SJ WorldNews - шаблон joomla Авто

နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား သုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်းပြည့်မြောက်သည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပ

Saturday, 14 December 2019 11:47 font size decrease font size decrease font size increase font size increase font size

နိုင်ငံတော် ဓာတ်အားစနစ်မှ  လျှပ်စစ်ဓာတ်အား သုံးစွဲမှု  တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်း ပြည့်မြောက်သည့် အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၌ ကျင်းပရာ နိုင်ငံတော် သမ္မတ  ဦးဝင်းမြင့်    တက်ရောက်၍   ဂုဏ်ပြုအမှာစကားပြောကြားသည်။
အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊  ပြည်သူ့လွှတ်တော်  လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ၊   အမျိုးသားလွှတ်တော် ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ ဒုတိယ၀န်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊     အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကော်ပိုရေးရှင်းဥက္ကဋ္ဌများ၊အမှုဆောင် အရာရှိချုပ်များ၊ ဒါရိုက်တာအဖွဲ့ဝင်များ၊ အကြံပေးပုဂ်္ဂိုလ်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ကုမ္ပဏီများမှ   ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
အခမ်းအနားတွင်  နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဂုဏ်ပြုအမှာစကား ပြောကြားရာတွင်  ““ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်အဖြစ် ရပ်တည်နိုင်ရေးနဲ့  ပြည်သူတွေရဲ့ လူနေမှုဘ၀ ဖွံ့ဖြိုးတိုးတက်စေရေးတို့ အတွက် လျှပ်စစ်နဲ့စွမ်းအင် ကဏ္ဍဟာ အဓိကကျပါတယ်။ နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေး အတွက် နှစ်စဉ်တိုးတက် လိုအပ်လာတဲ့ လျှပ်စစ်နဲ့စွမ်းအင်ကဏ္ဍကို စဉ်ဆက်မပြတ် ဖြည့်ဆည်းနိုင်ရေး၊ လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒ၊ မဟာဗျူဟာနဲ့ အစီအစဉ်များ ရေးဆွဲချမှတ်ပြီး ရေတိုရေရှည် စီမံကိန်းများနဲ့ ဆောင်ရွက်လျက် ရှိပါတယ်။
MSDP အရ ချမှတ်ထားတဲ့ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာမှာလည်း လိုအပ်တဲ့ အမျိုးသားအဆင့် စီမံကိန်းရေးဆွဲခြင်း၊ ဥပဒေ နည်းဥပဒေတွေ ပြင်ဆင်ဖြည့်စွက်ခြင်း၊ ဘတ်ဂျက်ဆိုင်ရာ ကိစ္စရပ်များ အကူအညီရယူခြင်း၊ နိုင်ငံတစ်ဝန်းမှာ လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားဆိုင်ရာ အခြေခံ အဆောက်အဦများ တည်ဆောက်ခြင်း စတဲ့လုပ်ငန်းကဏ္ဍ အသီးသီးကို ပြည်တွင်းပုဂ္ဂလိကများ၊  ပြည်ပအဖွဲ့အစည်းများနဲ့ ဟန်ချက်ညီညီ လက်တွဲ ပူးပေါင်းအကောင်အထည် ဖော်ခဲ့ပါတယ်။
လက်ရှိအနေအထားအရ မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားကို နှစ်စဉ် ၁၅ ရာခိုင်နှုန်းမှ ၁၉ ရာခိုင်နှုန်းအထိ တိုးတက် သုံးစွဲနေတဲ့အတွက် နိုင်ငံတော်အနေနဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ပြည့်မီစွာ ထုတ်လုပ်ပေးနိုင်ရေး ရည်မှန်းချက်ထားပြီး ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့ အစိုးရတာဝန်ယူ ဆောင်ရွက်ခဲ့တဲ့ အချိန်ကစပြီး လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေး အတွက် နိုင်ငံတော်ရဲ့ ဘဏ္ဍာရန်ပုံငွေ အသုံးစရိတ်များမှာ လျှပ်စစ်ကဏ္ဍအတွက် ဦးစားပေးပြီး ခွဲဝေသတ်မှတ်ပေးခဲ့ပါတယ်။ ဒီလိုလျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေး ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့အတွက် ၂၀၁၆ ခုနှစ် ဧပြီလ မှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ ကာလအတွင်းမှာ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသုံးရုံ၊ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ခြောက်ရုံ၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တစ်ရုံ စုစုပေါင်း ၁၀ ရုံ၊ လျှပ်စစ်ဓာတ်အား ၉၀၄ မဂ္ဂါဝပ်ကို တိုးတက်ထုတ်လုပ် နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။
နိုင်ငံတော်အစိုးရ အနေနဲ့ လျှပ်စစ်ဓာတ်အား တိုးတက်ထုတ်လုပ်နိုင်ရေး အတွက် ဓာတ်အားပေး စက်ရုံများ တိုးချဲ့တည်ဆောက်ခဲ့တာနဲ့အမျှ ထုတ်လုပ်ပေးတဲ့ ဓာတ်အားများကိုလည်း တောရောမြို့ပါမကျန် တောင်တန်း၊ မြေပြန့်မခွဲခြားဘဲ  အသုံးပြုနိုင်ရေး အတွက် ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ၊ ၆၆ ကေဗွီ၊ ၃၃ ကေဗွီ၊ ၁၁ ကေဗွီနဲ့ ၄၀၀ ဗို့ ဓာတ်အားလိုင်း စုစုပေါင်း ၁၉၆၀၀ မိုင်ကျော် နဲ့ ၁၂၆၃၆ အမ်ဗွီအေရှိတဲ့ ဓာတ်အားခွဲရုံ များကိုလည်း  ၂၀၁၆  ခုနှစ်မှစတင်ပြီး သုံးနှစ်ခွဲကာလအတွင်း တိုးချဲ့တည်ဆောက်ပေးနိုင်ခဲ့ပါတယ်။
ဒါ့ကြောင့်လည်း ၂၀၁၆ ခုနှစ် မတ်လမှာ တစ်နိုင်ငံလုံး လျှပ်စစ်သုံးစွဲသူ ၃၄ ရာခိုင်နှုန်း အတွက်သာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ရာကနေ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ တစ်နိုင်ငံလုံး လျှပ်စစ်သုံးစွဲသူ ၅၀ ရာခိုင်နှုန်း အထိ တိုးတက်ဖြန့်ဖြူးပေးနိုင်ခဲ့ပါတယ်။
ပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ သုံးစွဲနိုင်ရေးနဲ့ ဓာတ်အား ပိုမိုဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်ပေးနိုင်ခဲ့တဲ့ အတွက် ပြည်သူလူထုရဲ့ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် ရရှိရေးတို့ကိုလည်း များစွာ ကောင်းကျိုး သက်ရောက်စေမှာဖြစ်ပါတယ်။
ဒါ့အပြင်   လျှပ်စစ်ဓာတ်အားစနစ် မရောက်ရှိသေးတဲ့ ဒေသတွေမှာ လျှပ်စစ်ဓာတ်အား ရရှိနိုင်ရေးကိုလည်း စီမံဆောင်ရွက်လျက် ရှိပါတယ်။ အဲဒီလို စီမံဆောင်ရွက်ရာမှာ ယခင်က လျှပ်စစ်ဓာတ်အား မရောက်ရှိသေးတဲ့ ဒေသတွေကို ဦးစားပေး ဆောင်ရွက်လျက်ရှိပြီး သုံးနှစ်ခွဲကာလအတွင်း ကရင် ပြည်နယ်မှာ မြ၀တီမြို့သို့လည်းကောင်း၊ ရခိုင်ပြည်နယ်မှာ မောင်တောမြို့သို့လည်းကောင်း နိုင်ငံတော် ဓာတ်အားစနစ်မှ ဓာတ်အားပေးနိုင်ရေး ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း)မှာရှိတဲ့ ကျိုင်းတုံဒေသကိုလည်း ၂၀၂၀ ပြည့်နှစ်မှာ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ရရှိနိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါတယ်။
ဒါ့အပြင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ဒေသကို ဓာတ်အားပေးနိုင်ရေး အတွက် ၂၃၀ ကေဗွီ မော်လမြိုင်-ရေး-ထားဝယ် ဓာတ်အားလိုင်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်က စတင်ဆောင်ရွက်လျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်မှာ  တည်ဆောက်ပြီးစီးမှာ ဖြစ်ပါတယ်။ ၂၀၃၀ ပြည့်နှစ်မှာ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား သုံးစွဲမှု ၁၀၀ ရာခိုင်နှုန်း သို့ရောက်ရှိရန်လည်း ဆက်လက် အကောင်အထည်ဖော် ကြိုးပမ်းသွားမှာဖြစ်ပါတယ်။
