SJ WorldNews - шаблон joomla Авто

ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများကို ဆက်လက် ဆွေးနွေး (ပထမပိုင်း)

Thursday, 27 February 2020 11:03 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဖေဖော်ဝါရီ ၂၆၊  ပြည်ထောင်စုလွှတ်တော် အစည်းအဝေး

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို  ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းပါ ပုဒ်မ ၂၆၂ ပုဒ်မခွဲ(ဋ)ပြင်ဆင်ချက်နှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်နာယကက ယမန်နေ့က ကျင်းပသည့်    ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်အောင်စန်းချစ်က ၎င်းတင်သွင်းထားသည့် ဥပဒေမူကြမ်းပါ  ပုဒ်မ ၂၆၂  ပုဒ်မခွဲ(ဋ)နှင့် စပ်လျဉ်း၍ စကားရပ်အချို့ ကျန်ရှိနေကြောင်း တင်ပြမှုအပေါ် စိစစ်ချက်အရ    ရုံးပိုင်းဆိုင်ရာ မှားယွင်းမှုဖြစ်သည့်အတွက်   ဖြည့်စွက် ပြင်ဆင်ပေးမည်ဖြစ်သည်ကို ရှင်းလင်းပြောကြားခဲ့ကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်    ဥပဒေမူကြမ်းနှင့်   စပ်လျဉ်း၍ လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ နောက်ဆက်တွဲ(ဃ) ဇယား၊ (ဆ) ဇယား၊ (ဈ-၁) ဥပဒေမူကြမ်းဇယားနှင့် (ဈ-၂) ဇယားတို့ပါ ပုဒ်မ ၂၆၂ ပုဒ်မခွဲ(ဋ)တွင် စကားရပ်အချို့ ထည့်သွင်းပြင်ဆင်ထားသည့် ဇယားကိုလည်း    ယနေ့တွင် လွှတ်တော် ကိုယ်စားလှယ်များထံ ဖြန့်ဝေထားကြောင်း။

ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များထံ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် ဖြန့်ဝေခဲ့သည့် အစီရင်ခံစာ၏ နောက်ဆက်တွဲ(ဇ-၁)နှင့် (ဈ-၁)တို့ပါ ဥပဒေမူကြမ်းများ၏ ပြင်ဆင်ချက်ဇယား နှစ်ခုဖြစ်သည့် နောက်ဆက်တွဲ (ဇ-၂)နှင့် (ဈ-၂)တို့အပေါ် အဖွဲ့လိုက် တင်သွင်းထားသည့် ဥပဒေမူကြမ်း မူများနှင့်စပ်လျဉ်း၍  အလားတူ ကွဲလွဲမှု တစ်စုံတစ်ရာရှိပါက ပြည်ထောင်စု လွှတ်တော်ရုံး၌   တိုက်ရိုက် ဆက်သွယ်နိုင်ကြောင်း အသိပေး ပြောကြားသည်။

ထို့နောက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် အမည်စာရင်း တင်သွင်းထားကြသော လွှတ်တော်ကိုယ်စားလှယ်များက ဆက်လက် ဆွေးနွေးကြရာ သီပေါမဲဆန္ဒနယ်မှ    ဦးစိုင်းသန့်ဇင်က လက်ရှိကျင့်သုံးနေသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ဖက်ဒရယ်ပုံသဏ္ဌာန် ရှိပါသည်ဟု မည်သို့ပင်ပြောပြော ပြည်နယ်လွှတ်တော်များ၏ ဥပဒေပြဋ္ဌာန်းပိုင်ခွင့်ကို လေ့လာကြည့်ပါက သိသာနေသလို ပြည်နယ်အစိုးရများကို ဖွဲ့စည်းရာတွင်လည်း ပြည်နယ်လွှတ်တော်၏ အခန်းကဏ္ဍက မရှိသလောက်ဖြစ်နေကြောင်း၊ ပြည်နယ်အခြေစိုက် ပါတီများ ပြည်နယ်အဆင့်တွင်    ဘယ်လောက်ပဲ အားကောင်းနေပါစေ ကိုယ့်ပြည်နယ်၏ အစိုးရ ဖွဲ့စည်းမှုအပေါ် ဘာမှမတတ်နိုင်သည့် အခြေအနေက   လက်တွေ့ပဲဖြစ်ကြောင်း။

ပြင်ဆင်ချက်များထဲတွင် ““နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်သည်””ဟု ပြဋ္ဌာန်းထားသော ပုဒ်မ ၈ ကို ပြည်ထောင်စုစစ်စစ် ပေါ်လွင်စေရန် ““နိုင်ငံတော်ကို ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု စနစ်ဖြင့် ဖွဲ့စည်းတည်ထောင်သည်”” ဟု ဆိုသော    ပြင်ဆင်ချက်ပါလာကြောင်း၊ သို့သော်လည်း  ပြည်နယ်များကို အာဏာခွဲဝေပေးသည့် အခန်းကဏ္ဍများ ပျောက်နေပြီး ပြင်ဆင်ပြဋ္ဌာန်းချက် ပါမလာသည်ကလည်း ထူးထူးခြားခြား ဖြစ်နေကြောင်း၊ ရှေ့နောက်မညီ ဖြစ်နေကြောင်း၊ ပြည်နယ်နေ တိုင်းရင်းသားများ အနေဖြင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အ၀ရရှိပြီး   ကိုယ့်ပြည်နယ် ဖွဲ့စည်းပုံနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရန် ဖြစ်ကြောင်း၊ တိုင်းရင်းသားများက မျှော်မှန်းသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အ၀ မဟုတ်သော်လည်း     ကိုယ့်ပြည်နယ် လွှတ်တော်ကနေ ကိုယ့်ပြည်နယ် အစိုးရကို ရွေးချယ်တင်မြှောက်ခွင့် ရှိအောင် ပြင်ဆင်ပြဋ္ဌာန်းပေးကြသော လွှတ်တော် ကိုယ်စားလှယ်များ၏ ပြင်ဆင်ပြဋ္ဌာန်းချက်များကို ကြိုဆိုကြောင်း။

ဗိုလ်ချုပ်၏ ရုပ်တုများ နိုင်ငံအနှံ့တွင် စိုက်ထူနေသလို ဗိုလ်ချုပ်၏ ပြည်နယ်များအပေါ် ပေးထားခဲ့သော ပင်လုံကတိက၀တ်များကိုလည်း ပြည်နယ်သားများ၏ နှလုံးသားထဲရောက်အောင် ပြန်လည်စိုက်ထူ ပေးရမည့် အချိန်အခါဖြစ်ကြောင်း၊ သို့သော်လည်း ကြွေးကြော်သံများသာ  ကြားနေရပြီး လက်တွေ့ဖော်ဆောင်မှုများကို မတွေ့မမြင်နိုင်ကြရသေးတာလည်း ပြည်နယ်များ၊ တိုင်းရင်းသားများ အတွက် စိတ်ပျက်ကြေကွဲ ၀မ်းနည်း စရာဖြစ်ကြောင်း၊ မငြိမ်းချမ်းသည့် ဘ၀များကြားတွင် အသက်လုပြေးလွှားနေကြရပြီး   ခေတ်တွေသာ   တစ်ခေတ်ပြီး တစ်ခေတ် ပြောင်းသွားကြောင်း၊ ထို့ကြောင့် စစ်မှန်သည့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို ဖွဲ့စည်းတည်ထောင်နိုင်မည့် ဖွဲ့စည်းပုံပြင်ဆင်ရေး လမ်းကြောင်းအမှန်ပေါ်သို့ ဆက်လက်အမြန် တက်လှမ်းနိုင်ကြပါစေကြောင်း ဆွေးနွေးသည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်    ဗိုလ်မှူးချုပ်နေမျိုးအောင်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀ (ဂ)၏ မူလပြဋ္ဌာန်းချက်သည် ““တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့ အားလုံး၏ အကြီးအကဲဖြစ်သည်””ဟူ၍ ဖြစ်ကြောင်း၊  ပြင်ဆင်ရန် တင်ပြချက်မှာ ပယ်ဖျက်ရန်ဖြစ်ပြီး မိမိ၏ အဆိုပြုချက်မှာ မူလပြဋ္ဌာန်းချက် အတိုင်း ထားရှိရန်သာ ဖြစ်ကြောင်း။

