SJ WorldNews - шаблон joomla Авто

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ လာရောက်သောချစ်ကြည်ရေး ခရီးတွင် ထုတ်ပြန်သည့် မြန်မာ-တရုတ် နှစ်နိုင်ငံ ပူးတွဲကြေညာချက်

Sunday, 19 January 2020 13:52 font size decrease font size decrease font size increase font size increase font size

(၂၀၂၀ ပြည့်နှစ်၊ ဇန်န၀ါရီလ ၁၈ ရက်)
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်သည် ၂၀၂၀ ပြည့်နှစ် ဇန်န၀ါရီ ၁၇ ရက်မှ ၁၈ ရက်အထိ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ခဲ့သည်။
ခရီးစဉ်အတွင်း သမ္မတ မစ္စတာရှီကျင့်ဖျင်သည် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် တွေ့ဆုံပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်မှ တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာ စားပွဲသို့ တက်ရောက်ခဲ့ပါသည်။
မြန်မာနှင့် တရုတ်နိုင်ငံတို့အကြား အစဉ်အလာရှိသည့် ရှိရင်းစွဲချစ်ကြည် ရင်းနှီးမှု ပိုမိုခိုင်မာစေရန်၊ မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန်၊ နှစ်ဦးနှစ်ဖက် အကျိုးရှိပြီး သာတူညီမျှရှိသည့် ပူးပေါင်း ဆောင်ရွက်မှုများ အောင်မြင်စေရေးအတွက် အေးအတူပူအမျှ အသိုက် အ၀န်း တည်ထောင်ရန် ရည်ရွယ်လျက်   နှစ်နိုင်ငံအကြား နက်ရှိုင်းစွာ ဆွေးနွေးမှုများမှ တစ်ဆင့် ကျယ်ပြန့်သည့် နားလည်မှုများ ရရှိခဲ့သည်။
နှစ်နိုင်ငံလုံးသည် တစ်နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးကဏ္ဍ တို့တွင် တိုးတက်မှုများအပေါ် နှစ်ထောင်းအားရမှု ရှိကြပါသည်။ မြန်မာဘက်အနေဖြင့် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်ဝါဒတို့တွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရေး အလေးအနက်ဆန္ဒပြုပါသည်။
ထို့ပြင် တရုတ်ပြည်သူများအနေဖြင့် ရာပြည့်ပန်းတိုင်နှစ်ခု (The two centenary Goals) ရည်မှန်းချက်၊ တရုတ်နိုင်ငံ၏ ရည်မှန်းချက်ဖြစ်သည့် နိုင်ငံတော်ပြန်လည် ဆန်းသစ်ရေး (National Rejuvenation) နှင့်အလယ်အလတ် အဆင့်ရှိသည့် လူ့အဖွဲ့အစည်း တစ်ရပ်တည်ထောင်ရေး လုပ်ငန်းစဉ်များ အဘက်ဘက်မှ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည်ဟု မြန်မာနိုင်ငံက ယုံကြည်ပါသည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေး ဖော်ဆောင်ရာတွင်လည်း ဆက်လက်အောင်မြင်မှုများရရှိစေရန်၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုများရရှိစေရန်၊ ပြည်သူများ၏ လူမှုဘ၀တိုးတက်စေရန်နှင့် နိုင်ငံတကာ အလယ်တွင်လည်း မြန်မာနိုင်ငံအနေဖြင့် ပိုမိုဝံ့ကြွားစွာ ရပ်တည်နိုင်ရန် အလေးအနက် ဆန္ဒပြုသည်။
နှစ်နိုင်ငံလုံးအနေဖြင့် မြန်မာ-တရုတ် ဆက်ဆံရေး၏ အရေးပါမှုကို အသိအမှတ်ပြုခဲ့ကြပြီး လွန်ခဲ့သည့် နှစ် ၇၀ က သံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့သော အချိန်မှစ၍ အတူတကွ စတင်ဖော်ဆောင်ခဲ့ကြသည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေး မူကြီး(၅)ရပ်ကို ခိုင်မာမြဲမြံစွာ လိုက်နာမှုအပေါ်တွင်လည်း ကျေနပ်အားရမှု ရှိကြောင်းကို ထုတ်ဖော်ပြောကြားသည်။
