SJ WorldNews - шаблон joomla Авто

အောင်ပန်းမြို့၊ တပ်မတော်ဆေးရုံတွင် နှလုံးဆေးကုသဆောင်ဖွင့်လှစ်၊ တပ်မတော်သား များအတွက် သာမက ဒေသခံပြည်သူများအတွက်ပါ အကျိုးရှိ

Monday, 02 December 2019 23:21 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဒီဇင်ဘာ - ၂

ကျန်းမာခြင်းသည် လာဘ်တစ်ပါးဖြစ်ပြီး သက်ရှည်ကျန်းမာသည့်ဘ၀ကို ပိုင်ဆိုင်ရန် လူတိုင်း ဆန္ဒရှိကြကြောင်း၊ ကျန်းမာရေးကောင်းမွန်မှသာ လူမှုရေး၊ စီးပွားရေး၊ စားဝတ်နေရေး၊ ပညာရေး စသည်တို့ကိုအောင်မြင် စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တပ်မတော် ဆေးတပ်ဖွဲ့ဝင်များ အနေဖြင့် တပ်မတော်သား မိသားစုများကိုသာမက တိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကိုပါ အောင်မြင် စွာ ဆောင်ရွက် ပေးလျက်ရှိသည့်အတွက် ၀မ်းသာဂုဏ်ယူ အသိအမှတ်ပြုပါကြောင်းနှင့် ဆက်လက်၍လည်း အစဉ်အလာကောင်းများကို လက်ဆင့်ကမ်း ထိန်းသိမ်းသွားကြစေလိုကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံ၊ နှလုံးဆေးကုသဆောင်ဖွင့်ပွဲ အခမ်းအနားတွင် အမှာ စကား ပြောကြားရာ၌ထည့်သွင်း ပြောကြားသည်။