တပ်မတော်သည် အမျိုးသားရေး တာဝန်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ် ပန်ဆင်ပြီး နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားကို အစဉ်ရှေးရှု ဆောင်ရွက်လျက်ရှိကြောင်း၊   မူလတာဝန်ဖြစ်သည့် နိုင်ငံတော် ကာကွယ်ရေးနှင့် ဘက်စုံလုံခြုံရေး တာဝန်များအပြင်  တစ်မျိုးသားလုံးနှင့် ဆိုင်သည့် အေးချမ်းသာယာခြင်း၊ စည်ပင်ဝပြောခြင်း၊ တရားမျှတ လွတ်လပ်ခြင်းနှင့် ပြည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်း    စသည့် လောကီကောင်းကျိုးသုခ အဖြာဖြာကို ဖော်ဆောင်ပေးနိုင်သည့် အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှာ တစ်တပ်တစ်အား ပါဝင်ထမ်းဆောင်လျက်ရှိခြင်း တွေ့ရကြောင်း၊ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အား ရှိမည်ဖြစ်ပြီး တပ်မတော် ပြိုကွဲရင် တိုင်းပြည်ပါပြိုကွဲပြီး အချုပ်အခြာ အာဏာပါ ထိခိုက်ဆုံးရှုံးမယ် ဆိုခြင်းကို မိမိတို့အားလုံး အလေးအနက်ထား သတိချပ်ကြရန် လိုအပ်ကြောင်း။

တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှု ကာလနှင့် လွတ်လပ်ရေးကို ကာကွယ် ထိန်းသိမ်း စောင့်ရှောက်ခဲ့ရသည့် ကာလများတွင်  နိုင်ငံတော်၏ စစ်ရေးတာဝန်များကို သာမက     နိုင်ငံရေး တာဝန်များကိုပါ ထမ်းဆောင် ခဲ့ရကြောင်း၊ ၁၉၄၈ ခုနှစ်ကနေစပြီး  လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာတဲ့ ပြည်တွင်းသောင်းကျန်းမှု အန္တရာယ်ကို နှိမ်နင်းခြင်း၊ ပြည်ပတရုတ်ဖြူ ကျူးကျော်မှု ရန်စွယ်ကို ကာကွယ်ခြင်း၊ မူဂျာဟစ်ကုလားဆိုး သောင်းကျန်းသူများကို နှိမ်နင်းခြင်းများကို ဆောင်ရွက်ခဲ့ရကြောင်း၊ ထိုတာဝန် များ ထမ်းဆောင်နေရင်းနှင့် နိုင်ငံရေးအရ တပ်မတော်ကို ပြိုကွဲပျက်စီးအောင် လုပ်ခဲ့ကြသည့်   လက်ဝဲလက်ယာ၊    မြေပေါ်မြေအောက်၊ ပြည်တွင်းပြည်ပ အဖျက်သမားများ၏    အန္တရာယ်များကိုလည်း ရင်ဆိုင်တွန်းလှန် ခဲ့ရကြောင်း၊ တပ်မတော် ပြိုကွဲစေပြီး နိုင်ငံတော် အချုပ်အခြာအာဏာကိုပါ ဆုံးရှုံးစေမည့် အဆိုပါ အန္တရာယ်များကို တပ်မတော်အကြီးအကဲ ခေါင်းဆောင် အဆက်ဆက်က      အစွမ်းကုန်ကြိုးပမ်း ကာကွယ်ဆောင်ရွက်ခဲ့ကြခြင်းကို တွေ့ရှိရကြောင်း။

ပါတီစုံစနစ် ကျင့်သုံးခဲ့သည့် ဖဆပလ လက်ထက် ၁၉၅၅ ခုနှစ် အောက်တိုဘာလမှာ ပျူစောထီးတပ်များကို ဖွဲ့စည်းခဲ့ကြကြောင်း၊ ထိုတပ်ဖွဲ့များသည် ပြည်သူများကို ကာကွယ်စောင့်ရှောက်ရမည့် အစား လက်နက်အားကိုးနှင့်   ရမ်းကားခဲ့ကြပြီး ပါတီအုပ်စုများ၏ ခါးပိုက်ဆောင်တပ်များသဖွယ် ပြုကျင့်ခဲ့ကြကြောင်း၊ ဖဆပလ နှစ်ခြမ်းကွဲသည့်အခါ ပျူစောထီးများ၏ အခြေအနေများသည် ပိုမိုဆိုးရွားလာခြင်း ကြောင့် ၁၉၅၈ ခုနှစ် စက်တင်ဘာ ၁ ရက်မှာ  ပျူစောထီးတပ်များကို ဖျက်သိမ်းခဲ့ရသည့် သာဓကများ ရှိခဲ့ကြောင်း၊ ထို့ပြင်   အာဏာရ နိုင်ငံရေးပါတီမှ နိုင်ငံရေးသမား တချို့သည် တပ်မတော်ကို ချည့်နဲ့အောင် ဖြိုခွဲရေး (Disorganize) လုပ်ရန်အတွက် ပြည်ထဲရေးဝန်ကြီး လက်အောက်မှာရှိသည့် ရဲ၊ ပြည်ထောင်စစ်ရဲ (ယူ၊ အမ်၊ ပီ)များကိုလည်း Mobilize လုပ်ခဲ့ကြကြောင်း၊ အဆိုပါ စင်ပြိုင် လက်နက်ကိုင်တပ်များကို ခါးပိုက်ဆောင် တပ်အနေဖြင့်   မွေးမြူပြီး တပ်မတော်ကို ဖြိုခွဲရန်နှင့် အစားထိုးရန် လုပ်ခဲ့သလို ကွန်မြူနစ် သောင်းကျန်းသူများကိုလည်း ဥပဒေဘောင်အတွင်း ၀င်ရောက်စေပြီး လက်နက်ကိုင်ဆောင်ခွင့် ပေးရန် ကြံစည်ခဲ့ ကြကြောင်း၊ တပ်မတော်သည် ထိုကဲ့သို့ အန္တရာယ်များကို ကာကွယ်ခဲ့ရပြီး ၁၉၅၈ ခုနှစ်ကနေ ၁၉၆၀ ပြည့်နှစ်အတွင်း ကာလမှာ  အိမ်စောင့်အစိုးရ တာဝန် ပူးတွဲယူခဲ့ပြီး နိုင်ငံတော်ကို   ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ခဲ့ရကြောင်း၊  ၁၉၆၂ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိကာလတွင် တပ်မတော်သည် ပြည်ပြေး သောင်းကျန်းသူများကို အမြစ်ပြတ်ချေမှုန်းခြင်း၊ ပဲခူးရိုးမနှင့် မြစ်ဝကျွန်းပေါ် ဒေသမှာရှိသည့်   ဗကပအပါအ၀င် ပြည်တွင်းသောင်းကျန်းသူ အမြစ်ပြတ် ချေမှုန်းရေးများကို ဆောင်ရွက်ခြင်း၊ အရှေ့မြောက်ဒေသမှာ ဗကပထိုးစစ်ကို ဟန့်တားချေမှုန်းခြင်း စသည်တို့ကို အသက်သွေးချွေးပေါင်း မြောက်မြားစွာ ပေးဆပ်ပြီး    တာဝန်ယူ ဆောင်ရွက်ခဲ့ရကြောင်း၊ ၁၉၈၈ ခုနှစ်မှာ ဒီမိုကရေစီ တောင်းဆိုသည့် အရေးအခင်းကို အကြောင်းပြုပြီး  လက်ဝဲ၊ လက်ယာ အဖျက်သမားများက မြေပေါ်ဆူပူမှုနှင့် မြေအောက်သောင်းကျန်းမှုများကို ချိတ်ဆက်၍ ဆက်စပ်ပြီး အာဏာသိမ်းယူရန်နှင့် တပ်မတော်ပြိုကွဲလုနီးပါး  ခါးသီးသည့် လုပ်ဆောင်ချက်များကို လုပ်ခဲ့ကြကြောင်း၊ သို့သော်  တပ်မတော်သည်    နိုင်ငံတော် မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ကြံ့ကြံ့ခံ တွန်းလှန်ဆောင်ရွက်ခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ်အထိ ကာလတွင်      နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု  တည်ဆောက်ရေးအဖွဲ့၊ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီများအဖြစ် နိုင်ငံတော်တာဝန် အရပ်ရပ်ကို တာဝန်ယူခဲ့ရပြီး ခေတ်အဆက်ဆက်မှာလည်း သမိုင်းပေး တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ပေးခဲ့ခြင်းများကို အကျဉ်းချုပ်ပြီး    တင်ပြခြင်း ဖြစ်ကြောင်း၊ မျက်မှောက်ကာလတွင်လည်း တပ်မတော်သည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ စည်းလုံး ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထုက ရွေးချယ်သော ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ လျှောက်လှမ်းနိုင်ရန် ထိန်းသိမ်း ဆောင်ရွက်ရေးများကို တပ်မတော်၏ ရပ်တည်ချက်အဖြစ်     မြဲမြံစွာခံယူ လုပ်ဆောင်လျက်ရှိကြောင်း။

