SJ WorldNews - шаблон joomla Авто

လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး) ဖွင့်ပွဲအခမ်းအနားကျင်းပ

Sunday, 15 December 2019 09:26 font size decrease font size decrease font size increase font size increase font size

 

မကွေး  ဒီဇင်ဘာ  ၁၄

လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်(မကွေး) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မကွေး တက္ကသိုလ်၌ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်ဖွင့်လှစ်ပြီး မိန့်ခွန်းပြောကြားသည်။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု ၀န်ကြီး များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊  ဒေါက်တာ မြင့်ထွေး၊ ဒေါက်တာဝင်းမြတ်အေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊  တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၇ နာရီခွဲတွင် တပ်မတော်အထူးလေယာဉ်ဖြင့် နေပြည်တော်မှထွက်ခွာရာ မကွေးတိုင်းဒေသကြီး မကွေးမြို့သို့ရောက်ရှိကြသည်။ နိုင်ငံတော်သမ္မတ နှင့်အဖွဲ့အား ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဖေမြင့်၊ ဒေါက်တာမျိုးသိမ်းကြီး၊ နိုင်သက်လွင်၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီး လွှတ်တော် ဥက်္ကဋ္ဌ ဦးတာ၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးစိန်ထွန်း၊ တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက်္ကဋ္ဌဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများက မကွေးလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် မကွေးတက္ကသိုလ်၌ ကျင်းပသည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး)ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။ ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စု ၀န်ကြီးများ၊ မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက်္ကဋ္ဌ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ နယ်ပယ်အသီးသီး၊ ကဏ္ဍအသီးသီးမှပညာရှင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တက္ကသိုလ်/ကောလိပ်အသီးသီးမှ ပါမောက်္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့ အစည်းများ၊ တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့များနှင့် လူငယ်ဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ တက်ရောက်ကြသည်။ ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ပြည်ထောင်စု ၀န်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒေါက်တာဖေမြင့်၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ ဒေါက်တာဝင်းမြတ်အေး၊ နိုင်သက်လွင်၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် လူငယ်ကိုယ်စားလှယ်လေးဦးတို့က လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် (မကွေး)ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ထို့နောက နိုင်ငံတော်သမ္မတသည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဥက်္ကဋ္ဌ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက်္ကဋ္ဌ၊ ဧည့်သည်တော်များ၊ တက္ကသိုလ်/ ကောလိပ် အသီးသီးမှပါမောက်္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ လူငယ်ဆိုင်ရာအဖွဲ့အစည်းများမှ လူငယ်များနှင့်အတူ  စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်သည်။

ယင်းနောက် ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို မကွေးတက်္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ဆက်လက်ကျင်းပရာ မြန်မာ့ယဉ်ကျေးမှု အနုပညာတက္ကသိုလ်နှင့် အနုပညာ အထက်တန်းကျောင်း ဆင်း ကျောင်းသား၊ ကျောင်းသူများက လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် Theme Song ဖြင့်  ဖျော်ဖြေ တင်ဆက်ကြသည်။ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က  မိန့်ခွန်းပြောကြားရာတွင် ““ယခုလို မကွေးတက္ကသိုလ် ပရ၀ဏ်ကြီးထဲမှာ လူငယ်လူရွယ်များစုံလင်စွာနဲ့ စည်စည်ကားကား တွေ့မြင်ရတဲ့ အတွကဇအလွန်ပင်ဝမ်းသာပီတိ ဖြစ်မိပါတယ်လို့ ဦးစွာပြောကြားလိုပါတယ်။ ပြန်ကြားရေးဝန်ကြီး ဌာနက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊  ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့တို့နှင့် ပေါင်းစပ်ညှိနှိုင်းကာ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် (ရန်ကုန်) ကို ၂၀၁၇ ခုနှစ်မှာလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်ပေါင်းစပ်ညှိနှိုင်းကာ လူငယ်ဘက်စုံ ဖွံ့ဖြိုး ရေးပွဲတော်(မန္တလေး)ကို ၂၀၁၈ခုနှစ်မှာလည်းကောင်း စည်ကားသိုက်မြိုက်စွာနဲ့  အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ ထို့အတူ မကွေးမြို့တွင်လည်း လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ စည်ကားသိုက်မြိုက်စွာနှင့် အောင်မြင်စွာကျင်းပနိုင်ရန် စီစဉ် ဆောင်ရွက်ထားခြင်းဖြစ်ပါတယ်။ ဒီပွဲတော်ကြီးမှာ စာပေဆိုင်ရာလှုပ်ရှားမှုတွေ၊ အနုပညာဆိုင်ရာ လှုပ်ရှားမှုတွေ၊ အားကစားဆိုင်ရာ လှုပ်ရှားမှုတွေ၊ ဆန်းသစ်တီထွင်လှုပ်ရှားမှုတွေ၊ စကားဝိုင်း ဆွေးနွေးပွဲတွေ၊ ပြပွဲပြခန်းတွေ၊ စာအုပ်ဈေးခင်းကြီးတွေစသဖြင့် စုံစုံလင်လင်ထည့်သွင်းစီစဉ်ထား တာဖြစ်သလို လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူတွေ၊ မိဘဆရာတွေ၊ စာပေ၀ါသနာရှင်တွေ၊ အနုပညာရှင်တွေ၊ IT ပညာရှင်တွေ အားလုံးက ပျော်ပျော်ရွှင်ရွှင်တက်တက်ကြွကြွနဲ့  ပါဝင်ဆင်နွှဲ ကြမှာဖြစ်တဲ့အတွက် မကွေးတက္တသိုလ်ကြီးရဲ့ လှပတဲ့နိမိတ်ပုံတစ်ခုကို  ၀ိုင်းဝန်းဖော်ဆောင်ကြတဲ့နေ့ တစ်နေ့အဖြစ် မှတ်ယူနိုင်ကြမှာဖြစ်ပါတယ်။

