SJ WorldNews - шаблон joomla Авто

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဟားခါးမြို့ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများအား ကြည့်ရှုကာ သားဖွားသင်တန်းကျောင်း(ဟားခါး) ဖွင့်ပွဲ အခမ်းအနား တက်ရောက်

Monday, 17 February 2020 09:59 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၁၆

ချင်းပြည်နယ် ထန်တလန်မြို့၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနှင့် ဦးအုန်းမောင်၊ ချင်းပြည်နယ် ၀န်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ဦးကျော်မျိုးနှင့် ဦးမြင့်ကြိုင်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ထန်တလန်မြို့မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာခဲ့ကြပြီး ဟားခါးမြို့သို့ရောက်ရှိရာ  ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံယဉ်ကျေးမှု အဖွဲ့မှ တိုင်းရင်းသား၊ တိုင်းရင်းသူများ၊   ဒေသခံပြည်သူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် ဟားခါးတက္ကသိုလ်  ဘွဲ့နှင်းသဘင် ခန်းမတည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိရာ ရှင်းလင်းဆောင်၌  အဆောက်အဦ ဦးစီးဌာနမှ အင်ဂျင်နီယာချုပ် ဒေါ်အေးအေးမော်က ချင်းပြည်နယ်အတွင်း အဆောက်အဦ ဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်နေသည့် အဆောက်အအုံများနှင့်   စပ်လျဉ်းသည့် အချက်အလက်များ၊ ဟားခါးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ တည်ဆောက်ရေး အတွက်   နှစ်အလိုက် ဘဏ္ဍာငွေရရှိမှု၊ လက်ရှိ တည်ဆောက်ပြီးစီးမှု အခြေအနေ၊ တက္ကသိုလ်မုခ်ဦး တည်ဆောက်မည့်နေရာ၊ မင်းတပ်တက္ကသိုလ်ပေါင်းစု တည်ဆောက်နေမှုနှင့်   လုပ်ငန်းပြီးစီးမှု အခြေအနေ၊ တက္ကသိုလ်ရေနှင့် လျှပ်စစ်မီး ရရှိရေး ဆောင်ရွက်နေမှုတို့နှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဟားခါးကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာ လျန်ဇာခုပ်က ဟားခါးတက္ကသိုလ်အတွက် ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် လိုအပ်ချက်များကို လည်းကောင်း ရှင်းလင်း တင်ပြကြသည်။

ယင်းနောက်   ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်များအား   ဖြည့်စွက်ရှင်းလင်း တင်ပြသည်။

တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက ဟားခါးတက္ကသိုလ် နယ်မြေကို တက္ကသိုလ်ကောလိပ်ပေါင်းစုံ တစ်နေရာတည်း စုစည်းသင်ကြားပေးနိုင်သည့် နယ်မြေတစ်ခုဖြစ်အောင် ဆောင်ရွက်သွားစေလိုကြောင်း၊ တက္ကသိုလ်နယ်မြေရှိ  မြေလွတ်နေရာများတွင်   ဒေသချယ်ရီပင်များကို စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်ရန်နှင့် ကျောင်းသား၊ ကျောင်းသူ တစ်ဦးချင်းစီ အနေဖြင့်လည်း ၎င်းတို့ကိုယ်တိုင် အမှတ်တရ သစ်ပင်စိုက်ပျိုးစေသည့် အစီအစဉ် များ ဆောင်ရွက်ပေးသွားရန် မှာကြားပြီး လိုအပ်ချက်များကိုတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယသမ္မတသည် ဘွဲ့နှင်းသဘင်ခန်းမ တည်ဆောက်နေမှုအား လိုက်လံကြည့်ရှုသည်။ ထို့နောက် ဒုတိယသမ္မတသည် ဟားခါးမြို့ နွယ်ချောင်း ရေလှောင်တမံတည်ဆောက်မည့် မြေနေရာအား ကြည့်ရှုရာ    ချင်းပြည်နယ်  ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်ကျော်မြင့်က စီမံကိန်းဆောင်ရွက်ရန် မြေပြင်တိုင်းတာ စမ်းသပ်ခြင်း လုပ်ငန်း ဆောင်ရွက်ထားရှိမှုနှင့် စီမံကိန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယသမ္မတသည် စီမံကိန်းဆောင်ရွက်မည့် နေရာနှင့် ဘူမိဗေဒ လေ့လာဆန်းစစ်မှုများ ဆောင်ရွက်ထားသည့် မြေသားများအား ကြည့်ရှုသည်။

