SJ WorldNews - шаблон joomla Авто

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပူတာအိုခရိုင်အတွင်း ဆောင်ရွက်လျက် ရှိသော မဂွေဇ-ခေါင်လန်ဖူး လမ်းဖောက်လုပ်ခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိစစ်ဆေး

Thursday, 23 January 2020 10:10 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်န၀ါရီ  ၂၂

နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်  တိုင်းမှူး   ဗိုလ်ချုပ်တေဇကျော်၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်  နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ဇန်န၀ါရီ ၂၀ ရက်တွင် နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော ပူတာအိုခရိုင် အတွင်းရှိ မဂွေဇ-ခေါင်လန်ဖူးလမ်း ဖောက်လုပ်ခြင်း လုပ်ငန်းခွင်သို့ သွားရောက် စစ်ဆေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့်   အဖွဲ့သည် ပူတာအိုမှမဂွေဇသို့ မော်တော်ယာဉ်များဖြင့် သွားရောက်ခဲ့ပြီး မဂွေဇ-ဆန်းလွှတ်ချက် လမ်းအပိုင်းတွင် ဆောင်ရွက်ပြီးစီးခဲ့သည့် ကျောက်ခင်းလမ်း အခြေအနေ ဆောင်ရွက်ဆဲတံတား တည်ဆောက်ရေး လုပ်ငန်းနှင့် မြေထိန်းနံရံ တည်ဆောက်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။

ထို့နောက် ဇီဝဒမ်းလမ်း လုပ်ငန်း ရှင်းလင်းဆောင်သို့ ရောက်ရှိခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးထံ  ရှင်းလင်းတင်ပြရာ ရှေးဦးစွာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က မဂွေဇ-ခေါင်လန်ဖူးလမ်း (၆၅/၄)မိုင်ကို အပိုင်း(၁)အဖြစ် မဂွေဇမှ ငါ့လုံဒမ်းအထိ (၂၅/၄)မိုင်၊ အပိုင်း(၂)အဖြစ် ငါ့လုံဒမ်းမှ လုံးထုံဘိုတဲအထိ (၁၀/၀)မိုင်၊ အပိုင်း(၃)အဖြစ် လုံးထုံဘိုတဲမှ မေခမြစ်အနီး ဆီဆုံအထိ (၁၀/၄)မိုင်၊ အပိုင်း(၄)အဖြစ် ဆီဆုံမှ ခေါင်လန်ဖူးအထိ (၁၉/၄)မိုင်ကို နိုင်ငံတော်အစိုးရ၏ ညွှန်ကြားချက်၊ တပ်မတော်၏ အနီးကပ်ကြီးကြပ် ထောက်ပံ့ပူးပေါင်း ဆောင်ရွက်မှု ဒေသခံပြည်သူနှင့် လက်တွဲ၍ နယ်စပ်ရေးရာ ၀န်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အထိ စီမံကိန်းအပြီးသတ် ဆောင်ရွက်သွားမည့် အခြေအနေများကို လည်းကောင်း၊ အင်ဂျင်နီယာမှူးကြီး ဦးခင်မောင်လတ်က မဂွေဇ-ခေါင်လန်ဖူးလမ်းနှင့် ခါဂါဘိုရာဇီတောင်ခြေ အမျိုးသားသဘာဝ ဥယျာဉ် လမ်းပိုင်းဖြစ်သော ပန်နန်းဒင်-က၀ိုင်-ဓဟွမ်ဒမ်းလမ်းများ ဖောက်လုပ်နေမှု အခြေအနေ၊ လူအင်အားစုဖွဲ့မှု၊ ယာဉ်/ယန္တရား စုဖွဲ့မှု၊ စက်သုံးဆီ၊ ယမ်းနှင့်ဆက်စပ်ပစ္စည်းများ ပို့ဆောင်ထိန်းသိမ်းထားရှိမှု အခြေအနေများ၊ နှစ်အလိုက်လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေများကို လည်းကောင်း၊ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း တာဝန်ခံအရာရှိ ဗိုလ်ကြီးဇင်ဝင်းထိုက်က တပ်မတော်စစ်မြေပြင်အင်ဂျင်နီယာများ အကူအညီဖြင့် တစ်ကြောင်းထိုး မြေလမ်းဖောက်လုပ်ရေး လုပ်ငန်းတွင် ကျောက်တောင်များကို မိုင်းထုပ်ခြင်း၊ မိုင်းဆင်ခြင်း၊ မိုင်းခွဲခြင်း လုပ်ငန်းစဉ်များနှင့်  တပ်မတော်ရဟတ်ယာဉ်ဖြင့် ခေါင်လန်ဖူးသို့ ပို့ဆောင်ခဲ့သော စက်ယန္တရားနှစ်စီးဖြင့် အဖွဲ့ခွဲဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း၊ ဒုတိယအင်ဂျင်နီယာမှူးကြီး   ဦးဒီပါမောင်က   လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးရေး အတွက် လမ်းအူကြောင်းအတိုင်း တစ်ကြောင်းထိုး ရှေ့ပြေး လမ်းဖောက်လုပ်ရေးအဖွဲ့၏ ဆောင်ရွက်နေမှု အခြေအနေများနှင့် တွေ့ကြုံရသည့် အခက်အခဲများကို လည်းကောင်း၊ ဒုတိယ အင်ဂျင်နီယာမှူးကြီး ဦးဇော်လှိုင်ဝင်းက တစ်ကြောင်းထိုး ဆောင်ရွက်ပြီး အမာခံမြေသား လမ်းပေါ်တွင် ရာသီမရွေး သွားလာနိုင်ရေး အတွက် ကျောက်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း အသီးသီးရှင်းလင်း တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ တိုင်းမှူး ဗိုလ်ချုပ်တေဇကျော် တို့က လုပ်ငန်းများ အောင်မြင်ချောမွေ့စွာ  ဆောင်ရွက်နိုင်ရေးအတွက်  လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးခဲ့ပြီး လမ်းစီမံကိန်းတွင်  ပါဝင်ဆောင်ရွက်နေသည့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ၀န်ထမ်းများ၊ စစ်အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များနှင့် ဒေသခံဌာနေလုပ်သားများကို ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဆန်းလွှတ်ချက် တောင်ထိပ်အထိ သွားရောက်ခဲ့ပြီး ဆန်းလွှတ်ချက်မှ ရီဒမ်းကြိုးတံတားသို့ ဆက်လက်ဖောက်လုပ်ပြီးစီးမှု အခြေအနေများကို တောင်ထိပ်မှ ကြည့်ရှုခဲ့ပြီး ဆန်းလွှတ်ချက် တောင်ထိပ်တွင် ညအိပ်ရပ်နားခဲ့သည်။