မြန်မာနိုင်ငံ၏  သမိုင်းဖြစ်ရပ်များကို သင်ခန်းစာယူပြီး တပ်မတော်အပါအ၀င် ဖြစ်သည့်   လက်နက်ကိုင် အဖွဲ့အစည်း အားလုံးအပေါ် နိုင်ငံရေးဆိုင်ရာ ထိန်းချုပ် ကြပ်မတ်မှုများဖြင့် ပါတီများ၊ ပုဂ်္ဂိုလ်များ၊ အဖွဲ့အစည်းများ၏ နိုင်ငံရေး သြဇာလွှမ်းမိုးမှု မရှိစေရေးအတွက် လည်းကောင်း၊ နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်း များသည် တပ်မတော်၏ အရန်အင်အားဖြစ်ပြီး နိုင်ငံ့အကျိုးကို တပ်မတော်နှင့်အတူ လက်တွဲဆောင်ရွက်ကြရမည့် အဖွဲ့အစည်းများ ဖြစ်သည့်အတွက် လည်းကောင်း၊ နိုင်ငံတော် ကာကွယ်ရေး၊ လုံခြုံရေး ကိစ္စရပ်များတွင် လက်နက်ကိုင်တပ်ဖွဲ့ အားလုံးကို စနစ်တကျ ကွပ်ကဲကြပ်မတ်နိုင်ရန် အတွက်လည်းကောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည်   လက်နက်ကိုင် တပ်ဖွဲ့အားလုံး၏ အကြီးအကဲဖြစ်ကြောင်းကို ပုဒ်မ ၂၀(ဂ)တွင် ပြဋ္ဌာန်းထားခြင်း ဖြစ်ကြောင်း။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပြီးဆုံး၍ ထာဝရငြိမ်းချမ်းရေး ရရှိလာသည့်အခါတွင် နိုင်ငံတော်အတွင်း တရားဝင် လက်နက်ကိုင် အဖွဲ့အစည်းများသာ ရှိလာမည်ဖြစ်ကြောင်း၊ တပ်မတော်သည်လည်း တစ်ခုတည်းသော တပ်မတော်သာ ဖြစ်ရမည်ဖြစ်သည့်အတွက် မူရင်းပြဋ္ဌာန်းချက်သည် ပြည့်စုံလုံလောက်ပြီးဖြစ်ကြောင်း၊   မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ Civil  Security  Force ဖြစ်ပေမယ့် လက်ရှိကာလ မြန်မာနိုင်ငံမှာ လက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့အစည်းများ၏ အန္တရာယ်သည် နိုင်ငံအနှံ့ရှိနေခြင်းကြောင့်  ပြည်သူများကို အကာအကွယ်ပေးရန် Law Enforcement လုပ်ငန်း၊ Rule  of  Law လုပ်ငန်းများအပြင် လုံခြုံမှုထိန်းသိမ်းရေး လုပ်ငန်းများကိုပါ ထမ်းဆောင်ရသည့်  Paramilitary  Forceကဲ့သို့သော နယ်ခြားစောင့်ရဲတပ်ဖွဲ့များကိုလည်း ဖွဲ့စည်းထားရှိ ဆောင်ရွက်လျက် ရှိသောကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်မှုအောက်မှာသာ ထားရှိသင့်ခြင်းဖြစ်ကြောင်း၊ ယနေ့အချိန်တွင် ARSA ကဲ့သို့ နိုင်ငံဖြတ်ကျော် အကြမ်းဖက် အဖွဲ့အစည်းများ၏ တိုက်ခိုက်မှုများကိုပါ ကာကွယ်ရန် လိုအပ်ခြင်းကြောင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ကွပ်ကဲမှုအောက်မှာ လက်နက်ကိုင်တပ်ဖွဲ့အားလုံး ထားရှိခြင်းသည် နိုင်ငံနှင့်ပြည်သူအတွက် ပိုမိုအကျိုး ရှိစေမည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံ၏ အခြေအနေကို စဉ်းစားကြည့်မည်ဆိုလျှင် Defence  Services တစ်ခုတည်း အပေါ်မှာ ကြည့်နေရုံဖြင့် မရဘဲ   တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများ၊ ရဲတပ်ဖွဲ့ကို အစိုးရ၀န်ကြီး ဌာနတစ်ခုအောက်တွင် ထားရှိခြင်းနှင့် ယင်းဝန်ကြီးဌာနကို ကိုင်တွယ်သည့်   ၀န်ကြီးက ၎င်း၏ ပါတီအကျိုးအတွက် အသုံးပြုလာမှု၊ Political  Vergance ရှိလာနိုင်မှုများကို ထည့်သွင်း စဉ်းစားရမည်ဖြစ်ကြောင်း၊

လက်နက်ကိုင် တပ်ဖွဲ့များကို  စီမံခန့်ခွဲမည့် Institution ၏ ခိုင်ခိုင်မာမာ ရပ်တည်နိုင်မှုများကိုလည်း  ထည့်သွင်း စဉ်းစားရမည် ဖြစ်ကြောင်း၊ ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းအရ အမျိုးသားနိုင်ငံရေး လမ်းကြောင်းကို မယိမ်းယိုင်ရအောင်၊ အမျိုးသား အကျိုးစီးပွားကို မထိပါးရအောင် မျက်ခြည်မပြတ် စောင့်ရှောက် ထိန်းသိမ်းပေးရမည့် အမျိုးသားနိုင်ငံရေး အင်အားစုတစ်စုသည် မိမိတို့နိုင်ငံအတွက် အမှန်တကယ် လိုအပ်ကြောင်း၊ ထိုကဲ့သို့ နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် သစ္စာကိုထာဝစဉ် စောင့်ရှောက် ထိန်းသိမ်းခဲ့သည့် အစဉ်အလာကောင်းနှင့် ပြည့်စုံသည့် တပ်မတော်ဖြစ်ကြောင်း၊ လက်ရှိအချိန်မှာ  တပ်မတော်သည်  Institution ခိုင်မာမှုရှိပြီးသား အဖွဲ့အစည်းလည်း ဖြစ်ကြောင်း၊ ထို့ကြောင့်  ခိုင်မာမှုရှိသည့် အဖွဲ့အစည်းကို  ဦးစီးပြီး ဆောင်ရွက်နေသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ စီမံခန့်ခွဲမှုအောက်မှာ လက်နက်ကိုင်တပ်ဖွဲ့ အားလုံးကို ထားရှိရခြင်းဖြစ်ကြောင်း။