ထို့နောက် ဒုတိယသမ္မတသည် ဟားခါးမြို့ အမှတ်(၂)ရပ်ကွက် ၆ လမ်းဆုံ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၏ စရိတ်ကျခံမှု၊ ကမ္ဘောဇအလင်းတန်း ဖောင်ဒေးရှင်းက စက်ပစ္စည်း ကူညီပံ့ပိုးမှုတို့ဖြင့်    ဒေသခံပြည်သူများအတွက် စက်ရေတွင်း တူးဖော်နေမှုကို ကြည့်ရှုသည်။

ယင်းနောက် ဒုတိယသမ္မတသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာန သားဖွားသင်တန်းကျောင်း (ဟားခါး)ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။ အခမ်းအနားတွင်    ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ ပြည်နယ်လူမှုရေး ၀န်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေးနှင့် သားဖွားသင်တန်းကျောင်း (ဟားခါး)ကျောင်းအုပ် ဒေါ်အိအိမြင့်တို့က သားဖွား သင်တန်းကျောင်း(ဟားခါး) အဆောက်အအုံကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက်   ဒုတိယသမ္မတ၊ ပြည်နယ်ဝန်ကြီးချုပ်၊  ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေး ၀န်ကြီးနှင့်   အမြဲတမ်းအတွင်းဝန်တို့က သားဖွား သင်တန်းကျောင်း (ဟားခါး)ဆိုင်းဘုတ်ကို   စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး    ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးကြသည်။

ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် ဟားခါးမြို့ ယဉ်ကျေးမှု အဖွဲ့မှ တိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် လည်းကောင်း၊ သင်တန်းကျောင်းမှ ဆရာမများ၊ သင်တန်းသူများနှင့် လည်းကောင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး သင်တန်းကျောင်းအတွင်း လိုက်လံကြည့်ရှုသည်။

ထို့နောက် ဒုတိယသမ္မတက အမှာစကား ပြောကြားရာတွင် ချင်းပြည်နယ်အတွက် ဂုဏ်ယူဖွယ်ရာ သားဖွား သင်တန်းကျောင်းသစ်ကြီးကို မြို့တော်ဟားခါးတွင် ဖွင့်လှစ်နိုင်သည့်အတွက် ချင်းပြည်နယ်  ပြည်သူလူထုနှင့်အတူ ဂုဏ်ယူဝမ်းမြောက်မိကြောင်း၊

