SJ WorldNews - шаблон joomla Авто

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီ ဒုတိယအကြိမ် ညှိနှိုင်း အစည်းအဝေး ကျင်းပ

Friday, 08 November 2019 09:17 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   နိုဝင်ဘာ  

၂ဝ၂ဝ ပြည့်နှစ် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီ၏ ဒုတိယ အကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ ၂ဝ၂ဝ ပြည့်နှစ်(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ   ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊  ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ်အောင်သူ၊ ဗိုလ်ချုပ် သန်းထွဋ်နှင့် ဒေါက်တာထွန်းနိုင်၊ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်ဇင်မင်းထက်၊ တွဲဖက် စစ်ထောက်ချုပ် ဗိုလ်ချုပ်အောင်လင်းထွန်း၊ စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်သန့်ဇင်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယသမ္မတက (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို အမျိုးသားရေး ဦးတည်ချက်(၅)ရပ်နှင့် အညီ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းလုံး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ''၂ဝ၂ဝ ပြည့်နှစ် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ''ကို ဒုတိယသမ္မတ ဦးဆောင်၍ ၃၇ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ဗဟိုကော်မတီက     ချမှတ်သည့် လုပ်ငန်းတာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် ဆပ်ကော်မတီ ၁ဝ ခုကို ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ ဆပ်ကော်မတီများ အနေဖြင့်လည်း  လွတ်လပ်ရေးနေ့ အခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများကို အောင်အောင်မြင်မြင်နှင့် နိုင်ငံရေး အနှစ်သာရ ပိုမိုပြည့်ဝစွာ ကျင်းပနိုင်ရေးအတွက် ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို သေချာစွာ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း။

ဗဟိုကော်မတီ၏ ပထမအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို  အောက်တိုဘာ ၁ဝ ရက်တွင် ကျင်းပခဲ့ပြီး  အစည်းအဝေး ဆုံးဖြတ်ချက်ပေါင်း ၂၁ ချက် ချမှတ်ခဲ့ရာ ဆောင်ရွက်ပြီး သုံးချက်နှင့် ဆောင်ရွက်ဆဲ ၁၈ ချက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ဆပ်ကော်မတီများ အနေဖြင့်   ဆောင်ရွက်ဆဲလုပ်ငန်းများက သတ်မှတ်ချိန် အတွင်း အမြန်ပြီးပြတ်အောင် ဆောင်ရွက်ကြရန်နှင့် ယခင်နှစ်က ကျင်းပခဲ့သည့်(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားအပေါ် ပြန်လည်သုံးသပ်သည့် အစည်းအဝေး ဆုံးဖြတ်ချက် ၂၉ ချက်ကိုလည်း အလေးအနက်ထား အကောင်အထည်ဖော် ပြုပြင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။

ပြည်ထောင်စုနယ်မြေ  နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လွတ်လပ်ရေးနေ့ အခမ်းအနားများကို အမျိုးသားရေး ဦးတည်ချက်များနှင့်အညီ  စည်ကားသိုက်မြိုက်စွာ  ကျင်းပသွားကြရန်ဖြစ်ပြီး တစ်နှစ်ထက်တစ်နှစ်  ပိုမိုကောင်းမွန်ပြီး နိုင်ငံရေး အနှစ်သာရ ပြည့်စုံစွာ ကျင်းပနိုင်ရေးအတွက် ယခင်ကျင်းပခဲ့သည့် အခမ်းအနားများ၏  အတွေ့အကြုံများအပေါ် အခြေခံ၍ အကောင်းဆုံးဖြစ်အောင်  ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း။

ပြည်ထောင်စုနယ်မြေ  နေပြည်တော်တွင် ကျင်းပမည့် လွတ်လပ်ရေးနေ့ အခမ်းအနားကို နှစ်စဉ်ကျင်းပသည့် ပုံစံအတိုင်းနံနက်ပိုင်းတွင် ''နိုင်ငံတော်အလံတင် အခမ်းအနား''နှင့် ''နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနား''   ပြုလုပ်သွားမည်ဖြစ်ပြီး ညနေပိုင်းတွင် ''နိုင်ငံတော်အဆင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ညစာစားပွဲ အခမ်းအနား''ကို  ကျင်းပသွားမည် ဖြစ်ကြောင်း၊ အဆိုပါ အခမ်းအနားသည် နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်သည့်အတွက် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ   လစ်ဟာမှုမရှိ အောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း။

လွတ်လပ်ရေးနေ့ အခမ်းအနားသို့ တက်ရောက်မည့် အင်အားစာရင်းနှင့် တာဝန်ကျသည့်ဝန်ထမ်းအင်အား စာရင်းများ ကွာဟမှု မရှိစေရေး  သက်ဆိုင်ရာ ဆပ်ကော်မတီအလိုက် အသေးစိတ်ပေါင်းစပ် ညှိနှိုင်းသွား ကြရန်လိုအပ်ကြောင်း၊ ထို့ပြင် မီးရှူးမီးပန်း များပစ်ဖောက်ရာတွင်လည်း အန္တရာယ်ကင်းရှင်းစေရေးအတွက် စနစ်တကျကြိုတင်စီမံ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

