SJ WorldNews - шаблон joomla Авто

ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများကို ဆက်လက် ဆွေးနွေး (ဒုတိယပိုင်း)

Thursday, 27 February 2020 14:10 font size decrease font size decrease font size increase font size increase font size

ပထမပိုင်း  အဆက်

 ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေးက ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁) အခြေခံမူများ၊  ပုဒ်မ ၆ ပုဒ်မခွဲ(ဃ)တွင်““စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမို ကရေစီစနစ် ထွန်းကားရေး”” ဆိုသောပြဋ္ဌာန်းချက်ကို ““စည်းကမ်းပြည့်ဝသော”” ဆိုသည့် အထူးပြုပုဒ်ကို ဖြုတ်ထားသည်ကို တွေ့ရကြောင်း၊ ပုဒ်မ ၇ ၊ ပုဒ်မ ၃၉ နှင့်ပုဒ်မ ၄၀၅ ပုဒ်မခွဲ(က)တို့တွင်လည်း အလားတူ ဖြုတ်ထားကြောင်း၊ ထိုပုဒ်မလေးခု၏ ပြင်ဆင်ချက်ကို မူလအတိုင်းထားရန် အဆိုတင်သွင်းအပ်ကြောင်း၊ လူပုဂ်္ဂိုလ်တချို့က ဒီမိုကရေစီဆိုသည်မှာ စည်းကမ်းရှိပြီးသားဖြစ်၍ ထိုစာသားထည့်ရန် မလိုဘူးဟု ပြောသည်ကို  အငြင်းမပွားလိုကြောင်း၊ သို့သော် လက်တွေ့ဖြစ်စဉ်များနှင့် သုံးသပ်ကြည့်ရန် လိုအပ်ကြောင်း၊ အမှန်တကယ်မှာ ဒီမိုကရေစီသည် ကျင့်စဉ်တစ်ခုဖြစ်ပြီး အပြောမဟုတ်ဘဲ အလုပ်သာ ဖြစ်ကြောင်း၊ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းဆိုသည့် လောကပါလ တရားများကို လက်တွေ့ ကျင့်သုံးနေရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ် ကျင့်သုံးသည့် နိုင်ငံတိုင်းသည် ကိုယ့်နိုင်ငံနှင့် ဆီလျော်သည့် နည်းလမ်းကို ဖော်ဆောင်ကျင့်သုံးရခြင်းဖြစ်ကြောင်း၊မိမိတို့မှာ မိမိတို့၏ မြန်မာ့လူ့အဖွဲ့အစည်းနှင့် သင့်လျော်သည့် နည်းလမ်းကို ကျင့်သုံးရမည်ဖြစ်ကြောင်း။

ဒီမိုကရေစီစနစ်မှာ လူပုဂ်္ဂိုလ်၊ ပါတီ၊ အဖွဲ့အစည်းတစ်ခု၏ သဘောထားတစ်ခုတည်းဖြင့် တစ်နိုင်ငံလုံးဆိုင်ရာ ကိစ္စကို ဖန်တီးဖော်ဆောင်၍ မသင့်ကြောင်း၊ ပြည်သူက ရွေးချယ်သည့် ပြည်သူ့ကိုယ်စားဖြစ်၍ မိမိတို့ လုပ်ဆောင်မှုသည် ပြည်သူ့ဆန္ဒပါဟု နေရာတိုင်းတွင် ပြော၍မရကြောင်း၊ ပါတီနိုင်ငံရေးလောက၌ ပြည်သူ့ဆန္ဒကို အမှန်မရဘဲ ဟန်ပြအဖြစ် အသုံးချသည်မှာ မသင့်လျော်ကြောင်း၊ ဒီမိုကရေစီစနစ်ကို ကျင့်သုံးရာတွင် အခြေခံအကျဆုံး လိုအပ်ချက်သည် တရားဥပဒေကို မှန်ကန်စွာ စောင့်ထိန်းလိုက်နာရေး ဖြစ်ကြောင်း၊ ကျင့်သုံးသည့်နိုင်ငံရေး အစဉ်အလာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများနှင့် လက်ရှိဖြစ်တည်နေသော အနေအထားကို အထိန်းအကွပ်ရှိရှိ ကျင့်သုံးကြရမည် ဖြစ်ကြောင်း၊ နိုင်ငံတကာ အဆင့်တွင်လည်း မှန်ကန်သည့် စည်းမျဉ်းဥပဒေ ဘောင်ထဲကပဲ ဒီမိုကရေစီကို ကျင့်သုံးရမည်ဖြစ်ကြောင်း။

