SJ WorldNews - шаблон joomla Авто

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)၌ ဒုတိယအကြိမ် တက်ရောက် ရှင်းလင်းပြောကြား

Saturday, 14 December 2019 11:18 font size decrease font size decrease font size increase font size increase font size

သည်ဟိတ်ဂ်   ဒီဇင်ဘာ    ၁၃
နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့တွင် ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်   ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီးနှင့်   နိုင်ငံတော်၏ ကိုယ်စားလှယ် အနေဖြင့် ယမန်နေ့ ဒေသစံတော်ချိန် ညနေ၄ နာရီခွဲတွင် အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ) ၌ပြုလုပ်သည့် မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက  တင်သွင်းသည့် ကိစ္စအပေါ် ဒုတိယအကြိမ် ရှင်းလင်းပြောကြားသည်။
နိုင်ငံတော်၏  အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ ကိုယ်စား နိဂုံးချုပ် လျှောက်လဲရာတွင် အပြည်ပြည်ဆိုင်ရာ တရားရုံးသို့ ဂမ်ဘီယာနိုင်ငံမှ တင်သွင်းထားသည့် အမှုကိစ္စအား ရုံးတော်စာရင်းမှ ပယ်ဖျက်ပေးရန် သို့မဟုတ် ဂမ်ဘီယာမှ တောင်းဆိုသည့် ကြားဖြတ်စီမံဆောင်ရွက်ချက်အား ပယ်ချရန် ရုံးတော်သို့ မေတ္တာရပ်ခံ ပြောကြားသည်။
နိုင်ငံတော်၏   အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က    ရှင်းလင်းပြောကြားရာတွင်-
““သဘာပတိကြီးနဲ့ တရားသူကြီးများရှင့် မြန်မာနိုင်ငံမှာ စစ်ဘက်ဆိုင်ရာ တရားစီရင်ရေး စနစ်ရှိတာဟာ အငြင်းပွားနေစရာ ကိစ္စတစ်ခု မဟုတ်ပါဘူး။ အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန်နိုင်ငံတို့မှာလည်း အလားတူ တရားစီရင်ရေးစနစ်များ ရှိကြတာပါပဲ။ မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေခံတဲ့ ဒီမိုကရေစီနဲ့   တရားဥပဒေ စိုးမိုးရေး ရှင်သန်ထွန်းကားဖို့ဆိုရင် မြန်မာနိုင်ငံရဲ့လက်ရှိ အခြေခံဥပဒေကို လျစ်လျူရှုဖို့ မကြိုးစားသင့်သလို လျစ်လျူရှုထားလို့လည်း မရပါဘူး။ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးတွေမှာတောင် ကြီးလေးတဲ့ နိုင်ငံတကာ ရာဇ၀တ်မှုတွေကို ရုံးတင် စစ်ဆေးစီရင်ဖို့ အချိန်(၄)နှစ်ကနေ (၈)နှစ်အထိ၊ တစ်ခါတလေ ဒီထက်တောင်ကြာတတ်ပါတယ်။ ARSA ကိုတုံ့ပြန်တဲ့ လက်နက်ကိုင် ပဋိပက္ခ အခြေအနေတွေဖြစ်ပွားခဲ့ပြီး (၂)နှစ်ကျော် အချိန်အတွင်းမှာ ဒုတိယစစ်ခုံရုံးဖွဲ့ စုံစမ်းမှုများကို ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံအနေနဲ့ အင်းဒင်ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စစ်ဘက်ဆိုင်ရာ တရားစီရင် မှန်ကန်မှုအပေါ် ဝေဖန်ခြင်းမပြုဘဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းအပေါ်မှာသာ ဝေဖန်ခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ အများစိတ်မသက်မသာ ဖြစ်ရပါတယ်။ လက်ရှိဆောင်ရွက်နေတဲ့ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင် စစ်ခုံရုံးလုပ်ငန်းစဉ်ကို ပြီးတဲ့အထိ ဆောင်ရွက်ခွင့်ပေးဖို့ လိုပါတယ်။ အလားတူပါပဲ မကြာမ ရက်သတ္တပတ်အတွင်း ထုတ်ပြန်ဖို့ရှိတဲ့ ICOE ရဲ့ အစီရင်ခံစာ တင်သွင်းပြီးလျှင်လည်း နောက်ထပ် စစ်ခုံရုံးများ ရှိလာနိုင်ပါတယ်။
