SJ WorldNews - шаблон joomla Авто

၂၀၂၀ ပြည့်နှစ် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး ဗဟိုကော်မတီ ညှိနှိုင်း အစည်းအဝေး ကျင်းပ

Saturday, 14 December 2019 12:29 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဒီဇင်ဘာ  ၁၃
၂၀၂၀ ပြည့်နှစ် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီ ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ   နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ၂၀၂၀ ပြည့်နှစ် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ  ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ  ဒေါက်တာမျိုးအောင်၊ ဒုတိယ၀န်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ်အောင်သူ၊ ဦးကြည်မင်း၊ ဦးကျော်မျိုး နှင့် ဦးဝင်းမော်ထွန်း၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တပ်မတော်အရာရှိကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတက  ၂၀၂၀ ပြည့်နှစ် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို အမျိုးသားရေး ဦးတည်ချက်(၅)ရပ်နှင့် အညီ  နိုင်ငံရေး အနှစ်သာရရှိစွာ အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရန် အတွက် နိုင်ငံတော်သမ္မတရုံးက ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၁ ရက်တွင် ၂၀၂၀ ပြည့်နှစ် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး ဗဟိုကော်မတီကို ဒုတိယသမ္မတ(၁) ဦးဆောင်၍ အဖွဲ့ဝင် ၁၄ ဦးဖြင့် လည်းကောင်း၊ စီမံခန့်ခွဲမှုကော်မတီကို နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးဆောင်၍ အဖွဲ့ဝင်  ၁၉  ဦးဖြင့် လည်းကောင်း ဖွဲ့စည်းခဲ့ပြီး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက်    ဆပ်ကော်မတီ ၁၄ ခုကိုလည်း ဖွဲ့စည်းခဲ့ပြီး ဖြစ်ကြောင်း။
၂၀၂၀ ပြည့်နှစ် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက် ( ၅ )ရပ်မှာ    ““ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ အတွက် တိုင်းရင်းသားအားလုံး ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး”” ၊ ““ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို    ပြည်ထောင်စုစိတ်ဓာတ် အရင်းခံ၍  အောင်မြင်သည်အထိ  ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရေး”” ၊ ““တရားဥပဒေ စိုးမိုးရေး၊ မှန်ကန်သည့် တရားစီရင်ရေးနှင့် နိုင်ငံသားများ ဘေးကင်း လုံခြုံရေးတို့အတွက် တိုင်းရင်းသားအားလုံး၏ စုပေါင်းအင်အားဖြင့်  ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရေး”” ၊ ““မူးယစ်ဆေးဝါး အန္တရာယ်ကို အမျိုးသားရေး တာဝန်အဖြစ် ကြိုတင်တားဆီး ကာကွယ်ခြင်းဖြင့် ပြည်သူများ၏ လူမှုအဆင့်အတန်း တိုးတက်မြင့်မားစေရေး”” နှင့် ““စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနှင့် ကိုက်ညီသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပေါ်ပေါက်ရေး”” တို့  ဖြစ်ကြောင်း။
ပြည်ထောင်စုနေ့ အခမ်းအနားသည် နှစ်စဉ်ကျင်းပသည့်  နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်သဖြင့် ချမှတ်ထားသည့် အမျိုးသားရေး ဦးတည်ချက်များနှင့်အညီ အဘက်ဘက်မှ ပြည့်စုံအောင် ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စီမံခန့်ခွဲမှုကော်မတီနှင့် ဆပ်ကော်မတီ ၁၄ ခုတို့အနေဖြင့် ယခင်နှစ်များ၏ အတွေ့အကြုံ များအပေါ် သင်ခန်းစာယူပြီး တစ်နှစ်ထက်တစ်နှစ်  ပိုမိုကောင်းမွန် ပြည့်စုံစေရေး  အချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန်   လိုအပ်ကြောင်း။