ဒီမိုကရေစီသည်   စည်းကမ်းရှိ၊ မရှိ ဆန်းစစ်ကြည့်မည်ဆိုပါက ကမ္ဘာကြီးငြိမ်းချမ်းရေး အတွက် ဖွဲ့စည်းထားသည့် UN လို အဖွဲ့ကြီးတောင် မိမိတို့မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်မြောက်ပိုင်းက တကယ့်ဖြစ်ရပ်မှန်များကို လျစ်လျူရှုပြီး အပြည်ပြည်ဆိုင်ရာ တရားရုံးတွင်  လူမျိုးတုံး သတ်ဖြတ်မှုနှင့် တရားစွဲဆိုခံရအောင် လုပ်ဆောင်လာသည်မှာ ဥပဒေနှင့်ညီသော ဒီမိုကရေစီလား၊ မိမိတို့  တိုင်းရင်းသားပြည်သူများ မတရား သတ်ဖြတ်ခံရမှုအပေါ် နိုင်ငံတော်အစိုးရက ထိရောက်သော ကာကွယ်မှု၊ တုံ့ပြန်မှု ပြုလုပ်ရန် ပြည်သူများ ဆန္ဒပြုတောင်းဆိုသော်လည်း  ထိရောက်သည့် ဆောင်ရွက်မှုနှင့် ကာကွယ်မပေးနိုင်ခြင်းသည် ပြည်သူကို အလေးထားသည့် ဥပဒေနှင့်ညီသော ဒီမိုကရေစီလား၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးတွင် ပညာသင်အရွယ် ကျောင်းသား၊ ကျောင်းသူကလေးငယ်များကို  နဖူးတွင် ပ၀ါစည်းပြီး ထောက်ခံပွဲများ တက်ရောက်စေခြင်းသည်   စစ်မှန်သော ဒီမိုကရေစီလား၊ ဒီမိုကရေစီစနစ်အရ ပြည်သူလူထု၏ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ကို အကာအကွယ်ပေးနိုင်အောင် ဥပဒေ ထုတ်ပြန်ထားသော်လည်း တိုင်းဒေသကြီး အစိုးရက ဒေသန္တရအမိန့်များနှင့် တားဆီးပိတ်ပင်မှုများ လုပ်နေခြင်းသည် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီလား၊ အခြေခံဥပဒေတွင်  ပြည်သူများသည် မိမိတို့ကိုယ်စား ပြည်သူ့ ကိုယ်စားလှယ်များကို   ရွေးချယ်တင်မြှောက်ခွင့် ပေးထားသလို   တာဝန်မှ ပြန်လည် ရုပ်သိမ်းခွင့်ပေး ထားသော်လည်း ယနေ့အထိ ဥပဒေပြဋ္ဌာန်း ဆောင်ရွက်ခွင့် မရသေးခြင်းသည် စစ်မှန်သော ဒီမိုကရေစီ စနစ်လားကို မေးခွန်းထုတ်လိုကြောင်း။