အဆိုပါ နှလုံးဆေးကုသဆောင် ဖွင့်ပွဲအခမ်းအနားသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဆေးရုံအုပ်ကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ရှိ စစ်ဘက်၊ အရပ်ဘက် ဆေးရုံအသီးသီး မှ ဆေးရုံအုပ်ကြီးများ၊ နှလုံးရောဂါအထူးကု ဆရာဝန်ကြီးများ၊ ပါရဂူကြီးများ၊ အောင်ပန်းမြို့ ရပ်မိရပ်ဖများနှင့် ဆေးပညာကို စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အဆိုပါဆေးရုံရှိ  နှလုံးဆေး ကုသဆောင်ဖွင့်ပွဲ ပြုလုပ်မည့်နေရာသို့ရောက်ရှိကြရာ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဆေးရုံအုပ်ကြီး၊ ဆရာဝန်ကြီးများနှင့် ပါရဂူကြီးများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နှလုံးဆေးကုသမှုဌာန ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ဆေးကုမ္ပဏီများမှ ခင်းကျင်းပြသ ထားသော ဆေးနှင့်ဆေးပစ္စည်း များကို လှည့်လည်ကြည့်ရှု လေ့လာကြသည်။ယင်းနောက် နှလုံးဆေးကုသမှု ဌာနရှိ အစည်းအဝေးခန်းမတွင် ဆေးရုံအုပ်ကြီးက ဆေးကုသမှု ဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ကျန်းမာရေး ဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင် လူတိုင်း၏ဆန္ဒသည် သက်ရှည်ကျန်းမာလိုခြင်းပင် ဖြစ်ကြောင်း၊ တပ်မတော်သားများ အနေဖြင့် ကျန်းမာကြံ့ခိုင်မှု ပြည့်ဝနေရမည်ဖြစ်ပြီး ကျန်းမာရေး ကောင်းမွန်မှသာလျှင် စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ချိန်၌ ပင်ပန်းဆင်းရဲမှုများကို ရင်ဆိုင်နိုင်မည်ဖြစ်ကြောင်း၊ ကျန်းမာရေး ကောင်းမွန်ရန်အတွက် နေထိုင်စားသောက်မှု အပိုင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု အပိုင်းဟူ၍ ရှိကြောင်း၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်၊ ကျန်းမာမှ ပညာကောင်းစွာ သင်ကြားနိုင်မည် ဖြစ်သည့်အတွက် လူတိုင်းအတွက် အရေးအကြီးဆုံးဖြစ်သည့် ကျန်းမာရေးကို တပ်မတော်မှ တွန်းတွန်းတိုက်တိုက်ဖြင့် အားထည့်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကျန်းမာရေး ကောင်းမွန်မှုမရှိပါက ပထမအနေဖြင့် မိမိကိုယ်တိုင် ခံစားရမည်ဖြစ်ပြီး မိမိ၏ ဘေးပတ်ဝန်းကျင် မိသားစုဆွေမျိုးများမှလည်း ကြည့်ရှုစောင့်ရှောက်ရသဖြင့် လုပ်အားဆုံးရှုံးရကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြောကြားရာတွင် နှလုံးရောဂါသည် ကမ္ဘာမှာသာမက မြန်မာနိုင်ငံတွင်လည်း အဖြစ်အများဆုံး ရောဂါတစ်ခုဖြစ်ပြီး နှလုံးသွေးကြောကျဉ်းရောဂါသည် သေဆုံးမှုနှုန်း မြင့်မားသော ရောဂါတစ်ခုဖြစ်ကြောင်း၊ ယခုကဲ့သို့ အောင်ပန်းမြို့ တပ်မတော်ဆေးရုံ၌ နှလုံးသွေးကြော စမ်းသပ်ကုသသည့် စက်ကိရိယာများ တပ်ဆင်နိုင်ခဲ့သည့်အတွက် တပ်မတော်နှင့်ဒေသရှိ နှလုံးရောဂါ ဝေဒနာများကို အချိန်နှင့်တစ်ပြေးညီ ကုသပေးနိုင်မည် ဖြစ်ကြောင်း၊ နှလုံးရောဂါသည် အချိန်တိုအတွင်း အသက်အန္တရာယ် ထိခိုက်စေနိုင်သည့် အတွက် အချိန်သည် အရေးကြီးပြီး အချိန်မီ ကုသနိုင်ရန် အရေးကြီးကြောင်း၊ တတ်ကျွမ်းသည့်ပညာရှင်များ၊ ဆေးဝါးစက်ကိရိယာ ပစ္စည်းများ မရှိခြင်းကြောင့် အချိန်မီ ဆေးဝါးကုသမှု မခံယူနိုင်ဘဲ အသက်ဆုံးရှုံးခဲ့ရသည့် နှလုံးရောဂါ ဝေဒနာရှင်များကို တွေ့မြင်ခဲ့ရကြောင်း၊ ဆေးဝါး ကုသမှုပညာ ရပ်တွင် ခေတ်မီစက် ကိရိယာများနှင့် ပညာရပ်ပိုင်းကျွမ်းကျင်သည့် ဆရာဝန်ကြီးများ ပေါင်းစပ်လုပ်ကိုင်ရမည် ဖြစ်ကြောင်း၊ စက်ကိရိယာ ပစ္စည်းများ တပ်ဆင်ရုံ၊ ဆေးရုံများ တိုးချဲ့ဆောက်လုပ်ပေးရုံဖြင့်မရဘဲ အကျိုးရှိစွာ အသုံးချနိုင်ရန်လိုအပ်ကြောင်း၊ တပ်မတော်တွင် ဆေးပညာရပ်နှင့် ပတ်သက်၍ ကျွမ်းကျင်သည့်ပညာရှင်များ ပေါ်ထွက်လာရေးအတွက် လူသားအရင်းအမြစ်များကို မွေးထုတ်ပေးခဲ့ရကြောင်း၊ စက်ကိရိယာများကို ငွေကြေးဖြင့် ၀ယ်ယူရနိုင်သော်လည်း လူသားအရင်းအမြစ်များကိုမှု အချိန်အတိုင်းအတာတစ်ခုအထိ အရင်းအနှီးများစွာဖြင့် မွေးထုတ်ရခြင်းဖြစ်ကြောင်း၊ ယခင်က ပြင်ပဆေးတက္ကသိုလ်မှ ဘွဲ့ရ ဆရာဝန်များအား စစ်ဘက်ဆရာဝန်အဖြစ် ခန့်အပ်တာဝန်ပေးအပ်ခဲ့ပြီး နောက်ပိုင်းတွင် တပ်မတော် ဆေးတက္ကသိုလ် ဖွင့်လှစ်၍ ဆေးပညာရပ်ဆိုင်ရာများကို သင်ကြားကာ လူသားအရင်းအမြစ်များ မွေးထုတ်ပေးခဲ့ကြောင်း၊ လက်ရှိအချိန်အထိ တပ်မတော်ဆေးတက္ကသိုလ် မှ ဆေးဘက်ဆိုင်ရာ ပညာရှင် ၄၇၀၀ ဦးခန့်နှင့် သွားဘက်ဆိုင်ရာ ပညာရှင် ၆၀ ကျော်ကို မွေးထုတ်ပေးနိုင်ခဲ့ပြီး မဟာဘွဲ့ ရရှိသူ ၁၆၀၀ ခန့်၊ ပါရဂူဘွဲ့ရရှိသူ ၂၀၀ ခန့်ဖြစ်ကာ တပ်မတော် ဆေးဘက်ဆိုင်ရာကဏ္ဍ အသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း၊ နိုင်ငံတကာသို့ စေလွှတ်၍လည်း ဆေးပညာရပ် များသင်ယူစေခြင်း၊ ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲများ၊ ညီလာခံများ တက်ရောက်စေခြင်း၊ မိမိနိုင်ငံသို့ ဖိတ်ခေါ်ပြုလုပ်ခြင်း များ ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိအချိန်အထိ ပြည်ပနိုင်ငံများတွင် ဆေးပညာရပ်ဆိုင်ရာ သင်တန်းတက်ရောက်ခဲ့ပြီး ဘွဲ့ရရှိမှုအနေဖြင့် ပါရဂူဘွဲ့ ၁၅ ဦး၊ မဟာဘွဲ့ ၃၁ ဦး၊ ဒီပလိုမာဘွဲ့ ၁၂၅ ဦးနှင့် အောင်လက်မှတ်ရရှိသူ ၂၄၀ ဦး အပါအ၀င် စုစုပေါင်း ဦးရေ ၄၀၀ ကျော်အား မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ မိမိထက် ၀ါရင့်ပညာရှင်များ၏ လက်တွဲသင်ယူမှု၊ လေ့ကျင့်မှုများဖြင့် အများပြည်သူများကို ဆေးဝါးကုသရာတွင် ထိရောက်စွာ ဆောင်ရွက်သွားရန် ရှင်းလင်း ပြောကြားသည်။