အခမ်းအနားသို့ တက်ရောက်လာကြသည့်ပုဂ္ဂိုလ်များ ဝင်/ထွက်မှု အဆင်ပြေစေရေး၊ ကြိုဆိုနေရာချထားမှု အပိုင်းတွင် လစ်ဟာမှု မရှိစေရေး၊ ကျွေးမွေးဧည့်ခံမှု အပိုင်းနှင့် ဖျော်ဖြေရေး အပိုင်းတို့တွင် အဆင် ပြေစနစ်တကျရှိစေရေးအတွက် သက်ဆိုင် ရာကော်မတီများအလိုက် ပူးပေါင်းညှိနှိုင်းကာ  ကြိုတင်ဇာတ်တိုက်  လေ့ကျင့်မှုများ ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပို့စကတ်များ အချိန်မီဖြန့်ဝေနိုင်ရေး အတွက် သက်ဆိုင် ရာ ဆပ်ကော်မတီများအနေဖြင့် ကြိုတင်စီမံ ဆောင်ရွက်သွားကြရန်၊ ဆပ်ကော်မတီများ၏ အသုံးစရိတ်များကို သေချာစွာစိစစ်တွက်ချက်၍ တင်ပြသုံးစွဲ သွားကြရန်နှင့် ရာသီဥတု အခြေအနေသည်  ခန့်မှန်းမရနိုင်သဖြင့် အခမ်းအနား အားလုံးအတွက် Plan A အပြင် Plan B ကို ထည့်သွင်းပြင်ဆင် ထားကြရမည်ဖြစ်ကြောင်း။

အစည်းအဝေးသို့ တက်ရောက်လာကြ သည့်  တာဝန်ရှိသူများအနေဖြင့်  ယခင်ကျင်းပခဲ့သည့် ဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဆောင်ရွက်ဆဲ လုပ်ငန်းအခြေအနေများ၊ တွေ့ကြုံနေ ရသည့် အခက်အခဲများနှင့်  လိုအပ်သည့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြ ဆွေးနွေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် ဗဟိုကော်မတီအတွင်းရေးမှူး  ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး အမြဲတမ်း အတွင်းဝန် ဦးဇော်သန်းသင်းက လွတ်လပ်  ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီ  ပထမ အကြိမ်ညှိနှိုင်း အစည်းအဝေး၏ ဆုံးဖြတ်ချက်၂၁ ချက်နှင့်စပ်လျဉ်း၍ ဗဟိုကော်မတီက ဆောင်ရွက်ရမည့် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက်  ''နိုင်ငံတော်အလံတင်နှင့် နိုင်ငံတော်အလံ အလေးပြုပွဲ စစ်ရေးပြ ဆပ်ကော်မတီ'' ဆိုင်ရာကိစ္စရပ်များကို တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်က လည်းကောင်း၊ ''နိုင်ငံ တော်အလံ အလေးပြုပွဲ အခမ်းအနားကျင်းပရေး၊ ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေး ဆပ်ကော် မတီ''ဆိုင်ရာ ကိစ္စရပ်များကို နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် နေပြည်တော် စည်ပင်သာယာရေး ကော်မတီ  အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်တို့က လည်းကောင်း၊ ''လွတ်လပ်ရေးနေ့ ဧည့်ခံပွဲနှင့် ညစာစားပွဲ ကျင်းပရေး ဆပ်ကော်မတီ''ဆိုင်ရာကိစ္စရပ်များကို နိုင်ငံခြားရေး ဝန်ကြီးဌာန သံတမန်ရေးရာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမင်းသိမ်း၊ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အုန်းနှင့်  ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဟိုတယ်နှင့်ခ ရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် တို့ကလည်းကောင်း၊  ''မီးရှူးမီးပန်းများ ပစ်ဖောက်ရေး ဆပ်ကော်မတီ''ဆိုင်ရာ ကိစ္စရပ်များကို စက်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး  ဗိုလ်ချုပ်သန့်ဇင်က လည်းကောင်း၊ ''လုံခြုံရေး ဆပ်ကော်မတီ'' ဆိုင်ရာကိစ္စရပ်များကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ တပ်ဖွဲ့ခွဲမှူး  ဒုတိယ ရဲမှူးကြီးသိန်းဦးတို့က လည်းကောင်း၊ ''ပြန်ကြားရေး ဆပ်ကော်မတီ'' ဆိုင်ရာ ကိစ္စရပ်များ ကို ပြန်ကြားရေး ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်နှင့် အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဝင်းမောင်တို့က လည်းကောင်း၊ ''နိုင်ငံတော် သမ္မတ၏ လွတ်လပ်ရေးနေ့ သဝဏ်လွှာပြုစုရေး ဆပ်ကော်မတီ'' ဆိုင်ရာ ကိစ္စရပ်များကို ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း ကလည်းကောင်း၊ ''ကျန်းမာရေး ဆပ်ကော်မတီ'' ဆိုင်ရာ ကိစ္စရပ်များကို ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ကုသရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဒေါ်သီတာလှက လည်းကောင်း၊ ''အားကစား ပြိုင်ပွဲများ ကျင်းပရေး ဆပ်ကော်မတီ''ဆိုင်ရာ ကိစ္စရပ်များကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က လည်းကောင်း၊ ''စာရင်းစစ်ဆေးရေး ဆပ်ကော် မတီ'' ဆိုင်ရာကိစ္စရပ်များကို  ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး  အမြဲတမ်းအတွင်းဝန် ဒေါ်နိုင်သက်ဦးက  လည်းကောင်း သက်ဆိုင် ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြ သည်။

ထို့နောက် ၂ဝ၂ဝ ပြည့်နှစ် (၇၂ )နှစ် မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟို ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ဆပ်ကော်မတီများ အလိုက် ရှင်းလင်း တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

(သတင်းစဉ်)

Read 160 times Last modified on Friday, 08 November 2019 09:19