အတိတ်ကာလတွင် စည်းကမ်းဥပဒေ၊ ဘောင်များကျော်လွန်ပြီး  ဒီမိုကရေစီကို အရောင်အမျိုးမျိုး ဆိုးခဲ့သော နိုင်ငံရေးပါတီ၊ အဖွဲ့အစည်း၊  လူပုဂ်္ဂိုလ်များ၏ ဥပဒေနှင့် မညီသော ကျင့်သုံးမှုများကြောင့် နိုင်ငံတော်ကြီး ပြိုကွဲပျက်စီးရန်  အခြေအနေများ ဖြစ်ခဲ့သည်မှာ    အားလုံးအသိဖြစ်ကြောင်း၊ ထို့ကြောင့် ပုဒ်မ ၆(ဃ)၊ ပုဒ်မ (၇)၊ ပုဒ်မ (၃၉)နှင့် ပုဒ်မ ၄၀၅ (က) တို့၏ ပြဋ္ဌာန်းချက်ကို  မူလအတိုင်း ထားရှိရန် တင်ပြကြောင်း။

ပုဒ်မ ၂၆ ပုဒ်မခွဲ(က)တွင်““နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရမည်”” ဟူသော ပြဋ္ဌာန်းချက်ကို ပယ်ဖျက်ထားသည့်အတွက် မူလအတိုင်း ထားရှိရန် တင်ပြလိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် အုပ်ချုပ်ရေး ယန္တရားတွင် ပါဝင်နေပြီး နိုင်ငံအကျိုးကို ဦးတည် ဆောင်ရွက်ရသူများ ဖြစ်သည့်အတွက် မည်သည့်ပါတီ အဖွဲ့အစည်းများ၏ကြိုးကိုင်မှု မရှိစေဘဲ နိုင်ငံရေး သမားများ၏ စွက်ဖက် ထိန်းကျောင်းမှုမှ လွတ်ကင်းနေရမည်ဖြစ်ကြောင်း၊ သို့မှသာ နိုင်ငံတာဝန်ကို မှန်ကန်ကျေပွန်စွာ ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ပါတီနိုင်ငံရေးနှင့် မကင်းရှင်းပါက မှန်ကန်သည့် ရပ်တည်မှုမဖြစ်နိုင်ဘဲ ပါတီစွဲ၊ ပုဂ်္ဂိုလ်စွဲဖြင့် ပြည်သူများမွဲပြာကျပြီး အုပ်ချုပ်မှုမဏ္ဍိုင် ယိုင်လဲသွားနိုင်ကြောင်း၊ ထို့ကြောင့် ပုဒ်မ ၂၆(က)ကို မူလအတိုင်းသာ ထားရှိရန် အဆိုပြု တင်ပြကြောင်း။

ပုဒ်မ ၅၉(စ) ပြဋ္ဌာန်းထားခြင်းသည် လူပုဂ်္ဂိုလ်တစ်ဦး၏ သမ္မတဖြစ်ခွင့်ကို ပိတ်ပင်လိုသည့်အတွက် ထည့်သွင်းထားခြင်း မဟုတ်ကြောင်း၊ ပုဒ်မ ၅၉ တွင် နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင်   နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာတွင်  ရရှိထားသလို နိုင်ငံတော်သမ္မတ၏ လုပ်ပိုင်ခွင့် အာဏာစက်သည်လည်း အင်မတန်ကြီးမား လေးနက်ကြောင်း၊  ထိုဥပဒေပုဒ်မကိုသာ ပယ်ဖျက်လိုက်ပါက   နိုင်ငံတော်၏ အထွတ်အထိပ် နေရာတွင်ရှိသည့် သမ္မတသည် တစ်နည်းနည်းဖြင့် တိုင်းတစ်ပါး၏ ကျေးဇူးသစ္စာကို ခံယူစောင့်ရှောက်သူ၊ ရိုသေသူ သို့မဟုတ် တိုင်းတစ်ပါး၏    သြဇာလွှမ်းမိုးခံအဖြစ် ရောက်ရှိသွားနိုင်သည်ကို သတိပြုရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပုဒ်မ ၅၉ ပုဒ်မခွဲ(စ)ကို လုံးဝပယ်ဖျက်ခြင်း မပြုဘဲ မူလအတိုင်းသာ ထားရှိရန် အဆိုပြု တင်ပြအပ်ကြောင်း။