ဒီကနေ့ကျင်းပတဲ့ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကြီးဟာ မကွေးတိုင်းဒေသကြီး အတွင်းမှာရှိတဲ့    လူငယ်လူရွယ်များကို အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတနဲ့ လူမှုကျင့်ဝတ်တန်ဖိုးတွေမျှဝေပေးနိုင်ဖို့၊ အနာဂတ် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းကို လူငယ်တွေရဲ့ အတွေးအမြင်ကောင်း၊ စိတ်ဓာတ်ကောင်း တွေနဲ့ အကောင်အထည်ဖော် တည်ဆောက်ပေးနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပတာဖြစ်ပါ တယ်။ ယနေ့ မြန်မာ့လူ့အဖွဲ့အစည်းကို ငြိမ်းချမ်းမှု(Peace)၊ လွတ်လပ်မှု (Freedom)နှင့် ဖွံ့ဖြိုး တိုးတက်မှု(Development)ဆိုတဲ့ လူ့အခြေခံတန်ဖိုးများနဲ့ ဖန်တီးတည်ဆောက်လျက်ရှိရာ အနာဂတ် မြန်မာ့လူ့ဘောင်အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်များဟာ အဓိကကျတဲ့အခန်း ကဏ္ဍမှာ ပါဝင်နေပါတယ်။ မည်သည့်နိုင်ငံတွင်မဆို လူငယ်များဟာ အဖိုးတန်ဆုံးအင်အားတစ်ရပ် အဖြစ် တည်ရှိပါတယ်။ အားလုံးသိကြတဲ့အတိုင်း မြန်မာနိုင်ငံလူဦးရေရဲ့ ၃၃ ဒသမ ၈ ရာခိုင်နှုန်းဟာ အသက် ၁၅ နှစ်မှ ၃၅ နှစ်ကြားရှိတဲ့ လူငယ်တွေပဲဖြစ်ပါတယ်။ ဒီလူငယ်များဟာ ကျွန်တော်တို့ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ လူ့စွမ်းအား အရင်းအမြစ်တွေဖြစ်သလို အနာဂတ်နိုင်ငံတော်ရဲ့ ခေါင်းဆောင်မှုအခန်းကဏ္ဍကို လက်ဆင့်ကမ်း အမွေရယူကြရမယ့်သူတွေပဲ ဖြစ်ပါတယ်။ နိုင်ငံရဲ့အနာဂတ်ဟာ လူငယ်တွေရဲ့ လက်ဝယ်မှာရှိပါတယ်။ လူငယ်များရဲ့လေ့လာ အားထုတ်မှု၊ အကြားအမြင်ဗဟုသုတကြွယ်ဝမှု၊ ထူးချွန်ထက်မြက်မှု၊ ရိုးသားပွင့်လင်းမှု၊ အများအကျိုး သယ်ပိုးလိုမှု၊ တက်ကြွလှုပ်ရှားမှုများဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ် လိုအပ်ပါ တယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ကျွန်တော်တို့ရဲ့ အနာဂတ်လူ့အဖွဲ့အစည်းကြီး ဖွံ့ဖြိုးသာယာလှပဖို့ အတွက် လူငယ်တွေရဲ့ စွမ်းပကားကိုအဘက်ဘက်က မြှင့်တင်ပေးဖို့လိုအပ်တယ်ဆိုတာ ကိုလည်း   အစဉ်အမြဲခံယူထားပါတယ်။ အဲ့ဒီလို လူငယ်တွေရဲ့စွမ်းပကားကို တိုးတက်အောင် မြေတောင်မြှောက် ပျိုးထောင်ပေးနိုင်ဖို့အတွက် ယခုလို လူငယ်ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်ကြီးတွေ စီစဉ်ကျင်းပပေးနေတာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ လူငယ်ရေးရာ မူဝါဒတွေ ရေးဆွဲနိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ယခုဆိုရင် လူငယ်တွေကိုယ်တိုင် လူငယ်ရေးရာမူဝါဒတွေကို ပါဝင်ရေး ဆွဲဆောင်ရွက်ခဲ့ကြသလို အတည်ပြုနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ လူငယ်များကလည်း မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်အားထက်သန်စွာနဲ့ ကဏ္ဍအသီးသီးမှာ ပူးပေါင်းအကောင်အထည် ဖော် ဆောင်ရွက်နေကြတာကိုလည်း ၀မ်းမြောက်ဖွယ်တွေ့မြင်နေရပါတယ်။ အဲဒီလို လူငယ်ရေးရာ မူဝါဒတွေကို ရေးဆွဲဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာရေး အတွက် အခန်းကဏ္ဍတစ်ရပ်အနေနဲ့ လူငယ်များက ပူးပေါင်းဖော်ဆောင် ကြိုးပမ်းလာကြမယ်လို့ လည်း ယုံကြည်ပါတယ်။ ဒါဟာကောင်းမွန်တဲ့ ကြိုးပမ်းအားထုတ်မှု၊ နိုင်ငံတော်နဲ့ အနာဂတ် မျိုးဆက်သစ်လူငယ်များ ဖွံ့ဖြိုးတိုးတက်ဖို့မျှော်မှန်းမှုတွေအဖြစ် ဂုဏ်ယူရမှာဖြစ်ပါတယ်။ လူငယ် တွေဟာ သဘာဝအရ ရဲရင့်တယ်၊ တက်ကြွတယ်၊ လေ့လာစူးစမ်းတယ်၊ စွန့်စားလိုစိတ်ရှိတယ်၊ နိုင်ငံရဲ့အရေးပါတဲ့ အပြောင်းအလဲတွေမှာ အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့ကြပါတယ်။

ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ နိုင်ငံတော်ရဲ့ အနာဂတ်အတွက် အဓိကအသက်သွေးကြောဖြစ်တဲ့    လူငယ်များကျန်းမာသန်စွမ်းပြီး ဉဏ်ရည်ဖွံ့ဖြိုးကာ အလုပ်လုပ်နိုင်စွမ်း မြင့်မားလာရေးဆိုတဲ့မူကို ကိုင်စွဲထားပါတယ်။ ဒါကြောင့်လည်း လူငယ်များ ပညာသင်ကြားနိုင်မှု အခွင့်အလမ်းများပေါ်ပေါက် ရေး၊ ကျန်းမာရေးအသိပညာ ပိုမိုရရှိရေး၊ မူးယစ်ဆေးဝါးပြဿနာလျော့ကျရေး၊ အသိပညာ ဗဟုသုတ တိုးပွားရေး၊ တီထွင်ဆန်းသစ်ဖန်တီးနိုင်စွမ်းအား မြှင့်တင်အားပေးရေးတို့ကို ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ ယခုဆိုရင် လူငယ်တွေရဲ့သဘောထား၊ လူငယ်တွေရဲ့အသံနဲ့ လူငယ်တွေရဲ့အကြံဉဏ်ကို အခြေခံကျကျရယူပြီး လူငယ်ရေးရာမူဝါဒတွေကို ရေးဆွဲခဲ့ပြီးဖြစ်တဲ့အတွက် သက်ဆိုင်ရာ ၀န်ကြီးဌာန များနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့များက ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက် သွားကြရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ အလေးအနက်ထား မှာကြားလိုတဲ့ အချက်(၃)ချက်ရှိပါတယ်။

ပထမဆုံးအချက်မှာ-

ယနေ့ (၂၁)ရာစု ခေတ်ရေစီးကြောင်းမှာ လူငယ်လူရွယ်တွေအပေါ် သက်ရောက် လွှမ်းမိုးမှုရှိတဲ့ ရိုက်ခတ်မှုတွေကလည်း အများကြီးရှိနေပါတယ်။ ကမ္ဘာကြီးက ရပ်တန့်မနေဘဲ အချိန်နှင့်အမျှ ပြောင်းလဲတိုးတက်နေတာဖြစ်တဲ့အတွက် ကျွန်တော်တို့ လူငယ်တွေဟာ (၂၁)ရာစုရဲ့ စိန်ခေါ်မှု တွေကြားက အခွင့်အလမ်းတွေကို ရယူအသုံးချနိုင်ဖို့ အမြဲတမ်းအဆင်သင့်ဖြစ်နေအောင် ကိုယ်စီ ကိုယ်ငှ   အားထုတ်ကြိုးပမ်းကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။