ချင်းပြည်နယ်၌ ယခုကဲ့သို့ သားဖွားသင်တန်းကျောင်းသစ်ကြီးကို ဖွင့်လှစ်နိုင်  ခဲ့သည့်အတွက်   ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ် လေ့ကျင့်မွေးထုတ်ရေးတွင် သမိုင်းမှတ်တိုင်တစ်ခု  စိုက်ထူနိုင်ပြီဖြစ်ကြောင်း၊ ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်များကို မွေးထုတ်ရန်   ယခင်က ချင်းပြည်နယ်တွင် ဖလမ်းမြို့  သူနာပြုသားဖွားသင်တန်းကျောင်း တစ်ကျောင်းရှိကြောင်း၊ ယင်းသင်တန်းကျောင်းတွင် ချင်းပြည်နယ်မှ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အောင်မြင်ပြီး သူနာပြု-သားဖွား ဒီပလိုမာ တက်ရောက်လိုသူ သင်တန်းသား၊ သင်တန်းသူ ၈၀ ခန့်ကို နှစ်စဉ်လက်ခံ သင်ကြားပေးနေသည်ဟု သိရှိရကြောင်း၊    သားဖွား သင်တန်းသူများကိုလည်း နှစ်စဉ် ၂၅ ဦးခန့် လက်ခံပြီး ချင်းပြည်နယ်တွင် သင်တန်းကျောင်း မရှိသည့်အတွက် ဗဟိုသားဖွား သင်တန်းကျောင်း(ရန်ကုန်)တွင်  လက်ခံသင်ကြား ပေးနေခဲ့ရကြောင်း၊   သားဖွားသင်တန်းကျောင်း တစ်ကျောင်း  ဖွင့်လှစ်နိုင်ရန်   ချင်းပြည်နယ် အစိုးရအဖွဲ့နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက် ကြိုးစားရာမှ ယခုကဲ့သို့ သားဖွားသင်တန်း ကျောင်းသစ်ကြီးကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခြင်းဖြစ်ကြောင်း၊ အရည်အသွေးပြည့်ဝသည့် သားဖွားဆရာမကောင်းများ မွေးထုတ်နိုင်ပါစေကြောင်းနှင့်ပြည်သူလူထုမှ အားကိုးယုံကြည်ပြီး မွန်မြတ်သော လုပ်ငန်းအဖြစ် ရေရှည်အောင်မြင်စေရန်ကြိုးစား ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ် အပ်ပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဟားခါးမြို့တွင် သားဖွားသင်တန်းကျောင်း ဖွင့်လှစ်နိုင်ခြင်းအားဖြင့် ချင်းပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေပြီး အရည်အသွေးပြည့်မီသော ကျန်းမာရေး စောင့်ရှောက်မှု အဆင့်အတန်း မြင့်မားစေရေး ဆောင်ရွက်ရာတွင် အားဖြည့်ပေးနိုင်မည် ဖြစ်သည့်အတွက် ယခုသင်တန်းကျောင်းကို ရေရှည်တည်တံ့ အောင်မြင်အောင် ၀ိုင်းဝန်း ထိန်းသိမ်းကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်လေးက   သားဖွားသင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ၊ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်း များ၊ သားဖွားသူနာပြု မွေးထုတ်ပေးနိုင်မည့် အခြေအနေနှင့် သင်တန်းကျောင်း အတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် သားဖွား သင်တန်းကျောင်း(ဟားခါး) ဖွင့်လှစ်ပေးသည့်အတွက် ဒေသခံ ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် ဒုတိယသမ္မတအား အမြဲတမ်း အတွင်းဝန်   ဒေါက်တာသက်ခိုင်ဝင်းက သားဖွားသင်တန်းကျောင်း(ဟားခါး)ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် အမှတ်တရ လက်ဆောင်ပေးအပ်သည်။

ယခုဖွင့်လှစ်သည့် သားဖွားသင်တန်းကျောင်း(ဟားခါး)သည် ဟားခါး-ဖလမ်းကားလမ်းအနီး ဟားခါးထာရ်ရပ်ကွက်ရှိ မြေဧက ၂၀ ဒသမ ၂၆ ဧကပေါ်တွင် တည်ဆောက်ထားကြောင်း၊ အဆောက်အအုံမှာ RC ကွန်ကရစ် နှစ်ထပ်အမျိုးအစားဖြစ်ပြီး သင်တန်းသူ အိပ်ဆောင်များပါ ထည့်သွင်း တည်ဆောက်ထားကြောင်း၊ အဆိုပါသင်တန်းကျောင်းတွင် တစ်နှစ်လျှင် သင်တန်းသူ၅၀ ကို လက်ခံသင်ကြား ပေးနိုင်ကြောင်းသိရသည်။