ပြင်ဆင်ချက်များသည် အဓိကအားဖြင့် နိုင်ငံတော်၏  အမျိုးသား အကျိုးစီးပွားကို မှန်ကန်စွာ ထိန်းကျောင်းပေးလျက်ရှိသော တပ်မတော်၏ အခန်းကဏ္ဍများကို ပယ်ဖျက် လျှော့ချရေးကိုသာ ဦးတည်ထားသော ဥပဒေ မူကြမ်းဖြစ်နေသည်ကို တွေ့ရကြောင်း၊ ထို့ပြင် နိုင်ငံတော်သမ္မတ၏ လုပ်ပိုင်ခွင့်ကို  တိုးမြှင့်ထားပြီး နိုင်ငံတော်သမ္မတ၏ အရည်အချင်းများကိုလည်း ပြည်ပစွက်ဖက်မှုနှင့် သြဇာသက်ရောက်အောင် ပြင်ဆင်ပယ်ဖျက်ထားသည်ကို တွေ့ရသည့်အတွက်   နိုင်ငံတော်နှင့် နိုင်ငံသားများအတွက်  ကြီးမားသော  အန္တရာယ်နှင့် စိုးရိမ်ပူပန်စရာ ဖြစ်စေကြောင်း၊ ထို့ကြောင့် ဥပဒေမူကြမ်း၏ ပြင်ဆင်ပယ်ဖျက်သည့် ပြဋ္ဌာန်းချက်များကို ၀ါဒစွဲ၊  ပုဂ်္ဂိုလ်စွဲ၊ ပါတီစွဲများနှင့် ငြင်းခုံမနေကြဘဲ အမျိုးဘာသာ သာသနာနှင့် မြန်မာနိုင်ငံတော်ကြီး မပျက်စီးအောင် မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွား အပေါ်မှာသာ ခိုင်မာညီညွတ်စွာ ရပ်တည်ဆောင်ရွက်ပေးကြဟု တိုက်တွန်းဆွေးနွေးသည်။

တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်  ဗိုလ်မှူးချုပ်တင့်လွင်က      ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်)ကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းပါ ဥပဒေပုဒ်မ ၅၉ (ဂ)(ဃ)(စ) ၁၀၉(ခ) ၁၄၁ (ခ) ၁၆၁ (ဃ)တို့ကို တင်ပြပါအတိုင်း ထားရှိသင့်ကြောင်း  တင်ပြအပ်ကြောင်း၊ မိမိအနေနှင့် ပုဒ်မ ၅၉ (စ) ကို မူလပြဋ္ဌာန်းချက်အတိုင်း ထားရှိသင့်ကြောင်း ဆွေးနွေးသွားမှာဖြစ်ကြောင်း။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၅၉(စ)မှာ နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက်တွေထဲမှ  တစ်ခုဖြစ်ကြောင်း တွေ့ရှိရကြောင်း၊  သာမန်အလုပ် လျှောက်လွှာမှာတောင် အတန်းပညာ ဘယ်လောက်တတ်ရမယ်၊  ဘယ်ဘွဲ့ရရမယ်၊  အသက်ဘယ်လောက် ဆိုပြီး ကန့်သတ်ချက်တွေရှိကြောင်း၊ဒီအလုပ်လိုချင်ရင် ဒီကန့်သတ်ချက်တွေကို ပြည့်စုံအောင် ကြိုးစားရမှာဖြစ်ကြောင်း၊ ကန့်သတ်ချက်တွေ များတယ်ဆိုပြီး ထင်မြင်ယူဆရင်တော့    အလုပ်ရနိုင်မှာ မဟုတ်ကြောင်း၊ သတိမမူရင်တော့ ဂူမြင်မှာမဟုတ်ကြောင်း ဆွေးနွေးလိုကြောင်း။