သဘာပတိကြီးရှင့်
မြန်မာနိုင်ငံရဲ့မျက်မှောက်ကာလနဲ့ အနာဂတ်အရေးအတွက် အရပ်ဘက်နဲ့ စစ်ဘက်ဆိုင်ရာ တရားစီရင်ရေးစနစ်များဟာ အခြေခံဥပဒေနဲ့အညီ ဆောင်ရွက်သွားနိုင်ဖို့ အရေးကြီးပါတယ်။ စစ်ဘက်ဆိုင်ရာ တရားစီရင်ရေးစနစ် တစ်ခုရှိနေတဲ့ နိုင်ငံတစ်နိုင်ငံမှာ အဲ့ဒီတရားစီရင်ရေးစနစ် အပေါ် ပြင်ပစွက်ဖက် တရားစီရင်မှုက လွှမ်းမိုးမယ်ဆိုရင် ခန္ဓာကိုယ်အတွက် အလွန်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုကို ဖြတ်တောက်လိုက်သလိုဖြစ်သွားပါမယ်။ စစ်ဘက်ဆိုင်ရာ တရားစီရင်ရေးဆိုတာဟာ လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဘောင်နှင့်အညီ ကိုယ့်ကိုယ်ကိုယ် ပြုပြင်ထိန်းသိမ်းနိုင်ရန်နဲ့ တာဝန်ဝတ္တရားများကို ပိုမိုကောင်းမွန်စွာ ထမ်းဆောင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်တဲ့ အင်္ဂါရပ်တစ်ခုဖြစ်ပါတယ်။
သဘာပတိကြီးနဲ့ တရားသူကြီးများရှင့်
   မနေ့က မိမိပြောကြားခဲ့သလိုပဲ အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေးစနစ်ဟာ မိမိတို့ရဲ့ ဘုံတန်ဖိုးထားမှုများနဲ့ ပြည်သူအားလုံးရဲ့ အခွင့်အရေးများနဲ့ လုံခြုံမှုအတွက် အာမခံတဲ့ သဟဇာတရှိမှုနဲ့ ပြန်လည် သင့်မြတ်စေမှုများအတွက် ရှေ့ဆောင်အဖြစ် သတ်မှတ်ထားကြပါတယ်။ ဒါ့ကြောင့် အသိုက်အ၀န်းများအကြား ပိုမိုသင့်မြတ်လာကြစေရန် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မိမိတို့လက်တွေ့ဆောင်ရွက်နေတဲ့ ကိစ္စရပ်တစ်ခုကို ဥပမာပေး ပြောကြားလိုပါတယ်။
၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလက တောင်အာဖရိကနိုင်ငံက အသွင်ကူးပြောင်းမှု တရားမျှတရေးဆိုင်ရာ ခေါင်းဆောင် တစ်ဦးဖြစ်သူ မစ္စတာရော့ဖ်မေရာ ကမကထပြုပြီး In Transformation Initiative-ITI အစီအစဉ်အောက်ကနေ ရခိုင်ပြည်နယ် အသွင်ကူးပြောင်းရေး စီမံကိန်းတစ်ရပ်ကို စတင် ဆောင်ရွက်လျက်ရှိပါတယ်။ ဒီစီမံကိန်းဟာ အကြမ်းဖက်မှုများကြောင့် နေရပ်စွန့်ခွာသူများ ၎င်းတို့ ဆန္ဒအလျောက် အဆက်မပြတ် နေရပ်ပြန်လာစေရေးအတွက် လမ်းဖွင့်ပေးရန်နဲ့ သမိုင်းကြောင်းအရ ရှိနေခဲ့တဲ့ အကြမ်းဖက်မှုများ ထပ်မံမဖြစ်ပွားစေရန် အတွက် ကာကွယ်သွားရန်  ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။  မစ္စတာမေရာရဲ့စကားကို ကိုးကားပြောရမယ်ဆိုရင် ““စီမံကိန်းစတင် ခဲ့ပြီး    လအကြာ တပ်မတော်နဲ့  AA လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာသည့်ကြားက  မောင်တောမှာ   ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေဟာ လုံလောက်တဲ့ အရှိန်အဟုန် ရှိလာနေပြီး ရေရှည် ဆောင်ရွက်သွားနိုင်မယ့် အနေအထား ရှိနေပါပြီ””လို့ပြောကြားခဲ့ပါတယ်။
သဘာပတိကြီးရှင့်
   ဂမ်ဘီယာနိုင်ငံမှ   ကိုယ်စားလှယ်၏ အဖွင့်မိန့်ခွန်းအပိုဒ်(၁၈)မှာ   ဘောလုံးနဲ့ ပတ်သက်တဲ့ အကြောင်းအရာများ ထည့်သွင်း ပြောကြားသွားတာကို သတိရတဲ့အတွက် မောင်တောမြို့နယ်၊ မြို့မအားကစားကွင်းမှာ ITI က ဦးစီး ကျင်းပခဲ့တဲ့ ဘောလုံးပြိုင်ပွဲရဲ့ ဓာတ်ပုံလေး တစ်ပုံကိုပြသချင်ပါတယ်။
