SJ WorldNews - шаблон joomla Авто

KBZ Bank Cup U-13 အမျိုးသမီးပြိုင်ပွဲ ရှမ်းပြည်နယ်(တောင်ပိုင်း)အသင်း ဗိုလ်စွဲ

Friday, 19 January 2018 09:04 font size decrease font size decrease font size increase font size increase font size

ရန်ကုန်    ဇန်နဝါရီ    ၁၈

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့်   ပညာရေး ဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ အမျိုးသမီးလိဂ် ကော်မတီနှင့်  KBZ Bank တို့၏  အဓိက ပံ့ပိုးကူညီမှုဖြင့်ကျင်းပသည့်  KBZ Bank Cup U-13 Girls Tournament 2018 (States & Regions)  ပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ညနေ ၄ နာရီတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏမြက်ခင်းတု ကွင်း၌ ကျင်းပရာ   ရှမ်းပြည်နယ် (တောင်ပိုင်း)အသင်းက   မကွေးတိုင်းဒေသကြီး အသင်းကို ၃ ဂိုး-၂ ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသည်။

ချန်ပီယံဆုအတွက် နှစ်သင်းစလုံး အကြိတ်အနယ်ယှဉ်ပြိုင် ကစားခဲ့သော်လည်း   ရှမ်းပြည်နယ် (တောင်ပိုင်း) အသင်းက ပြိုင်ပွဲတစ်လျှောက် ရှုံးပွဲမရှိခဲ့သည့်အသင်းပီပီ ဦးဆောင်ဂိုးများ သုံးကြိမ်တိုင်သွင်းယူကာ အနိုင်ရဗိုလ်စွဲ ခဲ့ခြင်းဖြစ်သည်။  

ဗိုလ်လုပွဲအပြီးတွင်  ဆုချီးမြှင့်ပွဲကို ဆက်လက် ကျင်းပရာ သွင်းဂိုး ၁၄ ဂိုးဖြင့် ဂိုးသွင်း အများဆုံးဆု ရရှိသည့် တနင်္သာရီ တိုင်းဒေသကြီး အသင်းမှ သွယ်သွယ်စိုးနှင့် ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမားဆုရ မကွေးတိုင်း ဒေသကြီးအသင်းမှ ဇင်မိုးပြည့် တို့ကို ဆုတံဆိပ်နှင့် ဆုကြေးငွေ ကျပ်တစ်သိန်း၊ ပူးတွဲ တတိယဆု ရရှိသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) အသင်းနှင့် တနင်္သာရီတိုင်း ဒေသကြီးအသင်းတို့အား ဆုတံဆိပ်နှင့် ဆုကြေးငွေ ကျပ်ငါးသိန်းစီ၊ ဒုတိယ ဆုရရှိသည့် မကွေးတိုင်း ဒေသကြီး အသင်းအား ဆုတံဆိပ်နှင့် ဆုကြေးငွေ ကျပ် ၁ဝ သိန်း၊ ပထမဆု ရရှိသည့် ရှမ်းပြည်နယ်(တောင်ပိုင်း)အသင်း အား တစ်ဦးချင်း ဆုတံဆိပ်၊ ဆုကြေးငွေ ကျပ် ၁၅ သိန်းနှင့် ချန်ပီယံဆုဖလားတို့အား မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ  ဦးဇော်ဇော်၊  ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင် မောင်ထွန်းနှင့် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အမျိုးသမီးလိဂ် ကော်မတီ ဥက္ကဋ္ဌ ဦးလှဌေး၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် အမျိုးသမီး ဘောလုံး ကော်မတီဥက္ကဋ္ဌ ဒေါ်ခင်စံ ပယ်ကြည်နှင့် တာဝန်ရှိသူများက ဆုများ ပေးအပ်ကြသည်။

KBZ Bank Cup U-13 Girls Tournament 2018  ပြိုင်ပွဲကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၆ ရက် မှ ၁၈ ရက်အထိ တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီးမှ အသင်း ၁၇ သင်းဖြင့် ကျင်းပခဲ့ပြီး တနင်္သာရီတိုင်း ဒေသကြီး အသင်းနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) အသင်းတို့က ပူးတွဲ တတိယ၊ မကွေးတိုင်း ဒေသကြီးအသင်းက ဒုတိယနှင့် ရှမ်းပြည် နယ် (တောင်ပိုင်း) အသင်းက ချန်ပီယံဆု အသီးသီး ရရှိခဲ့ကြသည်။

Read 1454 times Last modified on Friday, 19 January 2018 09:04