SJ WorldNews - шаблон joomla Авто

ငွေကြေး ခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေး ဆွေးနွေးပွဲ ကျင်းပ

Thursday, 12 December 2019 09:31 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဒီဇင်ဘာ   ၁၁

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို  ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ   Park  Royal  Hotel ၌ကျင်းပရာ  ငွေကြေးခဝါချမှုနှင့်   အကြမ်းဖက်မှုကို  ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

ဆွေးနွေးပွဲသို့    ဦးဆောင်ကော်မတီ  ဒုတိယဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး     ဒုတိယ ဗိုလ်ချုပ် ကြီး ကျော်ဆွေ၊   ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်း၊ ရင်းနှီးမြှုပ်နှံ မှုနှင့်  နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်း၊  ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ် အောင်သူ နှင့် ဒေါက်တာဆက်အောင်၊ မြန်မာနိုင်ငံ တော်ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးစိုးသိန်း၊ လွှတ်တော် ကိုယ်စား လှယ်များ၊ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H.E. Mr. Ichiro  MARUYAMA  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်၊ ညွှန်ကြားရေး မှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သံရုံးများမှ သံတမန်များ၊ ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိ သူများ၊ ပုဂ္ဂလိက အသင်းအဖွဲ့များမှ   ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင်  ဒုတိယ သမ္မတကယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားသည် ငွေကြေးကဏ္ဍတည်ငြိမ်မှု၊ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှုနှင့် ငွေကြေးဖောင်းပွမှု လျော့နည်းကျဆင်းစေရန်အတွက် ဦးစားပေးဆောင်ရွက် ရမည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး ( AML/ CFT )ဦးဆောင် ကော်မတီ၏   ပထမ ဆုံး ဆွေးနွေးပွဲဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ စီးပွားဖွံ့ဖြိုးတိုးတက် ရန်အတွက် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုများ လျော့နည်း ကင်းစင်အောင် စီးပွားရေး အသိုက်အဝန်း တစ်ရပ်လုံးတွင် ဆက်စပ်ပါဝင်သည့် ဌာနများ၊ အဖွဲ့ အစည်းများက ယခုကဲ့သို့ စုစည်းပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ရန် အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အတွက် အလိုအပ်ဆုံးနှင့် အရေးကြီးဆုံး ဆွေးနွေးပွဲလည်းဖြစ်ကြောင်း။