နိဂုံးချုပ်အနေဖြင့် တပ်မတော်သည် ဒို့တာဝန် အရေးသုံးပါးကို    ထိပါးလာမည့် မည်သည့်အန္တရာယ် အတားအဆီးကိုမဆို တွန်းလှန်ကျော်လွှားရမည်ဖြစ်ကြောင်း၊ ထိုအတားအဆီး အားလုံးကို  ကျော်လွှား၍ တိုင်းပြည်အကျိုး ဖော်ဆောင်နိုင်ရန် အတွက် ကာကွယ်ရေးစွမ်းအားရှိရန် လိုအပ်ကြောင်း၊ ထိုကာကွယ်ရေး စွမ်းအားသည် လေ့ကျင့်မှု ပြည့်ဝသော (ကြည်း၊ ရေ၊ လေ) တပ်မတော်အပြင် လုပ်ငန်းတာဝန်နှင့် သဘောတရားအရ နိုင်ငံတော်က လက်နက်ကိုင်ဆောင်ခွင့်ပြုထားသူ အားလုံးပါဝင်ကြောင်း၊ ထိုလက်နက်ကိုင် အင်အားစုများသည်    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို တာဝန်ခံမှသာ တစ်သွေး၊ တစ်သံ၊ တစ်မိန့်ဖြင့် စည်းလုံးညီညွတ်စွာ နိုင်ငံတော် အဓွန့်ရှည်တည်တံ့ ခိုင်မြဲရေး တာဝန်ကို ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ တပ်မတော် အပါအ၀င် လက်နက်ကိုင် အဖွဲ့အစည်းအားလုံးအပေါ် နိုင်ငံရေးဆိုင်ရာ ထိန်းချုပ်ကြပ်မတ်မှုများနှင့် နိုင်ငံရေးသြဇာ လွှမ်းမိုးမှုမရှိစေရေး၊ နိုင်ငံတော် အဓွန့်ရှည်တည်တံ့ ခိုင်မြဲရေးအတွက် ပုဒ်မ ၂၀(ဂ)၏    မူလပြဋ္ဌာန်းချက်ဖြစ်သည့် ““တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်  လက်နက်ကိုင်တပ်ဖွဲ့ အားလုံး၏ အကြီးအကဲ ဖြစ်သည်”” ဟူသော ပြဋ္ဌာန်းချက်ကို လုံးဝ ပယ်ဖျက်ခြင်း မပြုဘဲ   မူလပြဋ္ဌာန်းချက်အတိုင်းသာ ထားရှိသင့်ကြောင်း တိုက်တွန်းဆွေးနွေးသည်။

တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးကောင်းကျော်က ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀(ဂ)သည် ““တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် လက်နက်ကိုင် တပ်ဖွဲ့အားလုံး၏  အကြီးအကဲဖြစ်သည်””ဟု တိတိကျကျ ပြဋ္ဌာန်းထားကြောင်း၊ထိုပြဋ္ဌာန်းချက်သည် မိမိတို့နိုင်ငံ၏ ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းနှင့် လက်ရှိဖြစ်ပေါ်နေဆဲ အခြေအနေများအရ အလွန်အရေးကြီးသည့် ပြဋ္ဌာန်းချက်ဖြစ်ကြောင်း။

သမိုင်းကြောင်းကိုပြန်ကြည့်ရင် ပါတီနိုင်ငံရေးနှင့် ဆက်နွှယ်မှုကနေ နိုင်ငံရေးသြဇာ လွှမ်းမိုးရန် ထိုးဖောက်လာမှုများနှင့် ထိုသို့ဖြစ်စဉ်ဖြစ်ရပ်များကြောင့် တပ်မတော် ပြိုကွဲလုနီးပါးဖြစ်ခဲ့ရပြီး ခါးသီးသည့် အတွေ့အကြုံများကိုလည်း ကြုံတွေ့ခဲ့ရပြီးဖြစ်ကြောင်း၊ တပ်မတော် ဆိုသည်မှာ နိုင်ငံတော်ကာကွယ်ရေး အတွက် အဓိကကျသည့် လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်ကို သဘောပေါက်ရန် လိုကြောင်း၊ ပြည်ပအန္တရာယ်များကို ကာကွယ်ရေးသည် တပ်မတော်က ဦးဆောင်ရမည်ဖြစ်ပြီး ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်ရမည်လည်း ဖြစ်ကြောင်း၊ ထိုသို့ဖော်ဆောင်ရာတွင် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေး အားကောင်းခိုင်မာစေရန် ပါဝင်ဆောင်ရွက်ကြမည့် ပြည်သူတစ်ရပ်လုံး ပါဝင်နိုင်စေရေး အတွက် တပ်မတော်ကို စီမံဆောင်ရွက်ခွင့် ပေးထားခြင်းဖြစ်ကြောင်း။

 နိုင်ငံတော်၏ သမိုင်းဖြစ်ရပ်များကို သင်ခန်းစာယူပြီး တပ်မတော် အပါအ၀င် ဖြစ်သည့် လက်နက်ကိုင် အဖွဲ့အစည်းအားလုံးအပေါ် နိုင်ငံရေးဆိုင်ရာ ထိန်းချုပ်ကြပ်မတ်မှုများဖြင့် နိုင်ငံရေးပါတီများ၊ လူပုဂ်္ဂိုလ်များ၊ အဖွဲ့အစည်းများ၏ နိုင်ငံရေးသြဇာ လွှမ်းမိုးမှု မရှိစေရေးအတွက် လည်းကောင်း၊ နိုင်ငံအတွင်းရှိကြသည့်   လက်နက်ကိုင် အဖွဲ့အစည်းများသည်  တပ်မတော်၏  အရန်အင်အားဖြစ်ပြီး နိုင်ငံ့အကျိုးကို တပ်မတော်နှင့်အတူ လက်တွဲဆောင်ရွက်ကြမည့် အဖွဲ့အစည်းများဖြစ်သည့်အတွက် လည်းကောင်း၊ နိုင်ငံတော် ကာကွယ်ရေး၊ လုံခြုံရေး ကိစ္စရပ်များတွင်  လက်နက်ကိုင်တပ်ဖွဲ့ အားလုံးကို စနစ်တကျ ကွပ်ကဲကြပ်မတ်နိုင်ရန်အတွက် ဆိုလျှင်လည်းကောင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည်  လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲအဖြစ်  သတ်မှတ်ပြဋ္ဌာန်းပေးထားခြင်းကို   တွေ့ရမည်ဖြစ်ကြောင်း၊  ထို့ကြောင့်  ပုဒ်မ ၂၀(ဂ)ကိုပယ်ဖျက်ရန် တင်ပြထားခြင်းသည် မပယ်ဖျက်သင့်ဘဲ မူလအတိုင်းသာ ပြဋ္ဌာန်းထားရှိ သင့်ကြောင်း။

ဆက်လက်ပြီး ပုဒ်မ ၂၆၊ ပုဒ်မခွဲ(က)နှင့် ပတ်သက်ပြီး   မူလအတိုင်း ထားရှိသင့်ကြောင်း   ဆွေးနွေး တင်ပြသွားမည်ဖြစ်ကြောင်း၊ ပုဒ်မ ၂၆ (က)ပြဋ္ဌာန်းထားချက်သည် ““နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရမည်”” ဟု  ဖော်ပြထားကြောင်း။