ထို့အပြင် တပ်မတော်အနေဖြင့် ၂၀၁၂ ခုနှစ်မှစ၍ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ရွေ့လျားခွဲစိတ်ကုသယာဉ်များ ပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့များ ဖွဲ့စည်း စေလွှတ်ကာ ဝေးလံခေါင်းပါးသော ဒေသ များသို့ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ဒေသခံပြည်သူများမှလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပြီး ကျန်းမာရေး စောင့်ရှောက်ပေးမှုများ အတွက် ကျေးဇူးတင်လျက်ရှိကြကြောင်း၊ ကျန်းမာရေးအတွက်  လေရှု လမ်းလျှောက် ရေများများသောက် ဟူသောစကားရပ်နှင့် အချို အငန် အဆီ လျှော့စား ဟူသောစကားရပ်တို့နှင့်အညီ လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မိမိ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် အရက်၊ ဆေးလိပ်၊ ကွမ်း၊ အချိုမှုန့်၊ အရောင်တင်မှုန့်များကို ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း၊ ဆေးဝါးကုသမှုတွင် ကျန်းမာရေး ၀န်ထမ်းများ၏ ပြုမူဆက်ဆံမှုသည် အရေးကြီးပြီး ပြုံးပြုံးရွှင်ရွှင်၊ နွေးထွေးကြင်နာစွာ ပြုမူဆက်ဆံခြင်းဖြင့် လူနာ၏ ရောဂါ သက်သာမှုကို ဖြစ်စေနိုင်ကြောင်း၊ ပင်ကိုယ်မကျန်းမာသူကို ပြုမူဆက်ဆံမှု မကောင်းပါက ရောဂါပိုမို ဆိုးရွားစေနိုင်ပြီး စိတ်အားငယ်မှုကို ဖြစ်စေနိုင်ကြောင်း၊ ဆေးတပ်ဖွဲ့ဝင်များအနေဖြင့် တပ်မတော်သား မိသားစုများကိုသာမက တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကိုပါ အောင်မြင်စွာ ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် ၀မ်းသာဂုဏ်ယူ အသိအမှတ်ပြုပါကြောင်း၊ ဆေးပညာသည် ခက်ခဲသည့် ပညာရပ် တစ်ခု ဖြစ်သည့်အတွက် စနစ်တကျဖြင့် သင်ကြား ရမည်ဖြစ်ပြီး သင်ယူသူကလည်း စိတ်ပါဝင်စားစွာဖြင့် တတ်မြောက်အောင် သင်ယူ ရမည်ဖြစ်ကြောင်း၊ ဆရာဝန်သည် မှား၍မရသဖြင့်  စေ့စပ်သေချာစွာ ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်းနှင့် ကောင်းမွန်သည့် အစဉ်အလာများအား လက်ဆင့်ကမ်း ဆက်လက် ထိန်းသိမ်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် နှလုံးဆေးကုသမှု ဌာနအား လှည့်လည်ကြည့်ရှုကြပြီး နှလုံးရောဂါဆိုင်ရာ ဆေးဝါးကုသမှု ခံယူလျက်ရှိသည့် လူနာများအား တစ်ဦးချင်း ရင်းရင်းနှီးနှီး မေးမြန်း အားပေးစကား ပြောကြားကာ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။ ယင်းနောက် ဓာတ်ရောင်ခြည် ကုသမှုဆောင်နှင့် ကင်ဆာရောဂါခွဲစိတ် ကုသဆောင် ဆောက်လုပ်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

Read 53 times Last modified on Monday, 02 December 2019 23:26