ဇန်န၀ါရီ ၂၁ ရက်နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မဂွေဇ-ခေါင်လန်ဖူးလမ်း(၄၂/၂)မိုင်နေရာသို့ ရောက်ရှိခဲ့ပြီး ရဟတ်ယာဉ်ကွင်း ဖောက်လုပ်ထားမှုအခြေအနေ၊ ကျောက်တောင်များ မိုင်းခွဲရန် ပြင်ဆင်နေမှု အခြေအနေ၊ ယန္တရားများဖြင့် လမ်းဖောက်လုပ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းလုပ်ငန်း ဆောင်ရွက်နေကြသည့် ၀န်ကြီးဌာန ၀န်ထမ်းများ၊ စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်းမှ စစ်သည်များနှင့် ဒေသခံဌာနေ လုပ်သားများအား လမ်းဖောက်လုပ်ခြင်း လုပ်ငန်းနှင့် စပ်လျဉ်း၍ သတ်မှတ်ကာလအတွင်း လုပ်ငန်းများ ပြီးစီးရေးအတွက် တာဝန်ကျေပွန်ရုံသာမကမွန်မြတ်သော လုပ်ငန်းဖြစ်သဖြင့် စေတနာရော ၀ီရိယပါ စိုက်ထုတ်ကြိုးပမ်း ဆောင်ရွက်သွားရန်နှင့် ယခုလို ကြမ်းတမ်းသည့် ရာသီဥတုခက်ခဲသည့်    မြေပြင်အနေအထားတွင် လုပ်ငန်း ဆောင်ရွက်နေကြသူများကို ဂုဏ်ပြုမှတ်တမ်း တင်ပါကြောင်းနှင့်  ကျန်းမာရေး ဂရုစိုက်ကြရန်  အားပေးစကား ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  လက်ရှိ ရောက်ရှိနေသည့်နေရာမှ မေခမြစ်ကူးရီဒမ်းကြိုးတံတားအထိ မြေပြင်အခြေအနေအရ   ခြေကျင်ခရီးဖြင့် သွားရောက်ပြီး ဆက်လက်ဖောက်လုပ်မည့် လမ်းအူကြောင်း အခြေအနေနှင့် မေခမြစ်အား ယန္တရားကြီးများ ဖြတ်ကူးနိုင်မည့်နေရာ၊ ဖောင်ကူးဆိပ် ဆောင်ရွက်မည့် နေရာများကို ရီဒမ်းကြိုး တံတားပေါ်မှကြည့်ရှုပြီး အတည်ပြု ရွေးချယ် ဆုံးဖြတ်ပေးခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မော်တော်ယာဉ်များဖြင့် မိုင်တိုင် ၄၂ မှ မဂွေဇသို့ပြန်လည်ထွက်ခွာခဲ့ပြီး မဂွေဇလမ်း စခန်းတွင် ဆောင်ရွက် ထားရှိပြီးဖြစ်သော မေခမြစ်ဖြတ်ကူးရန် အသုံးပြုမည့် ကူးတို့ဖောင် ဆောင်ရွက်ထားရှိမှု အခြေအနေများ ကြည့်ရှုစစ်ဆေးပြီး တပ်မတော်ရဟတ်ယာဉ်ဖြင့် ပူတာအိုသို့ ပြန်လည်ထွက်ခွာခဲ့ကြသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၏ ကြိုးပမ်းမှုဖြင့် မဂွေဇ-ခေါင်လန်ဖူးလမ်း ဖောက်လုပ်ရာတွင် ပထမရည်မှန်းချက် ဖြစ်သော မဂွေဇ-မေခမြစ်အပိုင်းတွင်  အခက်ခဲဆုံးဖြစ်သော ပေ ၇၇၀၀ ဆန်းလွှတ်ချက်တောင်အား ခက်ခဲစွာကြိုးပမ်း ဖြတ်ကျော်နိုင်ခဲ့ပြီး တောင်ဆင်း ကားလမ်း(၄၂/၂)မိုင်အထိ ဖောက်လုပ်နိုင်ခဲ့ပြီး ဖြစ်သဖြင့် ယခင်က မဂွေဇမှ ခေါင်လန်ဖူးသို့ ဒေသခံပြည်သူများ ခက်ခဲပင်ပန်းအချိန်ကြာမြင့်စွာ ကူးလူး သွားလာခဲ့ရမှု အခြေအနေမှ မကြာမီ ကားလမ်းပေါက်အောင် ဆောင်ရွက်သွားနိုင်မည်ဖြစ်သဖြင့် ခေါင်လန်ဖူးဒေသ၏ လူမှုစီးပွားဘ၀များ တိုးတက်မြင့်မား လာနိုင်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။           

 (သတင်းစဉ်)

Read 88 times Last modified on Thursday, 23 January 2020 10:11