နိုင်ငံ့ဝန်ထမ်း ဆိုသည်မှာ  အုပ်ချုပ်ရေး ယန္တရား၏ Pinion များဖြစ်ကြကြောင်း၊ မည်သည့်ပါတီ၊ မည်သည့်အစိုးရ၊ မည်သည့်ခေါင်းဆောင် ပြောင်းသည်ဖြစ်စေ၊ မပြောင်းလဲဘဲ  ပြည်သူ့အကျိုးကို ဦးထိပ်ထား ဆောင်ရွက်ကြရမည်မှာ နိုင်ငံ့ဝန်ထမ်းများပဲ ဖြစ်ကြောင်း၊ နိုင်ငံရေးဆိုသည်မှာ ပါတီနိုင်ငံရေး၊ အမျိုးသားနိုင်ငံရေး စသည်ဖြင့် မတူညီသော အခြေအနေများ ရှိတတ်ကြကြောင်း၊ အမျိုး သားနိုင်ငံရေး ဆိုတာ တစ်မျိုးသားလုံးနှင့် ဆိုင်သည့် အေးချမ်းသာယာခြင်း၊ စည်ပင်ဝပြောခြင်း၊ တရားမျှတ လွတ်လပ်ခြင်းနှင့် ပြည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း   စသည့်လောကီ ကောင်းကျိုးသုခ အဖြာဖြာကို ဖော်ဆောင်ပေးသည့် လုပ်ငန်းမျိုးဖြစ်ပြီး ပါတီနိုင်ငံရေးသည် မိမိပါတီ အင်အားတောင့်တင်းရေး၊ ပါတီ၏ နိုင်ငံရေး အာဏာရရှိရေး၊ ရရှိပြီးဖြစ်သည့် အာဏာ တည်မြဲရေးတို့ကို အစဉ်တစိုက် ဦးစားပေးနေရခြင်းမျိုး ဖြစ်ကြောင်း၊ နိုင်ငံသားတိုင်းသည် နိုင်ငံရေးအသိ၊ နိုင်ငံရေးခံယူချက်များ ရှိကြရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးသည် နိုင်ငံ့၏အရေး၊ နိုင်ငံသားများ၏ အရေးကိစ္စများ ဖြစ်သည့်အတွက် နိုင်ငံသား အားလုံးနှင့် ဆက်စပ်ပတ်သက်နေကြောင်း၊  သို့သော် ယခုပုဒ်မ ၂၆(က)သည်  ပါတီနိုင်ငံရေးကိုသာ ရည်ညွှန်းထားခြင်း ဖြစ်ကြောင်း၊ ယနေ့နိုင်ငံ၏ နိုင်ငံရေးစနစ်၊ အုပ်ချုပ်ရေး စနစ်အပြောင်းအလဲကို သတိပြုရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ အုပ်ချုပ်ရေး ယန္တရားကို  Good Governance ၊ Clean Government ဖြစ်ရန်အတွက် ပုဒ်မ၂၆(က)သည် ပြင်ဆင်ရန်၊   ပယ်ဖျက်ရန် မသင့်သည့် ပုဒ်မဖြစ်ကြောင်း၊ နိုင်ငံသားတစ်ယောက်၏ ရပိုင်ခွင့်များကို ပိတ်ပင်တားဆီးရန် မဟုတ်ဘဲ နိုင်ငံရေးပါတီများက  နိုင်ငံ့ဝန်ထမ်းများအား အသုံးမချနိုင်ရေး တားဆီးလိုသည့် ရည်ရွယ်ချက်သာဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံရေးပါတီများ၏ ဦးတည်ချက်၊ ရည်မှန်းချက်များသည် နိုင်ငံ့ဝန်ထမ်းများ၏ ဦးတည်ချက်၊ ရည်မှန်းချက်များနှင့် ကွာခြားခြင်းကိုလည်း သတိပြုကြရမည်ဖြစ်ကြောင်း။

ပါတီနိုင်ငံရေးများ  စွက်ဖက်လာပါက ပြည်သူလူထု၏ အကျိုးစီးပွားထက် အထက်အဆင့်ဆင့်၏ လိုလားချက်၊  ဆန္ဒကိုသာ ထင်ဟပ်နေမည်ဖြစ်ကြောင်း၊    ခေတ်အဆက်ဆက် နိုင်ငံရေး ပါတီများ၏ လွှမ်းမိုးမှုကြောင့် အုပ်ချုပ်ရေး ယန္တရား အားနည်းခဲ့ရခြင်းကိုလည်း သတိပြုရန် လိုအပ်မည်ဖြစ်ကြောင်း၊ ၁၉၈၈ ခုနှစ်မှာလည်း ပြည်သူများ၏ တောင်းဆိုမှုကြောင့်   နိုင်ငံတော် ကောင်စီက   ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးရေးအတွက်    ရွေးကောက်ပွဲ ကော်မရှင်ဖွဲ့စည်းပြီး တာဝန်ပေးအပ်ရာတွင် ကော်မရှင်က စစ်မှန်သော ပါတီစုံဒီမိုကရေစီ စနစ်ကိုကျင့်သုံးရာ   ၀န်ထမ်းများသည် မည်သည့်နိုင်ငံရေး ပါတီဝင်မဟုတ်ပါမှ နိုင်ငံတော်တာဝန်၊ ရွေးကောက်ပွဲ တာဝန်များကို ဘက်မလိုက်ဘဲ   ဆောင်ရွက်နိုင်ကြခြင်းကြောင့် နိုင်ငံ့ဝန်ထမ်းများသည် မည်သည့် နိုင်ငံရေး အဖွဲ့အစည်းဝင်မှ မဖြစ်သင့်ကြောင်းကို ရွေးကောက်ပွဲ ကော်မရှင်က တင်ပြခဲ့ကြောင်း၊ ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးနှင့် မကင်းဘူးဆိုလျှင် နိုင်ငံ့ဝန်ထမ်းများအတွင်း ညီညွတ်မှုပျက်ပြားပြီး အစိုးရယန္တရားကို   ချောမွေ့ပြေပြစ်စွာ လည်ပတ်ပေးနိုင်မည် မဟုတ်ခြင်းကြောင့် ““နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရမည်””ဟု ပြဋ္ဌာန်းထားသည့် ပုဒ်မ ၂၆(က)ကို ပယ်ဖျက်ရန် လုံးဝမသင့်ဘဲ မူလပြဋ္ဌာန်းချက် အတိုင်းသာ ထားရှိသင့်ကြောင်း။

ဆက်လက်ပြီး ပုဒ်မ ၃၉ နှင့်ပတ်သက်ပြီး ပြင်ဆင်ရန်မသင့်ဘဲ မူလအတိုင်း ထားရှိသင့်ကြောင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ အကျိုးအကြောင်း ဖော်ပြချက်အနေဖြင့်““စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေး””ဆိုသည်မှာ ဒီမိုကရေစီ ကျင့်စဉ်ကို မြန်မာ့ လူ့အဖွဲ့အစည်းနှင့် ဆီလျော်အောင် ကျင့်သုံးရန်  မိမိတို့၏ အစဉ်အလာ၊ ယဉ်ကျေးမှု၊ အတွေးအခေါ်၊ စိတ်နေစိတ်ထားများနှင့် လိုက်ဖက်အောင် အထိန်းအကွပ်ရှိရှိ ကျင့်သုံးရန်ဖြစ်ကြောင်း၊ လူအချို့က လွတ်လပ်ခွင့်ကို ဥပဒေမဲ့ထင်ရာ လုပ်ခွင့်နှင့်  အနက်အဓိပ္ပာယ် မသဲကွဲဘဲရောထွေးပြီး   စည်းမဲ့ကမ်းမဲ့ ပရမ်းပတာ လုပ်ခွင့်ကိုပင်   ဒီမိုကရေစီ အခွင့်အရေးဆိုပြီး လွဲမှားစွာ နားလည်နေခြင်း တွေ့ရှိနေရကြောင်း၊ လွတ်လပ်မှုနှင့် စည်းကမ်းသည် ညီညွတ်မျှတရန် လိုကြောင်း၊ တင်းကျပ်လွန်းသည့် စည်းကမ်းများသည် တင်းကျပ်ဖိစီးမှုများ၊ မကျေနပ်မှုများကို ဖန်တီးတတ်ပြီး စည်းမဲ့ကမ်းမဲ့လွတ်လပ်မှုသည် လူတွေကို ပရမ်းပတာဖြစ်စေကြောင်း၊ စည်းကမ်းဥပဒေကို လိုက်နာခြင်း၊ တာဝန်ဝတ္တရားကျေပွန်ခြင်း၊ ရိုးသားတည်ကြည်ခြင်း စသည့် အရည်အချင်းများ ပြည့်ဝစွာ ကျင့်သုံးနိုင်စေရန် ရည်ရွယ်ပြီး ထိုပြဋ္ဌာန်းချက်ကို ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း။