ဒုတိယအချက်မှာ-

ခေတ်မီတိုးတက်မှုတွေကြားမှာ လူငယ်တွေရဲ့ ရိုးသားမှု၊ လူငယ်တွေရဲ့ ဖြူစင်မှု၊ အမှန်တရားကို မြတ်နိုးတတ်မှုနဲ့ စာရိတ္တမဏ္ဍိုင်ကို ခိုင်ခိုင်မာမာ တည်ဆောက်ထားမှုတွေကို  ဆက်လက်ထိန်းသိမ်း သွားကြဖို့ အထူးပဲအရေးကြီးလှပါတယ်။ ဒီကနေ့ မူးယစ်ဆေးဝါးအန္တရာယ်ဟာ ကျွန်တော်တို့ လူငယ်ထုရဲ့လက်တစ်ကမ်းမှာ အမြဲရှိနေတာကို သတိကြီးကြီးထားပြီး ရှောင်ကြဉ်နိုင်ကြဖို့၊ အချင်းချင်း ရိုင်းပင်းကူညီစောင့်ရှောက်ပေးကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။

တတိယအချက်မှာ-

ဒီမိုကရေစီနိုင်ငံရေးစနစ်၊ ဖက်ဒရယ်စနစ်တွေနဲ့ လိုက်လျောညီထွေဖြစ်စေမယ့် ““ပြည်ထောင်စုစိတ် ဓာတ်၊   ဒီမိုကရေစီဖက်ဒရယ် နိုင်ငံသားစိတ်ဓာတ်””တွေကို ငယ်ရွယ်စဉ်ကပဲ စတင်မွေးမြူပေးကြဖို့ မှာကြားလိုပါတယ်။ ပြည်ထောင်စုဖွား တိုင်းရင်းသားမျိုးနွယ်စုများအကြား မတူကွဲပြားမှုတွေကို အသိ အမှတ်ပြုပြီး ““စုပေါင်းအင်အား””တည်ဆောက်နိုင်ဖို့ ကျွန်တော်တို့လူငယ်တွေအနေနဲ့   အပြန်အလှန် လေးစားမှု၊ အပြန်အလှန် ရိုင်းပင်းကူညီဖေးမမှု၊ အပြန်အလှန် စာနာထောက်ထားမှုတွေကို   မြှင့်တင် ပေးကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်”” ဟု ပြောကြားသည်။ ယင်းနောက် လူငယ်ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်(မကွေး) ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ကျင်းပရေးဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတို့က အမှတ် တရစကား ပြောကြားကြပြီး  ကျင်းပရေးဦးစီးကော်မတီဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက   ကျေးဇူးတင်စကားပြောကြားသည်။