သံတမန်ဆက်ဆံရေး တည်ထောင်သည့် နှစ်(၇၀)ပြည့် အထိမ်းအမှတ်သည် နှစ်နိုင်ငံပြည်သူများ အကြား တည်ရှိပြီးဖြစ်သော အစဉ်အလာရှိသည့် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ပိုမိုတိုးတက်စေရန်၊ နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေရန်၊ အေးအတူပူအမျှ မြန်မာ-တရုတ် အသိုက်အ၀န်း ထူထောင်ပြီး မြန်မာ-တရုတ်ဆက်ဆံရေး ခေတ်သစ်ကို ဖော်ဆောင်ပေးနိုင်ရန်တို့အတွက် ထူးခြားသည့် အခွင့်အလမ်းဖြစ်ကြောင်းကို   နှစ်ဖက်လုံးက အသိအမှတ်ပြုခဲ့ကြပါသည်။ နယ်ပယ်အသီးသီးတွင် နှစ်ဖက်အပြန်အလှန် သွားလာမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ စနစ်တကျ စီစဉ်ဆောင်ရွက် သွားနိုင်ရေးအတွက် အတူတကွ ဆောင်ရွက်သွားကြရန် သဘောတူ ကြသည်။
နှစ်ဖက်အဆင့်မြင့် ထိတွေ့ဆက်ဆံမှုကို  ပိုမိုနီးကပ်စွာ ဆက်လက် ထိန်းသိမ်းသွားရန်၊ နှစ်ဖက်နိုင်ငံရေး အရ အပြန်အလှန် ယုံကြည်မှုကို အားဖြည့်သွားရန်၊ မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံမှုများကို တိုးမြှင့်သွားရန်၊ အုပ်ချုပ်ရေး ကဏ္ဍအတွေ့အကြုံများကို ပိုမိုနက်ရှိုင်းစွာ ဖလှယ်သွားရန်နှင့် နှစ်နိုင်ငံ ဥပဒေပြုအဖွဲ့များ၊ နိုင်ငံရေး ပါတီများနှင့် ဒေသအာဏာပိုင်များအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေး ဆောင်ရွက်သွားရန် နှစ်ဖက် သဘောတူခဲ့ကြသည်။
““ရပ်ဝန်းနှင့်လမ်းကြောင်း”” ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်ရန်၊ မြန်မာ-တရုတ်စီးပွားရေး စင်္ကြံစီမံကိန်းကို စိတ်ကူးပုံဖော်မှုမှ လက်တွေ့ အကောင်အထည်ဖော်သွားရန်နှင့် မြန်မာ-တရုတ်စီးပွားရေး စင်္ကြံ၏မဏ္ဍိုင် (၃)ရပ်ဖြစ်သော ကျောက်ဖြူအထူး စီးပွားရေးဇုန် စီမံကိန်း၊ မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ဇုန်များနှင့် ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းသစ် အပါအ၀င် ကားလမ်း၊ ရထားလမ်း၊ လျှပ်စစ်ဓာတ်အားနှင့် စွမ်းအင် စသည့်အခြေခံ အဆောက်အဦ စီမံကိန်းများဆိုင်ရာ မူဘောင်ကို အကောင်အထည်ဖော်ဆောင်ရေး ကြိုးပမ်းသွားကြရန် သဘောတူခဲ့ကြသည်။
လက်တွေ့ပူးပေါင်း ဆောင်ရွက်မှုများ အကောင်အထည် ဖော်နိုင်ရန် အတွက် အစိုးရများအကြား ပူးပေါင်းဆောင်ရွက်ရေး ယန္တရားများ ဖြစ်သည့် မြန်မာ-တရုတ်စီးပွားရေး၊ ကုန်သွယ်ရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကော်မတီနှင့် မြန်မာ-တရုတ် စိုက်ပျိုးရေး ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီတို့ကို ပိုမိုထိရောက်စွာ အသုံးချသွားမည်ဖြစ်သည်။ နှစ်နိုင်ငံပြည်သူများ၏ ဘုံအကျိုးစီးပွား မြှင့်တင်ရန်နှင့် တစ်ဖက်၏ အားသာချက်နှင့် တစ်ဖက်ကိုဖြည့်ဆည်းရန် ရည်ရွယ်လျက် စီးပွားရေးနှင့်ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ သစ်တော၊ စက်မှုစွမ်းရည်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာရေးစသည့် ကဏ္ဍများတွင် လက်တွေ့ပူးပေါင်း ဆောင်ရွက်မှုများကို နက်ရှိုင်းစေရန်လည်း ဆက်လက် ဆောင်ရွက်သွားကြမည်ဖြစ်သည်။