ဒီမိုကရေစီသည် ဥပဒေနှင့်အညီ လုပ်ကိုင်သည့် ဒီမိုကရေစီကို ဆိုလိုခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီကျင့်စဉ်ကို စောင့်ထိန်းလိုက်နာ ကျင့်သုံးကြရာတွင်   ဒီမိုကရေစီဆိုင်ရာ လုပ်ပိုင်ခွင့်နှင့်တာဝန်ကို မှန်မှန်ကန်ကန်ဖြင့် နိုင်ငံသားအားလုံးက လိုက်နာကျင့်သုံးရန်လည်း လိုအပ်ကြောင်း၊ စကားလုံးတစ်လုံးချင်းစီမှာ သူ့နေရာနဲ့သူ၊ သူ့တန်ဖိုးနဲ့သူ၊ သူ့အလေးချိန်နဲ့သူ    ရှိနေပြီးသားဖြစ်ကြောင်း၊ ဒီမိုကရေစီ ကူးပြောင်းရေးကာလသည် အချိန်အတိုင်းအတာ တစ်ခုရှိလာပြီ ဖြစ်သော်လည်း တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးတို့ကို နိုင်ငံသားတစ်ဦးချင်းစီ လိုက်နာမှု အားနည်းလျက်ရှိနေပြီး ဒီမိုကရေစီဆိုင်ရာ လုပ်ပိုင်ခွင့်နှင့်တာဝန်ကို  မှန်မှန်ကန်ကန် ကျင့်သုံးနိုင်စေရန်အတွက် ““စည်းကမ်းပြည့်ဝသော”” ဟူသည့် စကားရပ်သည် မပိုသောစကား ဖြစ်ခြင်းကြောင့် ပယ်ဖျက်ရန် မသင့်ဘဲ မူလအတိုင်းသာ ထားရှိသင့်ကြောင်း၊ ယခု မိမိဆွေးနွေးတင်ပြခဲ့သည့် ပုဒ်မ ၂၀(ဂ)၊ ပုဒ်မ ၂၆(က)နှင့် ပုဒ်မ ၃၉ ကို ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းမပြုဘဲ မူလအတိုင်းသာ ပြဋ္ဌာန်းထားရှိသင့်ကြောင်း   ဆွေးနွေးပြောကြားသည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးနိုင်ဦးက မူလဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၉ မှာ ““နိုင်ငံတော်သည် စစ်မှန်၍  စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် နိုင်ငံရေး ပါတီများကို စနစ်တကျဖွဲ့စည်းနိုင်ရန် လိုအပ်သည့် ဥပဒေများကို ပြဋ္ဌာန်းဆောင်ရွက်ရမည်””လို့ ပြဋ္ဌာန်းထားကြောင်း၊ ပြင်ဆင်တဲ့ ဥပဒေမူကြမ်းမှာတော့ ““စည်းကမ်းပြည့်ဝသော ဆိုတဲ့ စကားရပ်ကို ချန်လှပ်ထားသည်ကို တွေ့ရှိရကြောင်း၊  ထိုဥပဒေကို  မူလပြဋ္ဌာန်းစဉ်က စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် နိုင်ငံရေးပါတီများ စနစ်တကျ ဖွဲ့စည်းနိုင်ရန် ရည်ရွယ်ပြီး ထည့်သွင်းပြဋ္ဌာန်းခဲ့ခြင်း ဖြစ်ကြောင်း စည်းကမ်းပြည့်ဝသော ဆိုသည့်စကားရပ်ကို   ချန်လှပ်ခြင်းဟာ ညီညာနေတဲ့ ကြမ်းကို  အကွပ်မဲ့စေတာနဲ့ အလားသဏ္ဌာန် တူညီစေမှာဖြစ်ကြောင်း၊ ၁၉ ရာစု အစောပိုင်းလောက်ကစပြီး ခေတ်သစ်ဒီမိုကရေစီ၏ အဓိပ္ပာယ်ကို မျက်နှာစာသုံးရပ်နှင့် ချဉ်းကပ်ဖွင့်ဆိုလာကြောင်း အရင်းအမြစ်(Source)၊ ရည်မှန်းချက်(Purpose)နှင့် လုပ်ထုံးလုပ်နည်း(Procedure)တို့ဖြစ်ကြောင်း ဒီမိုကရေစီ၏ လားရာအရင်းအမြစ်ဟာ လူထုထံကဖြစ်ပြီး  လားရာရည်မှန်းချက်က လူထု အကျိုးစီးပွားဖြစ်ကြောင်း၊ အကောင်အထည်ဖော်ရန် လုပ်ထုံးလုပ်နည်းကတော့ လူထုနည်းနှင့် ဆောင်ရွက်ရမည်ဟု ဆိုလိုကြောင်း  လူထုကိုအခြေခံ၊  လူထုအတွက်၊ လူထုနည်းနဲ့ ဆောင်ရွက်(of  the people, for the people, by the people) ဆိုသည့် သဘောဖြစ်ကြောင်း။

အထက်က ဆွေးနွေးခဲ့သလို ဒီမိုကရေစီဆိုတာ အချုပ်အားဖြင့် လူထုကိုအခြေခံပြီး လူထုနည်းနှင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လူထု(တစ်နည်းအားဖြင့်) လူအများနှင့် ဆောင်ရွက်ရခြင်းဖြစ်၍   လူအများနှင့် အကောင်အထည်ဖော်ရသော လုပ်ငန်းစဉ်တစ်ခုမှာ စည်းကမ်းပြည့်ဝသော ဆိုသည့် အင်္ဂါရပ်ဟာ  မဖြစ်မနေ လိုအပ်တယ်လို့ ယူဆကြောင်း၊ ထို့ကြောင့် ပုဒ်မ ၃၉ ကိုပြင်ဆင်ရန် မလိုအပ်ကြောင်းနှင့်  မူလအတိုင်းသာ ထားရှိသင့်ကြောင်း။

ဆက်လက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၀(ခ)ကို ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းခြင်းအား ဆွေးနွေးသွားမှာဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၀(ခ) မူလပြဋ္ဌာန်းချက်မှာ ““တိုင်းဒေသကြီးတစ်ခုတွင် ဖြစ်စေ၊   ပြည်နယ်တစ်နယ်တွင်ဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ   စီရင်စုတစ်စုတွင်ဖြစ်စေ၊  ပြည်သူများ၏  အသက်အိုးအိမ် စည်းစိမ်ကို ထိပါး အန္တရာယ်ပြုမည့် အရေးပေါ် အခြေအနေပေါ်ပေါက်လျှင် သို့မဟုတ် လုံလောက်သော အကြောင်းရှိလျှင်  ထိုအန္တရာယ်ကို တပ်မတော်သည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းချက်များနှင့် အညီ  တားဆီးကာကွယ် စောင့်ရှောက်ခွင့်ရှိသည်”” လို့ဖော်ပြထားကြောင်း၊  ပြင်ဆင်ချက်မှာတော့ တင်ပြထားတဲ့အတိုင်း မူလဥပဒေမှ ““ထိုအန္တရာယ်””ဟူသော စကားရပ်ကို ပယ်ဖျက်၍ ““နိုင်ငံတော်သမ္မတ၏ တာဝန်ပေးချက်အရ”” ဟူသော စကားရပ်ကို ထပ်မံဖြည့်စွက်ထားခြင်းဖြစ်ကြောင်း။