ယင်းနောက် ဒုတိယသမ္မတသည် ချင်းပြည်နယ် တရားလွှတ်တော်ရုံး RC  ကွန်ကရစ်သုံးထပ် တည်ဆောက်နေမှုကို ကြည့်ရှုရာ တာဝန်ရှိသူများမှ အဆောက်အအုံ ပြီးစီးမှု အခြေအနေနှင့် ဘဏ္ဍာရန်ပုံငွေ ရရှိမှုအခြေအနေ တို့ကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယသမ္မတသည် အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားနှင့် ကာယပညာသိပ္ပံ(ဟားခါး)သို့ ရောက်ရှိရာ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း တည်ဆောက်ပြီးစီးခဲ့သည့် ကျောင်းအုပ်ချုပ်မှုရုံး၊ နှစ်ထပ်စာသင်ဆောင်၊ သင်တန်းသား၊ သင်တန်းသူနှစ်ထပ်အိပ်ဆောင်၊   ကျောင်းအုပ်ကြီး နေအိမ်၊ စတို၊ ရေလှောင်ကန်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း  ဆက်လက် ဆောင်ရွက်မည့် ၀န်ထမ်းအိမ်ရာ၊ လေ့ကျင့်ရေးရုံ၊   လက်ထောက်ညွှန်ကြားရေးမှူး နေအိမ်၊ ထမင်းစားဆောင်၊  မီးဖိုဆောင်၊  ဒုတိယကျောင်းအုပ်ကြီးနေအိမ်၊ ဆေးခန်း၊ ကားဂိုဒေါင်၊ အားကစားရုံ၊ အပျိုဆောင်၊ လူပျိုဆောင်၊  လျှပ်စစ်မီး သွယ်တန်းခြင်း လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတက  အားကစားနှင့် ကာယပညာသိပ္ပံ(ဟားခါး) ဧရိယာအတွင်း မြေလွတ်နေရာများ၌   ရာသီသီးပင်စားပင်များကို စနစ်တကျ စိုက်ပျိုးသွားရန်၊  သောက်သုံးရေ ဖူလုံစွာရရှိနိုင်ရေး အတွက် အ၀ီစိတွင်း တူးဖော်သွားရန်၊   အားကစားနှင့် ကာယပညာသိပ်္ပံ(ဟားခါး)အ၀င်  မြေသားလမ်းအရှည် ၁ မိုင်ခွဲအား ကွန်ကရစ်လမ်းအဖြစ်အဆင့်မြှင့်တင် ဆောင်ရွက်သွားရန် မှာကြားသည်။

ယင်းနောက်    ဒုတိယသမ္မတသည် အားကစားနှင့် ကာယပညာသိပ္ပံ(ဟားခါး) ဧရိယာအတွင်း တည်ဆောက်ပြီးစီးသည့် အဆောက်အအုံများနှင့် ဆက်လက်ဆောင်ရွက်မည့် စီမံကိန်း လုပ်ငန်းများအား လိုက်လံ ကြည့်ရှုသည်။

ထို့နောက် ဒုတိယသမ္မတသည် ဟားခါးမြို့ တီမစ်ရေထွက်မှ   ရေကိုစုဆောင်းပြီး မြို့ရေပေးဝေရေးအတွက်    ဆောင်ရွက်ထားရှိမှုနှင့် ရေထွက်ရှိမှုကိုကြည့်ရှုသည်။

ယင်းနောက် ဒုတိယသမ္မတသည် ဟားခါးမြို့ View Pointသို့ ရောက်ရှိပြီး မြို့ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို   ကြည့်ရှုသည်။

ထို့နောက် ဒုတိယသမဤတနှင့် အဖွဲ့သည် ဟားခါးမြို့မှ ရဟတ်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာကြရာ ကလေးမြို့သို့ရောက်ရှိပြီး ထိုမှတစ်ဆင့် လေကြောင်းခရီးဖြင့် ဆက်လက်ထွက်ခွာကြရာ ညနေပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိကြကြောင်း သိရသည်။

Read 186 times Last modified on Monday, 17 February 2020 10:01