ယင်းနောက် တက္ကသိုလ်၊ ကောလိပ်များမှ ထူးချွန်ကျောင်းသား၊  ကျောင်းသူများကို ဆုများပေး အပ်ချီးမြှင့်ရာ  ပြည်ထောင်စုဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ က The 5th South and Southeast Asia College Student Culture and Sports Week-Kunming (Yunan) ဘောလုံး ပြိုင်ပွဲတွင် အသင်းအလိုက်ရပ်တည်မှု အဆင့်(၈)၊ အကောင်းဆုံး တတိယဆုရရှိသည့် မန္တလေး တက္ကသိုလ်မှမောင်သီဟအောင်၊ မောင်မျိုးကိုဦးနှင့် မောင်ကျော်ဇင်ဖြိုးတို့ကို လည်းကောင်း၊  ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက Ocean Opportunities, First Global Competition (Dubai) ပြိုင်ပွဲတွင်   First Prize in Judges Award ဆုရရှိသည့်  ရန်ကုန်နည်းပညာတက္ကသိုလ်မှ မောင်ဝင်းနိုင်ကျော်၊ Optimized Optical System Design of a Single -Led Backlightç 2019 GKS for ASEAN Countries Science and Engineering Students Program (Korea)တွင် Award of Excellence ဆုရရှိသည့် နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) မှ မအေးနန္ဒာထွန်းနှင့် The 33rd China Adolescents Science and Technology Innovation Content (China) တွင် Third Place ဆုရရှိသည့် သတင်းအချက်အလက် နည်းပညာတက်္ကသိုလ်မှ  မဇင်နွယ်ထက်တို့ကို လည်းကောင်း၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်  ဒေါက်တာအောင်မိုးညိုက ASEAN Makerthon 2019 (Malaysia)  တွင် Best Prototype Award  ဆုရရှိ သည့်   ရန်ကုန်ကွန်ပျူတာတက်္ကသိုလ်မှ မောင်ဝင်းထွန်း၊ မောင်မန်ဆစ်အိမ်နှင့် မောင်ဇင်ထက်အောင် တို့ကိုလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။ ဖွင့်ပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတသည်  တာဝန်ရှိသူများနှင့်အတူ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်တွင် ခင်းကျင်းပြသထားသည့် ပြခန်းများနှင့် ၂၀၁၈ ခုနှစ်အတွင်း ထုတ်ဝေခဲ့သည့် စာအုပ်များခင်းကျင်း ပြသထားမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး)ကို ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေး နှင့်ယဉ်ကျေးမှု ၀န်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊  လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း စီစဉ်ကျင်းပခြင်းဖြစ်ပြီး ပွဲတော်ကို ဒီဇင်ဘာ ၁၆ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ ပွဲတော်တွင် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများ၊ ကျပန်းစကားပြောနှင့် ကဗျာရွတ်ပြိုင်ပွဲများ၊ လူငယ်ဆိုင်ရာ ဆွေးနွေး ပွဲများ၊ အပန်းဖြေအားကစားပြိုင်ပွဲများ၊သရုပ်ပြအားကစားနည်းများ၊ အသိပညာပေးအစီအစဉ်များ၊ မြန်မာ့အသံခေတ်ပေါ်တီးဝိုင်းနှင့် နိုင်ငံကျော်အဆိုတော်များ၊ ငြိမ်းချမ်းရေးဂီတပွဲတော်မှ အဆိုရှင် များ၏ ဖျော်ဖြေရေးအစီအစဉ်များ၊ အနုပညာဆိုင်ရာ  လှုပ်ရှားမှုများ၊  အလုပ်အကိုင်အခွင့်အလမ်းနှင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပြခန်းများ၊ လူငယ်နှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးပြခန်း၊   လူငယ်များအတွက် သိကောင်းစရာအချက်အလက်များ မေးမြန်းဖြေကြားခြင်းအစီအစဉ်များ၊ အခြေခံ မျိုးဆက်ပွားကျန်းမာရေး အသိပညာပေး ဟောပြောပွဲများ၊ သားဆက်ခြားနည်းလမ်း အသိပညာပေး ဟောပြောပွဲများ၊ ကျား/မ အခြေပြုအကြမ်းဖက်ခြင်းဆိုင်ရာ စကားဝိုင်းများ၊ အမှတ်တရ ပစ္စည်းရောင်း ချခြင်းများ၊ တိုင်းရင်းသားရိုးရာအကများ သရုပ်ပြကပြခြင်းနှင့် စာအုပ်ဈေးရောင်းပွဲတော်တို့ ထည့် သွင်းပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကာ ပွဲတော်သို့ မည်သူမဆို လာရောက်ကြည့်ရှု ပါဝင်ဆင်နွှဲနိုင်သည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ပြည်သူ့ဆေးရုံကြီး(မကွေး)သို့ရောက်ရှိရာ ဆေးရုံအုပ်ကြီး ဒေါက်တာမြတ်စိုးက ပြည်သူ့ဆေးရုံကြီး(မကွေး)အား ခုတင်-၅၀၀ဆံ့ အဆင့်မြှင့်တင်ရန်အတွက် ငါးထပ်တိုးချဲ့ဆောင် ဆောက်လုပ်ခြင်း လုပ်ငန်းပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် နိုင်ငံတော်သမ္မတသည် ငါးထပ်တိုးချဲ့ဆောင်အား လှည့်လည်ကြည့်ရှုပြီး ပြည်သူ့ ဆေးရုံကြီး(မကွေး)၌ တက်ရောက်ဆေးကုသမှုခံယူနေသည့် လူနာများကို အားပေးစကား ပြောကြား ကာ ထောက်ပံ့ငွေများပေးအပ်သည်။ မွန်းလွဲပိုင်းတွင်  နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် မကွေးမြို့မှ တပ်မတော်အထူးလေယာဉ်ဖြင့်  ပြန်လည်ထွက်ခွာကြရာ နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြ ကြောင်း သတင်းရရှိသည်။

Read 108 times Last modified on Sunday, 15 December 2019 09:45