မြန်မာနိုင်ငံအစိုးရ အဆက်ဆက်ကလည်း တစ်ကမ္ဘာလုံးက ပြစ်မှုအဖြစ် သတ်မှတ်ထားသည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုအား ပြစ်မှုတစ်ရပ်အဖြစ် သတ်မှတ်ပြီး ပြတ်ပြတ်သားသား ကိုင်တွယ် ဆောင်ရွက် ခဲ့ကြောင်း၊ ယင်းကို အရှိန်အဟုန် တိုးမြှင့်သည့်အနေဖြင့် ၂ဝ၁၉ခုနှစ် အောက်တိုဘာ ၂၃ရက်တွင်  မိမိဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီနှင့် စီမံကိန်း၊ ဘဏ္ဍာရေး နှင့်စက်မှုဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဒေါက်တာ ဆက်အောင်  ဦးဆောင်သည့် လုပ်ငန်းကော်မတီ တို့ကို ဖွဲ့စည်းခဲ့ကြောင်း၊ ငွေကြေးခဝါချမှုနှင့်  အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး လုပ်ငန်း များသည် နိုင်ငံတော်က ချမှတ်ထားသည့် ''မြန်မာနိုင်ငံ၏  ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း   (MSDP) ''  ရည်မှန်းချက်တစ်ရပ်ဖြစ် သည့်အတွက် မဖြစ်မနေ အကောင်အထည် ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို  ငွေကြေးထောက်ပံ့မှုများအား  အရေးယူဆောင်ရွက်ခဲ့ရာ ''၂ဝဝ၂ ခုနှစ် တရား မဝင် သော နည်းလမ်းဖြင့်ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများထိန်းချုပ်ရေးဥပဒေ''အရ အမှုပေါင်း ၂၁ မှု အရေးယူခဲ့ပြီး တရားမဝင် နည်းလမ်းဖြင့်ရရှိသည့် ငွေကြေးနှင့်ပစ္စည်း စုစုပေါင်း တန်ဖိုးကျပ်(၂၃၁၆၆ ဒသမ ၃၈)သန်းကို နိုင်ငံတော် ဘဏ္ဍာ အဖြစ် သိမ်းဆည်း  ခဲ့ကြောင်း၊ ''၂ဝ၁၄ ခုနှစ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ'' အရ ၂ဝ၁၄ ခုနှစ်မှ ယနေ့အထိ အမှုပေါင်း ၉၂ မှု စုံစမ်းစစ်ဆေးခဲ့ပြီး တရားစွဲတင်ခဲ့သည့်အမှုပေါင်း ၂၄ မှု၊တရားစွဲတင်ရန် ဆောင်ရွက်ဆဲ ၃၄ မှုနှင့် ပြစ်ဒဏ်ချမှတ် အရေးယူနိုင်မှု ၁ဝမှုရှိကြောင်း၊ စုစုပေါင်း တန်ဖိုးကျပ် ၆ဝ၃၁သန်းကို နိုင်ငံဘဏ္ဍာအဖြစ် သိမ်း ဆည်းနိုင်ပြီး ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး မှုခင်းများ အပါအဝငနိုင်ငံဖြတ်ကျော်မှုခင်းများက တရားမဝင် ရရှိသည့် ငွေကြေးများကို တရား ဝင်ငွေကြေးအဖြစ်ပြောင်းလဲပြီး မြန်မာနိုင်ငံ၏ ငွေကြေးစနစ်ထဲကို ဝင်ရောက်မလာ နိုင်အောင် တားဆီးကာကွယ်ရန်နှင့် တိုက် ဖျက်ရန်အတွက် ဌာနဆိုင်ရာ၊ ပုဂ္ဂလိကအဖွဲ့ အစည်းများအားလုံးနှင့်ပြည်သူများ ပူးပေါင်း

ပါဝင်ရန်လိုအပ်သလို နိုင်ငံဖြတ်ကျော်မှုခင်း များကိုတိုက်ဖျက်ရာတွင် အဓိက ရေသောက်မြစ်ဖြစ်သည့် ပြစ်မှုကျူးလွန်ရာ မှ ရရှိသော တရားမဝင်ငွေကြေး၊  ပစ္စည်းနှင့် အကျိုး အမြတ်များကိုဖော်ထုတ် အရေးယူပြီး နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရန် အဓိက ကျကြောင်း။

နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုများ အနေဖြင့် မြန်မာနိုင်ငံသည် ၂ဝဝ၆ ခုနှစ်တွင် အာရှ- ပစိဖိတ်ဒေသ ငွေကြေး ခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ (Asia-Pacific Group on Money Laundering - APG ) တွင် အဖွဲ့ဝင်နိုင်ငံ အဖြစ် ဝင်ရောက်ခဲ့ကြောင်း၊ APG ၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည် နှင့်အညီ ငွေကြေးဆိုင်ရာ အရေးယူ ဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force FATF) ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး ဆိုင်ရာ အကြံပြုချက်စံနှုန်းအချက် ၄ဝချက်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အစဉ်အဆက်ကြိုးစား ခဲ့ကြောင်း၊

သတင်းအချက်အလက်များ ဖလှယ်နိုင်ရန်နှင့်   ပူးပေါင်းဆောင်ရွက်နိုင်ရန် အတွက် နိုင်ငံပေါင်း ၁၅ နိုင်ငံနှင့်လည်း နားလည်မှု စာချွန်လွှာများ ရေးထိုးပြီး ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ APG ၏ အဖွဲ့ဝင်နိုင်ငံ အချင်းချင်း အပြန် အလှန် အကဲဖြတ်မှု (Mutual Evaluation- ME) ကို ၂ဝဝ၇ - ၂ဝဝ၈ ခုနှစ်တွင် တစ်ကြိမ်၊ ၂ဝ၁၇-၂ဝ၁၈ ခုနှစ်တွင် တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် အကဲဖြတ်ခံခဲ့ပြီး ဒုတိယအကြိမ် APG က ''အပြန်အလှန် အကဲဖြတ်ချက် အစီရင်ခံစာ'' (Mutual  Evaluation  Report - MER) ကို  ၂ဝ၁၈  ခုနှစ်တွင် ထုတ်ပြန်ခဲ့ကြောင်း၊ အစီရင်ခံ စာပါ အဓိက တွေ့ရှိ ချက်များနှင့် ဆောင်ရွက်ရန် အကြံပြုချက်များကို အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်ရန် သန္နိဋ္ဌာန် ချမှတ်ပြီး   ဆောင်ရွက် လျက်ရှိကြောင်း။

''ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ခြင်း အမျိုးသားအဆင့် အန္တရာယ်အကဲဖြတ်ရေး အစီရင်ခံစာ'' တွင် မြန်မာနိုင်ငံအတွင်း၌   ငွေကြေးခဝါချမှု ခြိမ်းခြောက်မှုများ   မြင်သာထင်ရှားရှိနေ ကြောင်း တွေ့ရှိခဲ့ရသည့်အတွက် မူးယစ် ဆေးဝါးမှုခင်းများ အပါအဝင်   အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှု၊ သစ်နှင်ကျောက်မျက်ရတနာများ   တရား မဝင် ရောင်းဝယ်မှု၊ အခွန်တိမ်းရှောင်မှုများကို ရှာဖွေဖော်ထုတ်ပြီး လျော့နည်းကျဆင်းအောင်   ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ အစိုးရဌာနအဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့ အစည်းများအနေဖြင့် သက်ဆိုင်သည့်ကဏ္ဍ အသီးသီးမှ အဆိုပါ မှုခင်းများ လျော့နည်း ကျဆင်းအောင်တားမြစ်ပိတ်ဆို့ တိုက်ဖျက် သွားရမည်ဖြစ်ကြောင်း၊ အလားတူ သတင်းပို့  အဖွဲ့ အစည်းများ အနေဖြင့် AML/CFT ကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရန်အတွက် အကောင် အထည် ဖော် ဆောင်ရွက်ရေးအရာရှိများ   သတ်မှတ် ခန့်အပ်ပြီး   ဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း၊ ငွေကြေး ဆိုင်ရာ စုံစမ်း ထောက်လှမ်းရေး အဖွဲ့ကိုလည်း စွမ်းရည်ပြည့်ဝပြီး လုပ်ငန်းများကို လွတ်လပ်စွာဆောင်ရွက်နိုင်အောင် ဖွဲ့စည်းရမှာ ဖြစ်ကြောင်း၊ ငွေကြေး ဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့အနေဖြင့် သက်ဆိုင်ရာ သတင်းပို့ အဖွဲ့အစည်းများနှင့် တရား ဥပဒေ စိုးမိုးရေး အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်ပြီး AML/CFT မူဘောင်ကို ခိုင်မာအောင် တည်ဆောက် ရမည်ဖြစ်ကြောင်း။

နိုင်ငံတကာ စံနှုန်းများနှင့်အညီ ''အမျိုး သားအဆင့်မဟာဗျူဟာ'' ရေးဆွဲပြဋ္ဌာန်းပြီး လုပ်ငန်းအစီအမံများ    ချမှတ်ခဲ့ ကြောင်း၊  ၂ဝ၁၉ ခုနှစ်မှ ၂ဝ၂၃ ခုနှစ်အထိ ရေးဆွဲ ထားသည့် ''ငွေကြေးခဝါချမှုနှင့်အကြမ်း ဖက်မှုကို  ငွေကြေး ထောက် ပံ့မှု တိုက်ဖျက်ရေး မဟာဗျူဟာ'' ကို ယခု တက်ရောက် လာကြသည့် ဌာနဆိုင်ရာနှင့် ပုဂ္ဂိုလ်၊ အဖွဲ့ အစည်းများ အားလုံးက မိမိတို့ ကဏ္ဍအလိုက်၊ အစီအမံများချမှတ်ပြီး အပြည့်အဝအကောင် အထည်ဖော် ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားလိုကြောင်း။