ဒီပြိုင်ပွဲမှာ ပါဝင်ဆင်နွှဲခဲ့ကြတဲ့ ကစားသမားများနဲ့ လာရောက်ကြည့်ရှု အားပေးကြသူတွေဟာ ရခိုင်ပြည်နယ်မှာ ၂၀၁၆-၂၀၁၇ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ပြည်တွင်းပဋိပက္ခဒဏ် ကြုံတွေ့ခဲ့ရတဲ့ မောင်တောမြို့နယ်မှာရှိတဲ့ အသိုက်အ၀န်း အသီးသီးကပဲဖြစ်ပါတယ်။
လူကြီး၊လူငယ်အားလုံးဟာ ဂုဏ်ယူ၊ စိတ်အားထက်သန်စွာနဲ့ ပြုံးရွှင်ရယ်မောနေကြပါတယ်။ ပိုအရေးကြီးတဲ့ အချက်ကတော့ အားလုံး အတူတကွ ရှိနေကြတာပဲဖြစ်ပါတယ်။ ဒါဟာ မိမိတို့အနေနဲ့ ရခိုင်ပြည်နယ်မှာ လေ့ကျင့်ပျိုးထောင် ကြိုးပမ်းနေတဲ့ အရာဖြစ်တဲ့အပြင် မတူကွဲပြားမှုတွေ၊ အလားအလာကောင်းတွေနဲ့ စိန်ခေါ်မှုတွေ ရှိနေသေးတဲ့ မိမိတို့မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာလည်း အလားတူကြိုးပမ်း ဆောင်ရွက်နေတဲ့ အချက်တစ်ခုလည်း ဖြစ်ပါတယ်။ 
သဘာပတိကြီးနဲ့ တရားသူကြီးမင်းရှင့်
မိမိတို့အနေနဲ့ မတူကွဲပြားမှုများကြားမှ ညီညွတ်မှု တည်ဆောက်နိုင်ရေး၊ မိမိတို့ပြည်သူများရဲ့ အလားအလာကောင်းများ ဖွံ့ဖြိုး တိုးတက်နိုင်ရေးနဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်ရာမှာ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရေးအတွက် အထောက်အကူပြုစေမယ့် ဆုံးဖြတ်ချက်မျိုးကို တရားသူ ကြီးများအနေနဲ့ တရားစီရင်ရေးဆိုင်ရာ ဉာဏ်ပညာ အမြော်အမြင်ပြည့်ဝစွာနဲ့ ချမှတ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ယုံကြည်မှု တည်ဆောက်ရရှိပြီးစ ထိလွယ်ရှလွယ် အနေအထားရှိနေသေးတဲ့ အသိုက် အ၀န်းများ အကြားမှာ သံသယစိတ် တိုးပွားစေပြီး မယုံကြည်မှုဖြစ်ပေါ်စေကာ၊ မကျေနပ်မှုများ ဖန်တီးမည့် ဆောင်ရွက်ချက်များဟာ မိမိတို့ရဲ့အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အားလျော့ချိနဲ့စေမှာဖြစ်ပါတယ်။
အခုဆိုရင် AA လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာ့တပ်မတော်တို့ အကြား ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးဟာ မိမိတို့နိုင်ငံအတွက် အရေးအကြီးဆုံး ကိစ္စတစ်ရပ်ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၆-၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခလိုမျိုး ထပ်မံ မဖြစ်ပွားစေရေးဟာလည်း အလားတူ အရေးကြီးလှပါတယ်။
သဘာပတိကြီးနဲ့ တရားသူကြီးများရှင့်
   မြန်မာနိုင်ငံရဲ့ နောက်ဆုံးလျှောက်လဲချက်များကို တင်ပြရင်းနဲ့ နိဂုံးချုပ်ပါ့မယ်။
ရုံးတော်ရဲ့ ဥပဒေပုဒ်မ (၆၀) စာပိုဒ်(၂)အရ လည်းကောင်း၊ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်မှ ၁၂ ရက်အတွင်း တင်သွင်းခဲ့တဲ့ အကြောင်းပြချက်များအရ လည်းကောင်း၊ ရုံးတော်အနေဖြင့် သင့်တော်လျော်ကန်မည်ဟု ယူဆသည့် အခြားအချက်အလက်များ အပေါ် အခြေခံ၍ လည်းကောင်း ရုံးတော်အား မြန်မာနိုင်ငံအနေဖြင့် မေတ္တာရပ်ခံ လိုတာကတော့-
-       ဂမ်ဘီယာမှ ရုံးတော်သို့ တင်သွင်းထားသည့်အမှုကိစ္စအား   ရုံးတော် စာရင်းမှ ပယ်ဖျက်ပေးပါရန်၊
-       အခြားနည်းလမ်း တစ်ရပ်အနေနဲ့ ဂမ်ဘီယာမှ တောင်းဆိုသည့် ကြားဖြတ် စီမံဆောင်ရွက်ချက်များအား ပယ်ချပေးရန် ဖြစ်ပါတယ်။
