SJ WorldNews - шаблон joomla Авто

ဖိလစ်ပိုင် ဆီးဂိမ်းတွင် မြန်မာ အမျိုးသား ယူ-၂၂ အသင်းနှင့် အမျိုးသမီးအသင်းတို့ ဆီမီးဖိုင်နယ် တက်ရောက်

Tuesday, 03 December 2019 10:05 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဒီဇင်ဘာ 

ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု စတုတပွဲတွင်  မြန်မာ ယူ-၂၂ ဘောလုံးအသင်းသည် ကမောဒီးယား အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရပြီး   ရှုံးပွဲမရှိ ရမှတ် ၁၀မှတ် အုပ်စုပထမဖြင့်  အကြိုဗိုလ်လုပွဲ အဆင့်သို့   အစောဆုံး တက်ရောက် နိုင်ခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ  ဘီနင်မြို့ရှိ  ဘီနင်အား ကစားကွင်း၌ ဒီဇင်ဘာ ၂ ရက်တွင်ယှဉ်ပြိုင်သည့် အုပ်စုစတုတပွဲတွင် မြန်မာ အသင်းနှင့် ကမောဒီးယား အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့သည်။ ပွဲအစ ၂၁ မိနစ်တွင် မြန်မာ ဂိုးသမား ဆန်းဆက် နိုင်၏ အားနည်းချက် မှတစ်ဆင့်   ကမောဒီးယားအသင်းက အဖွင့်ဂိုးစတင်ရရှိခဲ့သည်။ မြန်မာအသင်းက ချက်ချင်း ဆိုသလို တိုက်စစ်ပြန်လည်မြှင့်တင်ခဲ့ပြီး ၂၇ မိနစ်တွင် မြတ်ကောင်းခန့်၏ ပေးပို့မှုမှတစ်ဆင့် လွင်မိုးအောင်က ချေပဂိုး ပြန်လည်သွင်းယူခဲ့သဖြင့်   ပထမပိုင်း၌ တစ်ဂိုးစီ သရေကျခဲ့သည်။

ဒုတိယပိုင်းတွင်  နှစ်သင်းလုံးခံစစ်ကို ထိန်းကစား နေခဲ့ပြီး   ကွင်းလယ်၌သာ ဘောလုံးအပျက်များခဲ့သည်။  မိနစ် ၇၀ ကျော်တွင် မြန်မာအသင်းက တိုက်စစ်မှူး အောင်ကောင်းမာန်၊   ၀င်းနိုင်ထွန်းတို့ကို ထည့်သွင်း၍ တိုက်စစ်မြှင့်တင်ခဲ့ သည်။ ပွဲပြီးခါနီး ၈၇ မိနစ်တွင် အောင်ကောင်းမာန်၏ ကန်သွင်းမှုကို ကမောဒီးယားဂိုးသမားပုတ် ထုတ်မှု အားနည်းချက်ကြောင့်   အဖိုးတန် အနိုင်ဂိုး ရရှိခဲ့ကာ  မြန်မာအသင်း ဆီးဂိမ်း အကြိုဗိုလ်လုပွဲသို့ လွတ်လွတ် ကျွတ်ကျွတ် တက်ရောက်နိုင်ခဲ့သည်။

၂၀၁၉ အာရှ ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာအသင်းသည် ကမောဒီးယားကို ၂ ဂိုဂိုးမရှိဖြင့် ရှုံးနိမ့် ခဲ့သော်လည်း ယခု တစ်ကြိမ် တွေ့ဆုံမှု၌    မြန်မာအသင်းက ရှုံးကြွေး ပြန်ဆပ်နိုင်ခဲ့သည်။

မြန်မာအသင်းသည် ယင်းပွဲတွင် သရေတစ်မှတ်ရရှိရုံဖြင့်   အကြိုဗိုလ်လုပွဲတက်ရောက်နိုင်မည်ဖြစ်သော်လည်း အနိုင် သုံးမှတ် ရရှိခဲ့သဖြင့် အုပ်စုပထမဖြင့် တက်ရောက်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ဆီးဂိမ်း ပြိုင်ပွဲနောက်ဆုံး သုံးကြိမ်ဆက်တိုက် အကြို ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းသည် အုပ်စုပွဲစဉ်လေးပွဲတွင် သုံးပွဲနိုင် တစ်ပွဲသရေ ရှုံးပွဲမရှိရလဒ်ဖြင့် ရမှတ် ၁၀မှတ် ရရှိကာ အုပ်စု အမှတ်ပေး ဇယားထိပ်ဆုံး၌ ဦးဆောင်နေသည်။ အုပ်စုတွင်း အခြားပွဲစဉ်တွင် မလေးရှားက တီမောအသင်းကို လေးဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင် ရပြီး အုပ်စုတတိယနေရာသို့ တက်လှမ်းနိုင်ခဲ့သည်။