ပုဒ်မ ၅၉ (စ)ကို အမျိုးသား ညီလာခံမှာ ဆွေးနွေး ဆုံးဖြတ်ကြသည့်အခါ တိုင်းရင်းသား ပေါင်းစုံတို့ရဲ့ ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေ၊ ပညာရှင်ပေါင်းစုံတို့က နိုင်ငံရဲ့သမိုင်းကြောင်း ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲတွေ ကမ္ဘာ့နိုင်ငံရေး အခြေအနေတွေပေါ် မူတည်ပြီး ဆွေးနွေး ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း၊ မိမိတို့နိုင်ငံမှာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်ယခု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုပြီး မိမိတို့မြန်မာနိုင်ငံသားတွေ ကိုယ်တိုင်  ရေးဆွဲခဲ့သည့် အခြေခံဥပဒေသုံးခုရှိတာ  အားလုံးသိပြီး ဖြစ်မှာဖြစ်ကြောင်း၊ ၁၉၄၇ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံ ဥပဒေဆိုတာ မိမိတို့ရဲ့ အမျိုးသား ခေါင်းဆောင်ကြီးလည်းဖြစ် လွတ်လပ်ရေး ဖခင်ကြီးလည်းဖြစ်သည့်  ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ရေးဆွဲခဲ့သည့် အခြေခံ ဥပဒေဖြစ်သလို တစ်နှစ်အတွင်း အမြန်ဆုံး ရေးဆွဲခဲ့ရသည့် အခြေခံဥပဒေလည်း ဖြစ်ကြောင်း၊ အဲဒီလို အလျင်အမြန် ရေးဆွဲခဲ့ရသည့် အခြေခံဥပဒေမှာ အမျိုးသားခေါင်းဆောင်ကြီး အနေနှင့် လွတ်လပ်ရေးအတွက် ဦးစားပေး ဆောင်ရွက်နေသည့် အချိန်မှာ အခြားအုပ်ချုပ်ရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ၊ လူမှုရေးဆိုင်ရာ၊  တရားစီရင်ရေးဆိုင်ရာ ပြဋ္ဌာန်းချက်တွေမှာ ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပေမယ့်   ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်မှာ အမတ်အဖြစ် သတ်မှတ်ရမယ့် အရည်အချင်း သတ်မှတ်ချက်တွေကို ရေးဆွဲခဲ့တဲ့ နေရာမှာတော့ အားနည်းချက်မရှိ ပြဋ္ဌာန်းခဲ့တာ အနည်းငယ် ဆွေးနွေးလိုကြောင်း၊ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ  ၇၄ (၁) (က) မှာ ““နိုင်ငံခြားအစိုးရ၏  ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ၊ သို့တည်းမဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူ၊ သို့တည်းမဟုတ် ထိုအစိုးရ၏ လက်အောက်ခံဖြစ်သူသော် လည်းကောင်း၊ နိုင်ငံသားသော် လည်းကောင်း၊  ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူ၊ သို့တည်းမဟုတ်””ဆိုပြီး ပြဋ္ဌာန်းခဲ့တာ တွေ့ရှိရမည်ဖြစ်ကြောင်း၊ လေ့လာကြည့်သည့် အခါမှာ အဆိုပါပြဋ္ဌာန်းချက်က ပါလီမန် အမတ်အတွက်သာ သီးသန့်ပြဋ္ဌာန်းထားခြင်းမျိုး မဟုတ်ဘဲ နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက်မှာပါ အဆိုပါပုဒ်မကို ထည့်သွင်းပြဋ္ဌာန်းခဲ့တာ သတိချပ်သင့်ကြောင်း၊ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအခန်း ၅ နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက်သည် ပုဒ်မ ၄၉ ပုဒ်မခွဲ (ခ) မှာ ““ပါလီမန် အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံနိုင်သည့် အရည်အချင်းနှင့် ပြည့်စုံသည်လည်း ဖြစ်သော   ပုဂ်္ဂိုလ်မျိုး မဟုတ်လျှင်၊ မည်သူမျှ နိုင်ငံတော် သမ္မတရာထူးအတွက် ရွေးကောက်ခံနိုင်ခွင့် မရှိစေရ”” ဟု အတိအလင်းပြဋ္ဌာန်းထားတာ လေ့လာတွေ့ရှိရသည့် အတွက် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏    နိုင်ငံတော်ရဲ့ အနာဂတ်ကို အမြော်အမြင်ရှိစွာ ရေးဆွဲခဲ့တာ လေးစားဖွယ်ဖြစ်ကြောင်း ဆွေးနွေးလိုကြောင်း၊ အဲဒီလို အမျိုးသားခေါင်းဆောင်ကြီး၏ နိုင်ငံတော် သမ္မတ အရည်အချင်း သတ်မှတ်ချက်က မြန်မာနိုင်ငံဆိုတာ တည်ရှိနေသရွေ့ တည်တံ့နေရမယ့် ပုဒ်မမျိုးဖြစ်ကြောင်း၊ ထို့ကြောင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲတဲ့အခါမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လိုလားချက်အရသော် လည်းကောင်း၊ သမိုင်းကြောင်းအရသော် လည်းကောင်း ပိုမိုပြည့်စုံမှုရှိစေရန်အ တွက်  နိုင်ငံတော် သမ္မတ အရည်အချင်း သတ်မှတ်ချက်ပုဒ်မ ၅၉ (စ)ကို ယခု တင်ပြချက်ပါအတိုင်း ထည့်သွင်းပြဋ္ဌာန်းခဲ့ခြင်း ဖြစ်ကြောင်း၊  ထိုအရာကိုကြည့်ခြင်းအားဖြင့် ၁၉၄၇ ခုနှစ်ကာလကတည်းက တိုင်းတစ်ပါး၏ ကျေးဇူးသစ္စာခံ၊ နိုင်ငံခြားရဲ့ လက်အောက်ခံ၊ နိုင်ငံ၏ပြည်တွင်းရေးမှာ နိုင်ငံခြားသားများ ပါဝင်ပတ်သက်မှု၊ စီးပွားရေးကို လွှမ်းမိုးချုပ်ကိုင်လိုမှု စတဲ့ လက္ခဏာများကို လက်မခံနိုင်ကြောင်း တွေ့ရှိရသည့်အပြင် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ပြောကြားခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းမှာ ““တိုင်းပြုပြည်ပြု လွှတ်တော်က တိုက်ရိုက်ရွေးကောက်ပွဲမှာ အမျိုးသား မခေါ်နိုင်တဲ့ လူများ မပါစေရဘူး၊ အိန်္ဒိယမှာတောင် နိုင်ငံခြားသား မပါဘူးဆိုပေမယ့် နည်းနည်းပါးပါး ပါသေးတယ်၊ ကျွန်တော်တို့ကတော့ လုံးဝလက်မခံဘူး””နှင့် လန်ဒန်မြို့မှာ နန်းရင်းဝန် အက်တလီနှင့်   လွတ်လပ်ရေးအတွက်တိုင်ပင် ဆွေးနွေးစဉ် ပြောကြားခဲ့မှု ““မြန်မာနိုင်ငံ လွတ်လပ်ရေးရတဲ့အခါ နိုင်ငံတော်၏ ကျေးဇူးသစ္စာစောင့်သိမှုအပေါ် ဇဝေဇ၀ါ ဖြစ်နိုင်သူများနဲ့ နိုင်ငံခြားတွင် အမြဲနေထိုင်ခဲ့ သူများကို မြင့်မားတဲ့ နိုင်ငံရေး ရာထူးအဆင့်များ ရယူခွင့်မရှိရလေအောင်  ဥပဒေအရ တားမြစ်ထားရမည်””တို့သည် မျိုးချစ်စိတ်ဓာတ်ပြည့်သည့်   နိုင်ငံ့ခေါင်းဆောင် တစ်ဦး၏ အနာဂတ်ကာလကို  ကြိုတင်မျှော်မှန်းခဲ့တယ်ဆိုတာ သိသာ ထင်ရှားလှကြောင်း။