ထိုဥပဒေကိုပြဋ္ဌာန်းစဉ်က   နယ်မြေတစ်ခုခု၌   အခြေအနေ အတော်အတန် ပျက်ပြားဆိုးဝါးလာပါက တပ်မတော်က စစ်အုပ်ချုပ်ရေး(Martial Law))ထုတ်ပြန်၍ ယာယီအုပ်ချုပ် ဖြေရှင်းနည်းနှင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ထည့်သွင်း ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း၊ မူလ ဥပဒေပြဋ္ဌာန်းချက်ဟာ နဂိုအတိုင်းပင် ပြည့်စုံလုံလောက်နေသည်ကို တွေ့ရှိရကြောင်း၊ သာဓကအနေနှင့် ရှမ်းပြည်နယ်  ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင်၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်ကစပြီး MNDAA အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁၁) အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ၁၇-၂-၂၀၁၅ ရက်မှာ  ဥပဒေကဲ့သို့   အာဏာတည်သော အမိန့်အမှတ် (၁/၂၀၁၅)ကို ထုတ်ပြန်၍ အရေးပေါ်အခြေအနေ ကြေညာပြီး စနစ်တကျ အဆင့်ဆင့် ဆောင်ရွက်ခဲ့ရာ နယ်မြေတည်ငြိမ် အေးချမ်းမှုများ ရရှိပြီး မူလအခြေအနေကို ပြန်လည် ရောက်ရှိခဲ့ကြောင်း၊ ၁၇-၁၁-၂၀၁၅ တွင် ဥပဒေကဲ့သို့  အာဏာတည်သော အမိန့် အမှတ်(၇/၂၀၁၅)ကို ထုတ်ပြန်ပြီး အရေးပေါ် အခြေအနေကို   ပြန်လည် ရုပ်သိမ်းနိုင်ခဲ့ကြောင်း၊ အလားတူ ၂၀၁၃ ခုနှစ် မိတ်္ထီလာဒေသ အရေးပေါ်အခြေအနေနှင့် သဘာဝ ဘေးအန္တရာယ် ဖြစ်စဉ်ပေါင်းများစွာမှာလည်း တပ်မတော်က ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြောင်း။

ထိုပြဋ္ဌာန်းချက်ဟာ အရေးပေါ်အခြေအနေ ကြေညာခြင်း ပြဋ္ဌာန်းချက်များနှင့် ဆက်စပ်နေသည့် အခြေခံမူ ပြဋ္ဌာန်းချက်ဖြစ်ကြောင်း၊ အရေးပေါ် အခြေအနေကြေညာ ရလောက်အောင် ယိုယွင်းကျဆင်းနေသော အခြေအနေများသည် အန္တရာယ်ရှိသော အခြေအနေ ဖြစ်တယ်ဆိုတာကို အငြင်းပွားရန် မရှိသည့်အတွက် မူလဥပဒေပြဋ္ဌာန်းချက်ပါ ထိုအန္တရာယ်ဟူသော စကားရပ်ကို ပယ်ဖျက်ရန် မလိုအပ်ကြောင်း  ဆွေးနွေး လိုကြောင်း၊ အလားတူ အရေးပေါ်ကာလ ဆိုင်ရာ ပြဋ္ဌာန်းချက်များမှာ တပ်မတော်သည် နိုင်ငံတော်သမ္မတ၏ တာဝန်ပေးချက်အရသာ ဆောင်ရွက်ရခြင်းဖြစ်၍ ဒီပြဋ္ဌာန်းချက်မှာ ““နိုင်ငံတော် သမ္မတ၏ တာဝန်ပေးချက်အရ”” ဆိုသည့် စကားရပ်ကို သီးခြားဖော်ပြချက်အနေဖြင့် ထပ်မံဖော်ပြရန် မလိုအပ်တော့သည်ကို တွေ့ရှိရကြောင်း၊ ပုဒ်မ ၄၀(ခ)သည် ဥပဒေပါရည်ရွယ်ချက်များကို မူလပြဋ္ဌာန်းချက်အတိုင်း   အဆင်ပြေအောင်မြင်စွာ ဆောင်ရွက်နေနိုင်တာ ဖြစ်သည့်အတွက် ပြင်ဆင်ရန် မလိုအပ်ဘဲ မူလအတိုင်းသာ ထားရှိသင့်ကြောင်း။

ဆက်လက်၍ ပုဒ်မ ၄၀ (ဂ)ကို တင်ပြဆွေးနွေးသွားမှာဖြစ်ကြောင်း၊ ပုဒ်မ ၄၀ (ဂ) မူလပြဋ္ဌာန်းချက်မှာ ““နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှု  စသော အဓမ္မနည်းဖြင့် ရယူရန်ဆောင်ရွက်ခြင်း သို့မဟုတ် ကြိုးပမ်း အားထုတ်ခြင်းကြောင့် ပြည်ထောင်စုပြိုကွဲစေမည့်၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲစေမည့်   သို့မဟုတ်  အချုပ်အခြာအာဏာ လက်လွှတ်ဆုံးရှုံးစေမည့် အရေးပေါ် အခြေအနေပေါ်ပေါက်လျှင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည်   နိုင်ငံတော် အာဏာကို ဤဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းချက်များနှင့် အညီ ရယူ သုံးစွဲခွင့်ရှိသည်””လို့ ပြဋ္ဌာန်းထားကြောင်း၊ ပြင်ဆင်ချက်မှာတော့ ““တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည်  ဤဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းချက်များနှင့် အညီ ရယူသုံးစွဲခွင့်ရှိသည်””ဟူသော စကားရပ်ကို ပယ်ဖျက်၍ ““ပြည်ထောင်စုလွှတ်တော်သည်  နိုင်ငံတော် သမ္မတက ဦးဆောင်၍ တာဝန်ယူဆောင်ရွက်နိုင်မည့်  အစီအစဉ် တစ်ရပ်အား အတည်ပြု ဆုံးဖြတ်ရမည်””ဟူသောစကားရပ်ကို အစားထိုးဖြည့်စွက်ထားခြင်း ဖြစ်ကြောင်း။

ထိုဥပဒေကို မူလပြဋ္ဌာန်းစဉ်က ထားရှိခဲ့သော ရည်ရွယ်ချက်အချို့ကို ထုတ်နုတ် တင်ပြလိုကြောင်း၊ မိမိတို့နိုင်ငံ၏ သမိုင်းတစ်လျှောက် ကြုံတွေ့ခဲ့ရသော အခြေအနေ အရပ်ရပ်အရ ဒို့တာဝန် အရေးသုံးပါးကို ထိပါးစေမည့် အခြေအနေမျိုး၊ လွတ်လပ်ရေး ဆုံးရှုံးစေနိုင်သည့် အခြေအနေမျိုး သို့မဟုတ် ပြည်ပက ကျူးကျော်လာစေရန် အခွင့်အလမ်းဖြစ်စေမည့် အခြေအနေမျိုး အချိန်မရွေး ပေါ်ပေါက်လာနိုင်ကြောင်း၊  ထိုသို့ဖြစ်လာမယ်ဆိုရင် နိုင်ငံတော်ကို ကာကွယ်ရန် တာဝန်ရှိသည့် တပ်မတော်အနေနှင့် အခြေခံဥပဒေနှင့်အညီ ယာယီအစိုးရဖွဲ့ပြီး အခြေအနေ ပြန်လည်ကောင်းမွန်သည်အထိ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခွင့်ရရှိနိုင်ရန် ရည်ရွယ်ပြီး ဒီပုဒ်မကို ပြဋ္ဌာန်းခဲ့တာဖြစ်ကြောင်း လေ့လာတွေ့ရှိရကြောင်း၊ သာဓကအနေနဲ့ ဖဆပလခေတ်၊ အိမ်စောင့်အစိုးရ ကာလကို ရည်ညွှန်းလိုကြောင်း၊ မူလပြဋ္ဌာန်း ဥပဒေအရ နိုင်ငံတော်ရဲ့   အချုပ်အခြာအာဏာကို လက်လွှတ်ဆုံးရှုံးစေမည့် အရေးပေါ်အခြေအနေ ပေါ်ပေါက်လျှင် နိုင်ငံတော် သမ္မတသည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်း၍ အရေးပေါ်အခြေအနေကို ပုဒ်မ ၄၁၇ အရ ကြေညာနိုင်ကြောင်း၊ ဒီလိုအခြေအနေမှာ လွှတ်တော်များ၊ ဦးစီးအဖွဲ့များ၏   ဥပဒေပြုရေး လုပ်ငန်းတွေ ရပ်ဆိုင်းသွားချိန်ဖြစ်လို့ နိုင်ငံတော်၏ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား နိုင်ငံတော် အာဏာကို လွှဲအပ်ခြင်းဖြစ်ကြောင်း။