နိုင်ငံ့လွတ်လပ်ရေး သမိုင်းကြောင်းကို ပြန်ကြည့်ပါက အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များသည် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပြန်လည်တည်ဆောက်ပြီး ပြည်မနှင့် တောင်တန်းဒေသတို့ တစ်ပြိုင်တည်း   လွတ်လပ်ရေး ရရှိစေရန်အတွက် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ပင်လုံညီလာခံကို ကျင်းပခဲ့ပြီး တိုင်းရင်းသားအားလုံး တညီတညွတ်တည်း ပင်လုံစာချုပ်ချုပ်ဆိုကာ လွတ်လပ်ရေးကို ရယူခဲ့ကြောင်း၊ ထိုသို့ တိုင်းရင်းသားအားလုံး၏ သွေးစည်းညီညွတ်မှုကို အခိုင်အမာ ဖော်ကျူးပြသနိုင်ခဲ့သည့် ပင်လုံစာချုပ် လက်မှတ်ရေးထိုးသည့်နေ့ကို ““ပြည်ထောင်စုနေ့”” အဖြစ် သတ်မှတ်ခဲ့ရာ ယခုဆိုလျှင် (၇၃)နှစ်ရောက်ခဲ့ပြီဖြစ်ကြောင်း။
ပင်လုံညီလာခံ၏ရလဒ်ကြောင့် တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်မှုရရှိကာ လွတ်လပ်ရေး ပြန်လည် ရရှိခဲ့ကြောင်း၊ ယနေ့တွင်လည်း  နိုင်ငံတော်အတွက်  အရေးအကြီးဆုံးဖြစ်သည့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေး ရရှိရန် ကြိုးစား ဆောင်ရွက်နေသည့်အချိန်လည်း ဖြစ်ကြောင်း၊ ပင်လုံညီလာခံ၏ ရလဒ်ကိုနမူနာယူပြီး ပင်လုံစိတ်ဓာတ်ဖြင့် စိတ်ရှည်ဇွဲရှိစွာ ဆွေးနွေးညှိနှိုင်း ဆောင်ရွက်မည်ဆိုပါက ငြိမ်းချမ်းရေးပန်းတိုင်ကို  အနှေးနှင့်အမြန် ရောက်ရှိနိုင်မည်ဟု ယုံကြည်လျက်    ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁)ရာစုပင်လုံကို ကျင်းပလျက်ရှိကြောင်း၊ ငြိမ်းချမ်းရေးရမှ မိမိတို့နိုင်ငံ အလျင်အမြန်ဖွံ့ဖြိုး တိုးတက်လာမည် ဆိုသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း။
တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုကြောင့်   လွတ်လပ်ရေး ရရှိခဲ့သဖြင့် ““တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးသည် နိုင်ငံတော်အတွက် အသက်တမျှ အရေးကြီးကြောင်း ”” ကို နောင်လာနောက်သားများ သိရှိစေရန်ရည်ရွယ်၍ ပြည်ထောင်စုနေ့ကို နှစ်စဉ်ကျင်းပလျက်ရှိကြောင်း၊  မြန်မာနိုင်ငံသည် တိုင်းရင်းသား လူမျိုးပေါင်းစုံ၊ ဘာသာစကားပေါင်းစုံ၊  ယဉ်ကျေးမှုဓလေ့ပေါင်းစုံ၊ ကိုးကွယ် ယုံကြည်မှုပေါင်းစုံတို့ဖြင့် ဖွဲ့စည်းတည်ရှိသည့် ပြည်ထောင်စုနိုင်ငံ တစ်ခုဖြစ်ကြောင်း၊ ကွဲပြားခြားနားသည့် ပထ၀ီဝင်ဒေသ အသီးသီးတွင်ရှိကြသော တိုင်းရင်းသားအသီးသီးသည်  မိမိတို့၏ ယဉ်ကျေးမှု အမွေအနှစ်များနှင့် ရိုးရာဓလေ့စရိုက်များကို ပျောက်ကွယ်မသွားအောင် ထိန်းသိမ်း စောင့်ရှောက်သွားကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နောင်လာနောက်သားများ သိရှိရန်အတွက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုများကို ထုတ်ဖော်ပြသရင်း ထိန်းသိမ်းစောင့်ရှောက်နေခြင်းလည်း ဖြစ်ကြောင်း။
၂၀၂၀ ပြည့်နှစ် (၇၃)နှစ်မြောက်ပြည်ထောင်စုနေ့ကို အခမ်းအနား အစီအစဉ် အပိုင်းနှစ်ပိုင်းနှင့် ကျင်းပသွားမည်ဖြစ်ရာ ပထမပိုင်းအနေဖြင့် နံနက်ပိုင်းတွင် အလံတင် အခမ်းအနားနှင့် သ၀ဏ်လွှာဖတ်ကြားခြင်း အခမ်းအနား၊ ညနေပိုင်းတွင် ညစာစားပွဲနှင့် ဖျော်ဖြေရေး အခမ်းအနားတို့ဖြစ်ကြောင်း၊ အဆိုပါအခမ်းအနား အစီအစဉ် အပိုင်းနှစ်ပိုင်းကို တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်သည့်အတွက်    ကော်မတီနှင့်  ဆပ်ကော်မတီများ အနေဖြင့်   မိမိတို့၏ လုပ်ငန်းတာဝန်များကို အောင်မြင်အောင် စနစ်တကျပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန် ပြောကြားလိုကြောင်း။