၂၀၂၀ ပြည့်နှစ်ကို ““မြန်မာ-တရုတ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးနှစ်”” အဖြစ် သတ်မှတ်သွားရေး၊ နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံရေး တည်ထောင်သည့် နှစ်(၇၀)ပြည့် အထိမ်းအမှတ်အဖြစ် အခမ်းအနားများ ပူးတွဲကျင်းပသွားနိုင်ရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေး၊ သာသနာရေးနှင့် မီဒီယာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ ပြည်သူချင်းထိတွေ့ရေးနှင့် လူမှုရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးနှင့် နှစ်နိုင်ငံပြည်သူများ အကြား နားလည်မှုနှင့် ရင်းနှီးချစ်ကြည်မှု ပိုမိုနက်ရှိုင်းစေရေးတို့ အတွက် ဆောင်ရွက်သွားကြရန် သဘောတူခဲ့ကြသည်။
မြန်မာနိုင်ငံ၏ နိုင်ငံအခြေအနေနှင့် ကိုက်ညီသော၊ နိုင်ငံ၏ တရားဝင် ရပိုင်ခွင့်နှင့် အကျိုးစီးပွားတို့ကို ကာကွယ်သော၊ နိုင်ငံတကာ စာမျက်နှာတွင် နိုင်ငံ့ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်သော၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံက ရွေးချယ်ထားသော ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို တရုတ်နိုင်ငံမှ အပြည့်အ၀ ထောက်ခံပါသည်။ မြန်မာနိုင်ငံ အနေဖြင့်လည်း တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ခိုင်မာစွာ ထောက်ခံကြောင်းနှင့် တရုတ်နိုင်ငံမှ ခွဲထွက်၍မရသည့် အစိတ်အပိုင်းများဖြစ်ကြသော ထိုင်ဝမ်၊ တိဗက်နှင့် ရှန်းကျန့်ကိစ္စများ ဖြေရှင်းရန် တရုတ်နိုင်ငံ၏ ကြိုးပမ်းမှုများကို ထောက်ခံအားပေးသည့် ကတိက၀တ်ကို ထပ်လောင်းအတည်ပြုခဲ့သည်။
ပင်လုံစိတ်ဓာတ်ကို အခြေခံသည့် နိုင်ငံရေး ဆွေးနွေးပွဲများမှ တစ်ဆင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆက်လက်တိုးတက် အောင်မြင်စေရန်အတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို တရုတ်နိုင်ငံက ထောက်ခံပါသည်။ မြန်မာဘက်ကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တရုတ်နိုင်ငံမှ အပြုသဘောဆောင်သည့် အကူအညီများ ပေးအပ်နေခြင်းကို ကျေးဇူးတင်ရှိပါသည်။ မြန်မာ-တရုတ် နယ်စပ်ဒေသ တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေး၊ သာယာဝပြောရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အတူတကွ ထိန်းသိမ်းသွားရန် ရည်ရွယ်ချက်တို့ဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံနိုင်ငံခြားရေးနှင့် ကာကွယ်ရေး ၀န်ကြီးဌာနများအကြား ၂+၂ အဆင့်မြင့်ဆွေးနွေးပွဲကို ထိရောက်စွာ အသုံးချရန် သဘောတူညီခဲ့ကြသည်။