လျှပ်စစ်ကဏ္ဍ တိုးတက်လာခြင်းဟာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည်တို့ ဖွံ့ဖြိုးလာစေရန် အကျိုးသက်ရောက်မှု ရှိပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ဖို့၊ ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်တွေကို ပစ္စုပ္ပန်နဲ့ အနာဂတ် မျိုးဆက်သစ်တွေ   ခံစားနိုင်ဖို့အတွက်လျှပ်စစ်ကဏ္ဍအား ဆက်လက်ကြိုးပမ်းကြစေလိုပါတယ်။
ယခင်က ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေ ကော်ပိုရေးရှင်းနဲ့ မန္တလေး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတို့မှာ အော်တိုတယ်လီဖုန်းများသာ ရှိရာမှ ယခုအခါပြည်သူအား ၀န်ဆောင်မှု အကောင်းဆုံးပေးနိုင်ရန် အတွက်  "1717" Hot  Line  ဖုန်းနှင့် "1616"Hot Line ဖုန်းတို့နဲ့  ၂၄  နာရီ ၀န်ဆောင်မှုပေးနေပြီ ဖြစ်ပါတယ်။ ယခုဆို တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၅၀ ရာခိုင်နှုန်းပြည့်မြောက်တဲ့ အခါသမယမှာ ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြတဲ့ အဖွဲ့အစည်းများ၊ လူပုဂ်္ဂိုလ်များ၊ ပြည်သူပြည်သားများ အားလုံးနဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ အားလုံးတို့ကို ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်”” ဟု ပြောကြားသည်။
ထို့နောက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးဝင်းခိုင်က နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်း ပြည့်မြောက်ခြင်းနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်း ပြည့်မြောက်သည့် အထိမ်းအမှတ် ဂုဏ်ပြုလက်ဆောင် ပေးအပ်သည်။
ထို့နောက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ  ၀န်ထမ်းများနှင့်  ၀န်ထမ်းများ၏ သားငယ်သမီးငယ်များက     နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်းပြည့်မြောက် သည့်ဂုဏ်ပြု အထိမ်းအမှတ်   ““မဟာမီး အလင်းအောင်ပွဲ””သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။
ယင်းနောက် နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်းပြည့်မြောက်ရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ကြိုးပမ်းဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များအား Video Clip ဖြင့် ပြသသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊   ပြည်ထောင်စုဝန်ကြီးများ၊   ပြည်ထောင်စုရှေ့နေချုပ်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌတို့သည် ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့်  စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဆောက်လုပ်ရေး၊ စက်မှု၊  လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ ဒုတိယ၀န်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ကော်ပိုရေးရှင်း ဥက္ကဋ္ဌများ၊ မိတ်ဖက် အဖွဲ့အစည်းများနှင့် ကုမ္ပဏီများမှ ကိုယ်စားလှယ်များနှင့် လည်းကောင်း၊  ဌာနဆိုင်ရာ အကြီးအကဲများ၊ အမှုဆောင်အရာရှိချုပ်များ၊ ဒါရိုက်တာအဖွဲ့ဝင်များ၊    အကြံပေးပုဂ်္ဂိုလ်များနှင့် လည်းကောင်း စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ   ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် ပြည်ထောင်စုဝန်ကြီး  