ရန် လိုအပ်ကြောင်း၊

အစိုးရနှင့် ပုဂ္ဂလိကတို့ ပူးပေါင်းမှုပိုမိုအားကောင်းသော  လုပ်ဆောင်ချက်များသည် အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ '' စီးပွားရေး လုပ်ငန်းရှင်များ''၊ ''ဝင်ငွေနည်းပြည်သူများ'' နှင့်''အစိုးရ''သုံးဦးသုံးဖလှယ် အကျိုးဖြစ်ထွန်းစေမည့် အများပါဝင် အကျိုးခံစားနိုင်သော စီးပွားရေးလုပ်ငန်းများ ဖြစ်ပေါ်လာအောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊  နိုင်ငံ၏ စီးပွားရေးစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးကို တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှတစ်ဆင့် အထောက်အပံ့ ဖြစ်စေနိုင်ရေးအတွက် နိုင်ငံအတွင်းတွင် တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပိုမိုများပြားလာစေရေးကို ဦးတည်ဆောင်ရွက်သွားကြရန် ပြောကြားလိုကြောင်း။

ယနေ့ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးမည့် အသင်းအဖွဲ့များ အနေဖြင့်လည်း ဆွေးနွေးမည့် ကဏ္ဍများနှင့် သက်ဆိုင်သည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်လာကြသည့်အတွက် မိမိတို့အသင်းအဖွဲ့များ၏ တွေ့ကြုံနေရသည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။

ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဝန်ကြီးဌာနအနေဖြင့် ပို့ကုန်၊ သွင်းကုန်ဥပဒေများ၊ မူဝါဒများနှင့် စည်းမျဉ်းစည်းကမ်းများကို ခေတ်နှင့်လျော်ညီစွာ ဖြစ်စေရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများ၊ ပို့ကုန်မြှင့်တင်ရေး အတွက် ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်းက ဝန်ကြီးဌာန အနေဖြင့် မြန်မာ့စီးပွားရေး ဝန်းကျင် ကောင်းမွန်စေရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး အတွက်ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။

ယင်းနောက်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေ၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သွားမည့် ဆွေးနွေးပွဲများ၊  ပို့ကုန်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက်    ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးခင်ဟန်၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဒေါ်တိုးနန္ဒာတင်နှင့် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်၊ မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များ အသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးဇော်ထိုက်အေးနှင့် တွဲဖက်အတွင်းရေးမှူး ဒေါက်တာကျော်ကျော်အောင်တို့က  သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက်  တွေ့ကြုံနေရသည့် အခက်အခဲများနှင့် အကြံပြုချက်များကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။     

အကြံပြုတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ တွဲဖက်အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးသည်။

ယင်းနောက် ဒုတိယသမ္မတက နိဂုံးချုပ် အမှာစကားပြောကြားပြီး တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။                  

(သတင်းစဉ်)

Read 115 times Last modified on Sunday, 20 October 2019 09:29