ကုလသမဂ္ဂ၊ တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှု၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုကဲ့သို့သော ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာများတွင် ပူးပေါင်းဆောင်ရွက်မှုနှင့် ညှိနှိုင်းဆောင်ရွက်မှုများ ပိုမိုနီးကပ်စွာ ဆောင်ရွက်သွားကြရန် သဘောတူခဲ့ကြသည်။နှစ်ဖက်အနေဖြင့် တစ်နိုင်ငံ၏ အဓိက အကျိုးစီးပွားနှင့် ကိစ္စရပ်များနှင့် ပတ်သက်၍ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ထောက်ခံ ရပ်တည်ပေးသွားရန် သဘောတူခဲ့ကြသည်။
တရုတ်နိုင်ငံက ရခိုင်ပြည်နယ်ရှိ အသိုက်အ၀န်း အားလုံးအတွက် ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးတို့ကို မြှင့်တင်ရန်နှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များ ဖြေရှင်းရာတွင် မြန်မာနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံအားပေး သွားမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အကြား နှစ်နိုင်ငံ သဘောတူညီချက်ကို အခြေခံ၍ စိစစ်ပြီးသော နေရပ်စွန့်ခွာသူများကို မြန်မာနိုင်ငံမှ ပြန်လည်လက်ခံ သွားမည်ဖြစ်ကြောင်း ကတိက၀တ်ပြုထားမှုကို မြန်မာနိုင်ငံက ထပ်လောင်းအတည်ပြု ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံ အနေဖြင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးနှင့် ပြန်လည် နေရာချထားရေး လုပ်ငန်းစဉ်များတွင် ၎င်းတို့ လုပ်နိုင်စွမ်းရှိသမျှ ဆက်လက် ကူညီသွားမည့် ဆန္ဒကို ထပ်လောင်းအတည်ပြုခဲ့ပါသည်။ တရုတ်နိုင်ငံ အနေဖြင့် အဆိုပါ ကိစ္စရပ်၏ ရှုပ်ထွေးမှုအပေါ် နားလည်ပေးမှုနှင့် ထောက်ခံအားပေးမှုတို့အတွက် မြန်မာနိုင်ငံက ကျေးဇူးတင်ရှိသည်။
နှစ်ဖက်လုံးက ၂၀၂၀ ပြည့်နှစ် ဇန်န၀ါရီ ၁၇ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့သော မြန်မာ-တရုတ်သံတမန် ဆက်ဆံရေး တည်ထောင်သည့် နှစ်(၇၀)ပြည့် အထိမ်းအမှတ် အခမ်းအနားနှင့် မြန်မာ-တရုတ်ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးနှစ် စတင်မှုတို့အပေါ် ကြိုဆိုခဲ့ကြပြီး မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး နှစ်(၇၀)ပြည့် အခါသမယတွင် လာရောက်သော တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်၏ မြန်မာနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်သည် နှစ်နိုင်ငံအကြား အစဉ်တည်ရှိနေသည့်  ချစ်ကြည်ရင်းနှီးမှုကို စာမျက်နှာသစ်ဖွင့်လှစ်ခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး သမိုင်းတွင်လည်း မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့သည်ဟု အသိအမှတ်ပြုခဲ့ကြပါသည်။ တရုတ်ဘက်အနေဖြင့် မြန်မာအစိုးရနှင့် လူမှုအလွှာ အသီးသီးမှ ပြည်သူတို့၏ နွေးထွေးမှုနှင့် ဧည့်ဝတ်ကျေပွန်မှုတို့အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့သည်။
သမ်္မတ မစ္စတာရှီကျင့်ဖျင်က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ရာ နှစ်ဖက်အဆင်ပြေမည့် အချိန်တွင် သံတမန်လမ်းကြောင်းမှ တစ်ဆင့် ညှိနှိုင်းစီစဉ် သွားမည်ဖြစ်ပါသည်။
Read 108 times Last modified on Sunday, 19 January 2020 13:55