ထို့ပြင် ယခုလက်ရှိ အခြေအနေအရ မိမိတို့နိုင်ငံဟာ လူဦးရေ သန်း ၁၂၀၀ ကျော်ရှိသည့် နိုင်ငံနှင့် သန်း ၁၄၀၀ ခန့်ရှိသည့် နိုင်ငံတို့အကြား တည်ရှိနေသည့်အပြင် လူဦးရေ ပေါက်ကွဲနေသည့် သဘာဝဘေးအန္တရာယ် များပြားသော နိုင်ငံမျိုးနှင့်လည်း နယ်နိမိတ်ချင်း ဆက်စပ်နေတာဖြစ်ကြောင်း၊ အဆိုပါ နယ်နိမိတ် ဆက်စပ်လျက်ရှိသော ဒေသများမှာ   နိုင်ငံချင်း ကူးလူးဆက်ဆံမှုတွေက မျိုးဆက်ပြန့်ပွားလျက်ရှိပြီး အစိုးရအဆက်ဆက်အချို့မှာ  နိုင်ငံသားအဖြစ် သတ်မှတ်ခံရကာ စီးပွားရေး၊ လူမှုရေးနှင့် ဘာသာရေး ကဏ္ဍတွေမှာ များစွာလွှမ်းမိုး ဆောင်ရွက်လျက်ရှိကြောင်း၊ နောင်တွင်လည်း မိမိတို့တိုင်းရင်းသား လူမျိုးစုတွေအပေါ် ဆက်လက်တိုးမြှင့် လုပ်ကိုင်ပြီးတော့မှ လွှမ်းမိုးချုပ်ကိုင်နိုင်အောင်လည်း အဘက်ဘက်က ဆောင်ရွက်နေမှာသာ ဖြစ်ကြောင်း၊   ထိုအရာကို  ဒီမိုကရေစီအရေး၊  လူ့အခွင့်အရေးဆိုပြီး မေ့လျော့မသွားဘဲ   သတိချပ်ဖို့ လိုအပ်ကြောင်း။