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို  ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အနေဖြင့်  ''ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်များ၊ ညွှန်ကြားချက်များ ထုတ်ပြန်ခြင်းနှင့် ပြင်ဆင်ခြင်း၊ AML/CFT ဆိုင်ရာမူဝါဒများ ချမှတ်ခြင်း၊  ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်း ဆောင် ရွက်ခြင်း၊ မိမိတို့ ဌာနများအလိုက် ဆုံးရှုံးနိုင်ခြေအန္တရာယ်ကို   အချိန်အပိုင်း အခြားအလိုက်အကဲဖြတ်ခြင်း၊ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ခြင်း၊ ကြီးကြပ်ရေး အာဏာပိုင်များက ကဏ္ဍအလိုက် ကြီးကြပ် ကွပ်ကဲမှုတိုးမြှင့်ခြင်း၊    ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ချက်များကို ဖော်ဆောင်ခြင်း၊ ဥပဒေရေးရာပုဂ္ဂိုလ်နှင့် ဥပဒေရေးရာ စီစဉ် ဆောင်ရွက်မှုများကို အလေးထား စိစစ်ခြင်း၊ ငွေကြေး ခဝါချမှုနှင့် အကြမ်းဖက်မှုကို  ငွေကြေး ထောက်ပံ့မှုများအား  စုံစမ်း စစ်ဆေးခြင်း၊ နိုင်ငံ့ဘဏ္ဍာ သိမ်းဆည်းခြင်းနှင့် လူအများအပြား သေကြေပျက်စီးစေသော လက်နက်များ ပြန့်ပွားအောင် လုပ်ဆောင် နေမှုများကို ငွေကြေးထောက်ပံ့မှုအား တိုက်ဖျက်ခြင်း''  စသည့်အချက်များကို အရှိနအဟုန်ဖြင့်  တိုးမြှင့်ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ အဓိက အားဖြင့် မိမိတို့နိုင်ငံ၏ စီးပွားရေး အသိုက်အဝန်း လုံခြုံစေရန်နှင့် ပြစ်မှုကျူးလွန်ရာမှ ရရှိသော တရားမဝင် ငွေကြေး၊ ပစ္စည်းနှင့် အကျိုးအမြတ်များ လျော့နည်း ပပျောက် အောင် ဆောင်ရွက်ရန် ဖြစ်ကြောင်း။

နိုင်ငံတော်အစိုးရအဖွဲ့အနေဖြင့် Political Will အပြည့်အဝရှိပြီး ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့ မှု တိုက်ဖျက်ရေး ကဏ္ဍမြင့်မားရေးကို အပြည့်အဝ ဦးဆောင်ဆောင်ရွက်ရန် ဆုံးဖြတ်ချက် ချမှတ်ထားကြောင်း၊ မိမိတို့ နိုင်ငံသည် ငွေကြေးခဝါချမှုနှင့် အကြမ်း ဖက်မှုကို ငွေကြေးထောက်ပံ့မှုများ လျော့နည်း ကျဆင်းပြီး နိုင်ငံတကာ အဆင့်မီ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဝန်းကျင်များနှင့် တည်ဆောက်ထားသည်ကို ပြသရ မည်ဖြစ်ကြောင်း။

''ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို  ငွေကြေးထောက်ပံ့ခြင်း''များကို ထိထိရောက်ရောက် တိုက်ဖျက်ရန် နိုင်ငံတော် သမ္မတရုံးက ၂ဝ၁၉ခုနှစ်၊ နိုဝင်ဘာ ၁၄ရက်တွင် ဥပဒေဆိုင်ရာ အမိန့်တစ်ရပ်ကို ထုတ်ပြန်ခဲ့ ပြီးဖြစ်ကြောင်း၊  ယင်းအမိန့်တွင်  စုံစမ်း စစ်ဆေးမည့်  တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများကို    လုပ်ပိုင်ခွင့်များတိုးမြှင့် ပေးအပ်ထား သကဲ့သို့ ငွေကြေးဆိုင်ရာ စုံစမ်း ထောက်လှမ်းရေး အဖွဲ့ကိုလည်း လုပ်ငန်းပိုင်းဆိုင်ရာ လွတ်လပ်စွာဆောင်ရွက်ခွင့် များကို ပေးအပ် ထားကြောင်း၊ ကြီးကြပ်ရေးအာဏာ ပိုင်များကိုလည်း လိုအပ်သည့် စည်းမျဉ်းစည်းကမ်းများ၊   အန္တရာယ် အခြေပြုချဉ်းကပ်ဖြေရှင်းမှု နည်းလမ်းများ၊ မိမိတို့ကဏ္ဍနှင့် သက်ဆိုင်သည့် ဆုံးရှုံး နိုင်ခြေအန္တရာယ် အကဲဖြတ်မှုများ၊ ဆောင်ရွက်ရန်တာဝန်များ ခွဲဝေပေးထားသကဲ့သို့ ချမှတ် ထားသည့် စည်းမျဉ်းစည်းကမ်းများ ဖောက်ဖျက်လျှင်လည်း ထိရောက်သည့် စီမံခန့်ခွဲမှုဆိုင်ရာ အပြစ်ပေးမှုများလုပ်ရန်   အသေးစိတ် ရေးသားဖော်ပြထားကြောင်း၊ ''မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် ငွေကြေးခဝါချ မှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ခြင်း အန္တရာယ် အကဲဖြတ်ချက်အစီရင်ခံစာ'' နှင့် ''အဖွဲ့ဝင်နိုင်ငံအချင်းချင်း အပြန်အလှန် အကဲဖြတ်ရေး အစီရင်ခံစာ''ပါ အကြံပြုချက်များနှင့်အညီ ပြင်ဆင်ရေး ဆွဲထားသည့်  ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေအသစ် ကိုလည်း လွှတ်တော်ကိုတင်ပြပြီး အတည်ပြု ပြဋ္ဌာန်း နိုင်ရေး ဆောင်ရွက် နေပြီဖြစ်ကြောင်း။

ယနေ့ဆွေးနွေးပွဲသို့ တက်ရောက် လာကြသည့် ဌာန၊ အဖွဲ့အစည်းများအား '' AML/ CFT ဆိုင်ရာရှေ့လုပ်ငန်း စဉ်များ'' နှင့် ''အမျိုး သားအဆင့် မဟာဗျူဟာ''  တို့ကိုချပြပြီး  အပြန်အလှန်ဆွေးနွေးခြင်း၊ ပူးပေါင်းဆောင် ရွက်ခြင်းဖြင့် မိမိတို့ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန်အတွက်   လုံခြုံစိတ်ချရသည့် စီးပွားရေးရပ်ဝန်းဖြစ်စေရေး အားလုံးဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယ သမ္မတ ဦးမြင့်ဆွေသည် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများ နှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကာ ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်သည်။

ယင်းနောက် ဆွေးနွေးပွဲများကို အခမ်း အနားအစီအစဉ်အတိုင်း ဆက်လက်ကျင်းပရာ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက် မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ဆက်အောင်က ''ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး ဆောင်ရွက် ချက်များ'' ကိုလည်းကောင်း၊  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့  ရဲမှူးချုပ် ကျော်ဝင်းသိန်းက ''ဥပဒေ၊ ကြိုတင်ကာကွယ် မှုနှင့်ဘဏ်များ၊ အဖွဲ့အစည်းများ၏ ပူးပေါင်း ပါဝင်ဆောင်ရွက်သွားရမည့် အခြေအနေများ'' ကိုလည်း ကောင်း၊ International Monetary Fund (IMF) မှ Mr. Neil Saker က " The Consequences of  Greylisting and Next Steps  for  Myanmar'' ကို လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။

ဆက်လက်၍ '' The Consequences of  Greylisting and Next Steps  for  Myanmar ''ခေါင်းစဉ်ဖြင့် ဒုတိယဝန်ကြီး ဒေါက်တာ ဆက်အောင်က  ဦးဆောင်ဆွေးနွေးပြီး ရဲမှူးချုပ် ကျော်ဝင်းသိန်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ညွှန်ကြား ရေးမှူးချုပ် ဒေါ်သန်း သန်းဆွေ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ တွဲဖက် အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်နှင့် မြန်မာနိုင်ငံဘဏ်များ အသင်းမှ ဦးမျိုးညီညီတို့က သက်ဆိုင်ရာ ကဏ္ဍအလိုက် ပါဝင် ဆွေးနွေးကြသည်။

ယင်းနောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်းက နိဂုံးချုပ် အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်း ခဲ့ကြောင်း သိရသည်။

Read 141 times Last modified on Thursday, 12 December 2019 09:33