ဦးဝင်းခိုင်တို့က နိုင်ငံတော်ဓာတ်အား စနစ်မှ လျှပ်စစ်ဓာတ်အား သုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်း ပြည့်မြောက်ခြင်း အထိမ်းအမှတ် ကျောက်စာနှင့် ကမ္မည်းမော်ကွန်း ကျောက်စာတိုင်တို့ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်ပက်ဖျန်းပေးကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား သုံးစွဲမှု တစ်နိုင်ငံလုံး၏  ၅၀  ရာခိုင်နှုန်း ပြည့်မြောက်ခြင်း အထိမ်းအမှတ်ပြခန်းများကို လှည့်လည်ကြည့်ရှုပြီး  ဂုဏ်ပြုမှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးသည်။
နိုင်ငံတော်အစိုးရသစ် လက်ထက်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကို ပြင်ဆင် ဖွဲ့စည်းခဲ့ပြီး အဆိုပါအချိန်၌  နိုင်ငံတော် ဓာတ်အားစနစ်မှ တစ်နိုင်ငံလုံး၏ ၃၄ ရာခိုင်နှုန်းသာ  လျှပ်စစ်ဓာတ်အား ရရှိခဲ့သည်။လျှပ်စစ်ကဏ္ဍတွင် ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့၊  နေရောင်ခြည်စွမ်းအင်ကဲ့သို့ စွမ်းအင်အရင်းအမြစ် မျိုးစုံကိုအသုံးပြု၍ လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်ပေးခြင်းဖြင့် လည်းကောင်း၊ ဓာတ်အားပို့လွှတ်ရေး လိုင်းများကို ၂၃၀ ကေဗွီလိုင်းများ တိုးချဲ့ခြင်းနှင့် ၅၀၀ ကေဗွီသို့ တိုးမြှင့်အသစ် တည်ဆောက်ပြီး  နိုင်ငံတော်ဓာတ်အားစနစ်ကို အဆင့်မြှင့်တင်ခြင်းဖြင့် လည်းကောင်း လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်ခဲ့သည်။
ထို့ပြင် လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ဓာတ်အားဖြန့်ဖြူးရေး စနစ်တွင် ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ၊ ၆၆ ကေဗွီ၊ ၃၃ ကေဗွီ၊ ၁၁ ကေဗွီ၊ ၄၀၀  ဗို့ ဓာတ်အားလိုင်း စုစုပေါင်း ၁၉၆၀၀ မိုင်ကျော်နှင့် ၁၂၆၃၆ အမ်ဗွီအေရှိသော ဓာတ်အားခွဲရုံများကို ၂၀၁၆ ခုနှစ်မှ စတင်၍ သုံးနှစ်ခွဲကာလအတွင်း တိုးချဲ့တည်ဆောက်ပေးနိုင်ခဲ့သည်။ ၂၀၁၆ ခုနှစ် ဧပြီလမှ ယခုအချိန်အထိ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းငွေကျပ် ၂၃၂၇ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံဆောင်ရွက်ခဲ့ပြီး    လျှပ်စစ်ဓာတ်အား ၉၀၀ မဂ်္ဂါဝပ်ကျော်  ထပ်တိုးထုတ်လုပ်ပေးနိုင်ခဲ့ကာ ၂၀၂၀ပြည့်နှစ် နှစ်လယ်ခန့်တွင် နောက်ထပ် ၁၀၀၀ မဂ္ဂါဝပ်ကျော်ကို ထပ်မံထုတ်လုပ် ပေးသွားရန် စီစဉ်ဆောင်ရွက် လျက်ရှိသည်။
ဓာတ်အားစနစ်မှတိုးချဲ့၍ မြို့ရွာများ၏ မီးလင်းရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးခဲ့ရာ ယခုအချိန်တွင် မြို့ပေါင်း ၃၆၈ မြို့နှင့် ကျေးရွာစုစုပေါင်း ၁၆၉၄၁ ရွာကျော် နိုင်ငံတော်ဓာတ်အား စနစ်မှ ဓာတ်အားရရှိပြီး ယခုအချိန်တွင် ဓာတ်အားစနစ်မှ တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်းအထိ တိုးတက်ဖြန့်ဖြူးနိုင်အောင် ဆောင်ရွက်နိုင်ခဲ့သည်။
ဆက်လက်၍ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ၅၅ ရာခိုင်နှုန်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်းအထိဖြည့်ဆည်းပေးနိုင်ရေးကိုကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်ရန်   ရည်မှန်းချက်ထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သိရသည်။                        
  (၅၀၀)
Read 157 times Last modified on Saturday, 14 December 2019 11:49