ယခင်နှစ်က ကျင်းပခဲ့သည့်  ““(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပခဲ့မှုများနှင့် စပ်လျဉ်း၍ ပြန်လည်သုံးသပ်သည့် အစည်းအဝေး””ကို ၂၀၁၉ ခုနှစ် ဧပြီ ၁ ရက်တွင် ကျင်းပခဲ့ရာ အဆိုပါအစည်းအဝေးတွင် အစည်းအဝေး ဆုံးဖြတ်ချက်ပေါင်း ၁၅ ချက်ကို  ချမှတ်ခဲ့ကြောင်း၊ ကော်မတီ၊ဆပ်ကော်မတီများ အနေဖြင့် ယခုကျင်းပမည့် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင်   အဆိုပါအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ်    သေချာစွာသုံးသပ်၍ အလေးထားပြုပြင် ဆောင်ရွက်သွားကြရန်    တိုက်တွန်းပြောကြားလိုကြောင်း။
၂၀၂၀ ပြည့်နှစ် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့အတွက် နိုင်ငံတော်က ချမှတ်ပေးထားသည့် အမျိုးသားရေး ဦးတည်ချက် (၅)ရပ်၏ အနှစ်သာရများကို ပြည်သူများ သိရှိနားလည်နိုင်ရေးအတွက်  နိုင်ငံပိုင်မီဒီယာများ ဖြစ်သည့် ရေဒီယို၊ ရုပ်မြင်သံကြား၊ စာနယ်ဇင်းများ အားလုံးမှ ပြန်ကြား၊ ဖျော်ဖြေ၊ပညာပေးအစီအစဉ် အမျိုးမျိုးဖြင့် ထုတ်လွှင့်ဖော်ပြနိုင်ရေးနှင့် လက်ရှိကာလ ပြည်ထောင်စု အစိုးရအဖွဲ့၏    တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများ၊ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးအတွက် ဆောင်ရွက်နေသည့် လုပ်ဆောင်ချက်များနှင့် အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးတို့ အတွက် ကြိုးပမ်းဆောင်ရွက်ချက်များကို ပေါ်လွင်စေသည့် နောက်ခံရုပ်ပုံများကိုလည်း ထည့်သွင်းဖော်ပြသွားရန် လိုအပ်မည်ဖြစ်ကြောင်း။
ထို့ပြင် အခမ်းအနားသို့ လာရောက်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးများ၊ နိုင်ငံရေးပါတီ ဥက္ကဋ္ဌများနှင့် ပါတီခေါင်းဆောင်များ၊ NCA  လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တည်းခိုနေထိုင်မည့် နေရာများတွင်သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေရေး၊ စားသောက်နေထိုင်ရေးနှင့် သွားလာမှု အဆင်ပြေစေရေးတို့ အတွက် လိုအပ်သည့်ကြိုတင် ပြင်ဆင်မှုများကို ဆောင်ရွက်ထားကြရန်နှင့် အခမ်းအနား အားလုံးအတွက် A Plan အပြင် B Plan ကိုပါ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်မည်ဖြစ်ကြောင်း။
ပြည်ထောင်စုနေ့ အခမ်းအနားကို နိုင်ငံရေး အနှစ်သာရရှိစွာနှင့် အောင်မြင်အောင် ကျင်းပနိုင်ရေးအတွက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပုဂ္ဂိုလ်များအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊   ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ တွေ့ကြုံနေရသည့် အခက်အခဲများနှင့် လိုအပ်သည့်အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် ၂၀၂၀ ပြည့်နှစ် (၇၃)နှစ်မြောက်ပြည်ထောင်စုနေ့ ကျင်းပရေး စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က ဆပ်ကော်မတီများ ဖွဲ့စည်းထားရှိမှု၊   ယခင်နှစ်ကဆောင်ရွက်ခဲ့သည့် အခြေအနေများနှင့် ယခုနှစ်အခမ်းအနားအတွက်   ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင် ပြကြသည်။
ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး အမြဲတမ်းအတွင်းဝန် ဦးဇော်သန်းသင်း၊ ပြန်ကြားရေး ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံ၊ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဝင်း၊ ထောက်ပံ့နှင့် ပို့ဆောင်ရေး ညွှန်ကြားရေးမှူးရုံးမှ ဒုတိယဗိုလ်မှူးကြီးတင်မောင်လွင်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာနကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသင့်မြတ်သူ တို့က ၂၀၂၀ ပြည့်နှစ် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အောင်မြင်စွာ ကျင်းပရေးအတွက်    လိုအပ်သည်များကို အကြံပြုဖြည့်စွက် ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ဒုတိယသမ္မတက တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။   
Read 150 times Last modified on Saturday, 14 December 2019 12:30