မြန်မာအသင်းသည် အကြိုဗိုလ်လုပွဲတွင် တစ်ဖက် အုပ်စု (ခ) မှ ဒုတိယရသည့် အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ထိုင်း  သို့မဟုတ် အင်ဒိုနီးရှား အသင်းနှင့် တွေ့ဆုံ နိုင်ဖွယ်ရှိသည်။

ဆီးဂိမ်း အမျိုးသား ဘောလုံးပြိုင်ပွဲအုပ်စု (က)နောက်ဆုံးပွဲစဉ်များကို  ဒီဇင်ဘာ ၄ရက်တွင် ကျင်းပမည်ဖြစ်ပြီး ကမော ဒီးယား နှင့် မလေးရှား၊ တီမောနှင့် ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။

အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ် အဖြစ် ယနေ့ နေ့လယ်ပိုင်းတွင် မြန်မာအသင်းနှင့် မလေးရှား အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာ အသင်းက ၅ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

မြန်မာအသင်းအနေဖြင့် သရေကစားရုံနှင့် ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက် နိုင်သော်လည်း ယနေ့ပြိုင်ပွဲတွင် လူစုံထုတ် ကစားသွားခဲ့ပြီး ပွဲစသည်နှင့် မလေးရှား အသင်းဘက်ကို ဂိုးသွင်းနိုင်ရန် အားထုတ် ခဲ့ရသည်။ ပွဲချိန်မိနစ် ၂၀ တွင် မြန်မာ အသင်းအတွက် အဖွင့်ဂိုးကို ရီရီဦးက စတင် သွင်းယူခဲ့ပြီး ဆက်တိုက် ဖိအားပေးကစား ခဲ့ကာ ၃၁ မိနစ်တွင် ရီရီဦးက နောက်တစ်ဂိုး ထပ်မံသွင်းယူခဲ့သည်။ မြန်မာအသင်းအနေ ဖြင့် ဒုတိယပိုင်းတွင်လည်း ဖိအားပေးကစား ခဲ့ပြီး ၄၉ မိနစ်တွင် အသင်းခေါင်းဆောင် ခင်မာလာထွန်းက တတိယမြောက်ဂိုး သွင်းယူပေးနိုင်ခဲ့သည်။ ၇၇ မိနစ်တွင် ရီရီဦးက စတုတ္ထဂိုး ဆက်လက်သွင်းယူပေးခဲ့သည်။

မြန်မာအသင်းကို ဂိုးထပ်မပေးရန်သာ အာရုံစိုက် ကစားခဲ့ပြီး ပြိုင်ပွဲပြီးဆုံးခါနီးတွင် ဂျူလိုင်ကျော်က မြန်မာအသင်း အတွက် နောက်တစ်ဂိုး ထပ်မံသွင်းခဲ့သည်။

မြန်မာအသင်း အနေဖြင့် အုပ်စုအဖွင့် ပွဲစဉ်တွင်   ဖိလစ်ပိုင် အသင်းနှင့် ဂိုးမရှိ သရေကျခဲ့ပြီး ဖိလစ်ပိုင် အသင်းကလည်း မလေးရှား အသင်းကို ၅ ဂိုး ဂိုးမရှိနှင့် အနိုင်ရ ခဲ့သောကြောင့် မြန်မာအသင်းနှင့် ဖိလစ် ပိုင်အသင်းတို့ အုပ်စုတွင်း ရမှတ်တူ လေးမှတ်၊ရဂိုး ငါးဂိုး၊ ပေးဂိုး ဂိုးမရှိ၊ ဂိုးကွာခြားချက် (+5) တူညီခဲ့ကြသည့် အတွက် Fair  Play နှင့် ဆုံးဖြတ် ရာတွင် မြန်မာအသင်းက  အုပ်စု ပထမရရှိခဲ့ပြီး ဖိလစ်ပိုင် အသင်းက အုပ်စု ဒုတိယနှင့် အကြို ဗိုလ်လုပွဲ တက် ရောက် နိုင်ခဲ့ခြင်း ဖြစ်သည်။

အုပ်စု (က)တွင် ထိုင်းအသင်းက အင်ဒိုနီးရှား အသင်းကို ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သောကြောင့် အုပ်စု (က)တွင် ဗီယက် နမ် အသင်းက အုပ်စု ပထမ၊ ထိုင်းအသင်းက အုပ်စု ဒုတိယနှင့် အကြို ဗိုလ်လုပွဲတက် ရောက်နိုင်ခဲ့သည်။ အကြို ဗိုလ်လုပွဲစဉ် အဖြစ် မြန်မာအသင်းနှင့် ထိုင်းအသင်း၊ ဗီယက်နမ် အသင်းနှင့် ဖိလစ်ပိုင် အသင်းတို့ နိုဝင်ဘာ ၅ရက် တွင် ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်လွင်၊ ရွှေဘုတ်

Read 62 times Last modified on Tuesday, 03 December 2019 10:07