သဘာပတိကြီးနဲ့ တရားသူကြီးများရှင့်
   မြန်မာနိုင်ငံရဲ့ သဘောထား တင်ပြချက်ကို ဒီမှာပဲ နိဂုံးချုပ်ပါတယ်။ ရုံးတော်အနေနဲ့ လည်းကောင်း၊   ရုံးတော်ရဲ့  Registry ၀န်ထမ်းများ အနေနဲ့လည်းကောင်း  မိမိတို့ ကိုယ်စားလှယ်အဖွဲ့အား  ပံ့ပိုးကူညီပေးမှုများကို ကျေးဇူးတင်ရှိကြောင်း ပြောကြား လိုပါသည်””ဟု ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဘက်မှ လိုက်ပါဆောင်ရွက်ကြသည့် ဥပဒေ အကြံပေးများနှင့် ရှေ့နေများက ဂမ်ဘီယာနိုင်ငံမှ ယမန်နေ့နံနက်က တင်ပြခဲ့သည့် ကိစ္စများအပေါ်   ပြန်လည်တုံ့ပြန်မှုများ ပြုလုပ်ကြပြီး ဒေါက်တာ Christopher Staker က prima facie jurisdiction နှင့် prima facie standing အပါအ၀င် ကြားဖြတ်စီမံ ဆောင်ရွက်ချက် တောင်းဆိုမှုတို့နှင့် စပ်လျဉ်း၍ ဂမ်ဘီယာမှ ပြောကြားချက်များအပေါ် ပြန်လည်တုံ့ပြန် ပြောကြားသည်။
အလားတူ ပါမောက္ခ William Schabas က ဂမ်ဘီယာမှ ပြောကြားသည့် ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့(United Nations Fact Finding Mission)နှင့် Lack of a Plausible Claim နှင့်စပ်လျဉ်း၍ ပြန်လည်တုံ့ပြန် ပြောကြားသည်။
မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ရှင်းလင်းပြောကြားမှု အစီအစဉ်သို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဦးကျော်တင်၊ ဘယ်လ်ဂျီယံနိုင်ငံနှင့် နယ်သာလန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဘက်မှ လိုက်ပါဆောင်ရွက်နေကြသည့် ပြည်တွင်းပြည်ပ ဥပဒေပညာရှင်များနှင့် ၎င်းတို့၏ အထောက်အကူပြု အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ယနေ့တွင်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ်၏ ဆောင်ရွက်မှုကို ထောက်ခံအားပေးဝန်းရံကြသည့် မြန်မာနိုင်ငံမှ လာရောက်ကြသော ပြည်သူများနှင့် နယ်သာလန်နိုင်ငံနှင့် အခြားပြည်ပနိုင်ငံများမှ လာရောက်ကြသည့် မြန်မာနိုင်ငံသားများက အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)ရှေ့၌ လာရောက် ထောက်ခံအားပေး ၀န်းရံကြသည်။
ဂမ်ဘီယာနိုင်ငံက   ဒုတိယအကြိမ် နှုတ်ဖြင့် လျှောက်လဲမှုကို ယမန်နေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။
တရားရုံးကြားနာမှုပြီးနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်သည် သည်ဟိတ်ဂ်မြို့ မှ ပြန်လည် ထွက်ခွာကြမည့် မြန်မာအသိုက်အ၀န်းနှင့် လည်းကောင်း၊ ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံမှ လာရောက်ကြသည့် ပြည်သူများအပါအ၀င် ပြည်ပနိုင်ငံများတွင် ရောက်ရှိနေကြသည့် မြန်မာအသိုက်အ၀န်းနှင့် လည်းကောင်း တွေ့ဆုံသည်။
နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့ညပိုင်းနှင့် ယနေ့နံနက်ပိုင်းတို့တွင် ခေတ္တတည်းခိုသည့် နေရာ၌ နယ်သာလန်နိုင်ငံနှင့် ပြည်ပနိုင်ငံများမှ   နယ်သာလန်နိုင်ငံသို့  လာရောက်ထောက်ခံ ၀န်းရံကြသည့် မြန်မာနိုင်ငံသားများနှင့်    ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်း သိရသည်။       
(သတင်းစဉ်)
Read 145 times Last modified on Saturday, 14 December 2019 11:19