ဘာဖြစ်ရင်ဘာလုပ်ရမည် ဆိုသည်ကို တိတိကျကျ ကြိုတင်သတ်မှတ် ပြဋ္ဌာန်းထားရန်လိုပြီး ပြင်ဆင်ပြဋ္ဌာန်းချက်မှာ ပါဝင်သလို အရေးပေါ် အခြေအနေမျိုးရောက်ရှိမှ““အစီ အစဉ် တစ်ရပ်ရပ်ကို အတည်ပြုဆုံးဖြတ်”” ဖို့ ညှိနှိုင်းဆွေးနွေးနေရန် အခြေအနေပေး၊ မပေး အလေးအနက် သုံးသပ်စဉ်းစားရန် လိုအပ်ကြောင်း၊ ထို့ပြင် ပုဒ်မ ၄၁၇ အရ နိုင်ငံတော် သမ္မတက အရေးပေါ် အခြေအနေ ကြေညာလျှင် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြအစီရင်ခံရမည့် နည်းလမ်းများကို အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ အခန်းတွင်အသေးစိတ် ထည့်သွင်းထားပြီး ဖြစ်တဲ့အတွက် ပုဒ်မ ၄၀(ဂ)ကို ပြင်ဆင်ဖြည့်စွက်ရန် မသင့်ဘဲ မူလပြဋ္ဌာန်းချက် အတိုင်းသာ ထားရှိသင့်ကြောင်း ဆွေးနွေးပြောကြားသည်။

ကယားပြည်နယ် မဲဆန္ဒနယ် အမှတ်(၉) မှ ဦးစိုးသိန်းက ဖွဲ့စည်းပုံ အခြေခံဥပဒေကို သုံးသပ်ပြင်ဆင်ပြီး လျှို့ဝှက်ဆန္ဒမဲပေးသည်ကို လက်ခံကြောင်း၊ တည်ဆဲ Mother Law သည် ဥပဒေလေးစားသည့် အမတ်များ အားလုံး၏ Bible ဟု ခံယူရမည်ဖြစ်ကြောင်း၊  အခြေခံစဉ်းစားရမည်မှာ ဘာကြောင့်ပြင်ဆင်ချင်ရသလဲ၊ ဒီမိုကရေစီ စံချိန်စံညွှန်းနှင့် မညီ၍ဆိုပါက မိမိအပါအ၀င် အမတ်များအားလုံးက အမေရိကန်လွှတ်တော်ထဲက Senators,Congressmen တို့လို Professionally Qualified Politicians များ ဖြစ်နေပြီလား၊ အာဆီယံနိုင်ငံများကပါ ဒီမိုကရေစီစံချိန်စံညွှန်းများ အပြည့်အ၀ရှိလား၊ တိုင်းရင်းသားများ ဆန္ဒပြင်းပြသည့် ဖက်ဒရယ်ဒီမိုကရေစီ အတွက်လား စသည်တို့အတွက် မည်သည့် ပုဒ်မများ ဘယ်နှခု ပါလဲဆိုသည်ကို ဆန်းစစ် ကြည့်ကြစေလိုကြောင်း၊   တပ်မတော်ပါဝင်မှု လျှော့ချရန်က စစ်သေနာပတိချုပ် တာဝန်ယူရန် အတွက်လား၊ ယခု ၁၁၄ ချက်တွင် ၄၁ ချက်က တပ်မတော် အခန်းကဏ္ဍ လျှော့ချရန် ပါနေကြောင်း၊   တစ်ဖက်က လျှော့ချချင်ပါက တစ်ဖက်က လက်ခံရန် အတွက် အရည်အသွေး၊ အရည်အချင်းများ ရှိအောင် ပြင်ဆင် အသင့်ဖြစ်ရမည်ဖြစ်ကြောင်း၊ လုံခြုံရေးဆိုင်ရာ ဥပဒေ(၇)ခုကို လျှော့ချမည်ဆိုပါက ပြဒါးတစ်လမ်း သံတစ်လမ်း လုပ်ဆောင်ခြင်းဖြစ်သည်ဟု ခံယူကြောင်း၊ ပြည်တွင်း တည်ငြိမ်အေးချမ်းမှု အခြေအနေများမှာ မည်သို့ရှိသနည်း၊ ထို အခြေအနေများ Perfect ဖြစ်ပြီဆိုပါက ပြောနေရန်မလိုဘဲ လွှတ်တော်က ထွက်သွားကြမည်ဖြစ်ကြောင်း။

ယခုအခြေခံ ဥပဒေအောက်တွင်ပဲ ဒုတိယသက်တမ်းတွင် သမ္မတ ဦးထင်ကျော်၊ သမ္မတဦးဝင်းမြင့်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းတို့ စီမံအုပ်ချုပ်နေကြကြောင်း၊ အထိုက်အလျောက် တိုးတက်နေသည်ကို  တွေ့ရကြောင်း၊ နိုင်ငံတော် အကြီးအကဲများ တာဝန်ပေးအပ်ရန် ကိုးကွယ်သည့် ဘာသာ ကန့်သတ်မထားသည်ကို မြင်နိုင်ကြောင်း၊ တိုင်းပြည်ခေါင်းဆောင်၏ မျိုးရိုးအစဉ်အဆက် တိုင်းတစ်ပါး၏ သြဇာခံ၊ အသုံးချခံ မဖြစ်စေရေး ပြဋ္ဌာန်းချက်သည် ၅၉(စ) ဖြစ်ကြောင်း၊ တပ်မတော်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တင်သွင်းထားသည့် ဥပဒေကြမ်း(၅)မှာ ရှင်းလင်းကြောင်း၊ ဦးထွန်းထွန်းဟိန်က တင်သွင်းသည့် ဥပဒေကြမ်းနှစ်ခုကို သုံးသပ်ရပါက Package များဖြစ်နေကြောင်း၊ ပထမ သိချင်သည့်အချက်မှာ ၃၇၆၅ ချက်မှ ၁၁၄ ချက်ကို မည်သို့ ရွေးချယ်ဆုံးဖြတ်သလဲ၊ တိုင်းရင်းသားများ၏ ဆန္ဒများ ကျေနပ်ရဲ့လား၊ အခြေခံဥပဒေ မူကြမ်းကို ထိုသို့လုပ်ခြင်းသည် လွှတ်တော်၏ သမိုင်းမှတ်တမ်း ဖြစ်ပြီး စဉ်းစားရမည်ဖြစ်ကြောင်း၊ ယခု ပုဒ်မ ၄၃၆ (က) နှင့်ပုဒ်မ ၄၃၆ (ခ) Package ကို ကြည့်ပါက အချို့အချက်များ သဘောတူ လက်ခံနိုင်သော်လည်း အချို့အချက်များကို လုံးဝလက်မခံနိုင်ကြောင်း၊ နောင်တစ်ချိန် တပ်မတော်က ၂၅ ရာခိုင်နှုန်းက လျော့သွားသည့်အချိန် ယခုတင်ပြသည့်ပုဒ်မ ၄၃၆ (က) (ခ) ၃ ပုံ ၂ ပုံ ရာခိုင်နှုန်းက တက်လာပြီး အာဏာရသည့် အစိုးရတိုင်း ပြင်ဆင်နေရင် တိုင်းပြည်၊ ပြည်သူ အမြဲဒုက္ခရာက်နေမည် ဖြစ်ကြောင်း၊ ထိုအချက်ကို ကြိုတင်စဉ်းစားထားရန် လိုမည်ဖြစ်ကြောင်း ဆွေးနွေးသည်။

Read 74 times Last modified on Thursday, 27 February 2020 11:04