SJ WorldNews - шаблон joomla Авто

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ပင်လောင်းမြို့နယ်ရှိ နန့်မွန်ကြီးရေတံခွန် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

Sunday, 23 February 2020 09:19 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဖေဖော်ဝါရီ ၂၂

အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ  ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဒေါက်တာမျိုးအောင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ  ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ မော်တော် ယာဉ်များဖြင့်ထွက်ခွာကြပြီး ရှမ်းပြည်နယ် ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့သို့ ရောက်ရှိကြရာ  ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများဖြစ်ကြသည့် ဦးစိုးညွန့်လွင်၊ ဒေါက်တာညီညီအောင်နှင့် ဦးစိုင်းဆွန်စိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက် ကြသည်။ ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအား ပေါင်းလောင်းရေဆိပ် ရှင်းလင်းဆောင်၌ ရှမ်းပြည်နယ်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က  နမ့်မွန်ကြီး ရေတံခွန်နောက်ခံသမိုင်း၊ ရည်ရွယ်ချက်၊ နှစ်အလိုက် ခရီးသွားလာရောက်လည်ပတ်မှုနှင့် လက်ရှိခရီးသွား လုပ်ငန်းအခြေအနေ၊ ဒေသခံများအနေဖြင့် ခရီးသွားများတည်းခိုရန် ယာယီဝါးတဲများတည်ဆောက်ထားမှု၊ ခရီးသွား ဖွံ့ဖြိုးတိုးတက်နိုင်မှု အလားအလာနှင့် အခြေခံ အဆောက်အဦ လိုအပ်ချက်၊  နမ့်မွန်ကြီးရေတံခွန် ခရီးစဉ်အတွက် ရင်းနှီးမြှုပ်နှံရန်အဆိုပြုထားမှုနှင့် အဆောက်အအုံတည်ဆောက်ရန် အဆိုပြုပုံစံများ၊ ခရီးစဉ် ဒေသရေရှည်ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်သွားရမည့်အချက်များ၊ ရပ်ရွာလူထုပါဝင်သော ခရီးသွား လုပ်ငန်းဖြစ်ပေါ် လာစေရေး ဆောင်ရွက်သွားမည့်အစီအစဉ်များ၊ လူ့စွမ်းအားအရင်းအမြစ်မြှင့်တင်ပေးရန် ဆောင်ရွက်မည့် အခြေအနေနှင့် ပတ်ဝန်းကျင် မထိခိုက်စေရေးအတွက် ဆောင်ရွက်သွားမည့်အစီအစဉ်များကို လည်းကောင်း၊ ရွာငံမြို့နယ် ပန်းလောင်ပြဒါးလင်း  သဘာဝဘေးမဲ့တောဆိုင်ရာ အချက်အလက်များနှင့် ခရီးသွား လုပ်ငန်းမြှင့်တင်ရေး စီမံချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြရာ  ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ပြည်နယ်ဝန်ကြီးများ၊ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက နမ့်မွန်ကြီးရေတံခွန် ခရီးစဉ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု၊ ခရီးစဉ်အလား အလာကောင်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက လိုအပ်သည်များကိုမှာကြားသည်။ ယင်းနောက်  ဒုတိယသမ္မတနှင့်အဖွဲ့သည် ပေါင်းလောင်းမြို့ရေဆိပ်မှ ရေယာဉ်ငယ်များဖြင့် ပေါင်းလောင်းဆည် ပတ်ဝန်းကျင်ရေဝေရေလဲထိန်းသိမ်းထားရှိမှု၊ ဆည်အတွင်းရေ၀င်ရောက်မှုတို့ကို ကြည့်ရှုစစ်ဆေးပြီး   ထွက်ခွာခဲ့ရာ နမ့်မွန်ကြီး ရေတံခွန်ရေဆိပ်သို့ ရောက်ရှိကြသည်။ ထို့နောက် ဒုတိယသမ်္မတက နမ့်မွန်ကြီး ရေတံခွန် အဆင့်ဆင့် ရေစီးဆင်းနေမှု၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ထားရှိမှု၊ ခရီးသွားများ လာရောက်အပန်းဖြေအနားယူနေမှုနှင့် ခရီးစဉ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ပေးရမည့် အခြေအနေ များကို လိုက်လံကြည့်ရှုပြီး အဖွဲ့ဝင်များနှင့် လည်းကောင်း၊  ခရီးသွားပြည်သူများနှင့် လည်းကောင်း   အမှတ်တရ ဓာတ်ပုံရိုက်သည်။ ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် နမ့်မွန်ကြီးရေတံခွန်မှ ရေယာဉ်ငယ် များဖြင့်ပြန်လည်ထွက်ခွာလာကြရာ ပေါင်းလောင်းရေဆိပ်သို့ ရောက်ရှိကြပြီး မော်တော်ယာဉ်များဖြင့် ဆက်လက် ထွက်ခွာခဲ့ကြရာ ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။ နမ့်မွန်ကြီး ရေတံခွန်မှာ ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်းမြို့နယ် လိန်းလီ သစ်တောကြိုးဝိုင်းအတွင်း  ပေါင်းလောင်း မြို့၏မြောက်ဘက် ၁၂ မိုင်အကွာတွင် တည်ရှိပြီး ရေတံခွန်သည် ရေပြာရေတံခွန် ဖြစ်ကာ ပြည်တွင်း ပြည်ပခရီးသွားများကို ဆွဲဆောင်မှုရှိသည့် ခရီးစဉ်တစ်ခုဖြစ်အောင် စီစဉ်လျက်ရှိကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ခရီးသွား ၈၀၀၀၊ ၂၀၁၉ ခုနှစ်တွင် ခရီးသွား ၁၂၀၀၀ လာရောက်လည်ပတ်ခဲ့ပြီး ခရီးသွားများအတွက် စက်လှေဝန်ဆောင်မှုများ ကောင်းမွန်အောင် စီစဉ်ထားကြောင်း၊ နမ့်မွန်ကြီးရေတံခွန်ခရီးစဉ်ကို ရပ်ရွာလူထု အခြေပြုခရီးသွားလုပ်ငန်းဖြစ်စေရန် ဆောင်ရွက်လျက်ရှိပြီး အနာဂတ်ကာလတွင် ရေတံခွန်ဒေသတွင် ပြည်တွင်း ပြည်ပခရီးသွားများ အဆင်ပြေချောမွေ့စေရန် တည်းခိုဆောင်များနှင့် အပန်းဖြေစရာများကို နမ့်မွန်ကြီးရေတံခွန်ဒေသ၌ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

Read 177 times Last modified on Sunday, 23 February 2020 09:25