မြန်မာ့သမိုင်းကြောင်းအရ ၁၈၂၄ ခုနှစ် အင်္ဂလိပ် မြန်မာ ပထမစစ်ဖြစ်ပွားခဲ့ရာမှ ရခိုင်နှင့် တနင်္သာရီဒေသတို့ဟာ  အင်္ဂလိပ်လက်အောက်ကို ကျရောက်ခဲ့ပြီး ဘင်္ဂလားက စစ်တကောင်း၊ ဘင်္ဂါလီ အများအပြားရောက်ရှိကာ နှစ်ကာလကြာရှည်လာတဲ့အခါ သွေးနှောခြင်းဖြင့် မျိုးဆက်ပြန့်ပွားခဲ့ရာမှ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများ ယနေ့အထိဖြစ်ပွားနေတာ အားလုံးအသိပဲဖြစ်ကြောင်း၊ ပထမအစိုးရ လက်ထက်မှာ မိမိပါတီအနိုင်ရရေးကို   ဆောင်ရွက်ခဲ့မှုကြောင့်  ဘင်္ဂါလီတွေကို မဲပေးခွင့်ပြုရာမှ ဖဆပလမှာ ဘင်္ဂါလီအမတ်တွေ အနိုင်ရလာပြီး ပါလီမန်အမတ်တွေ ဖြစ်လာတဲ့အပြင် အချို့မှာ အစိုးရအဖွဲ့အဆင့်ထိ ပါဝင်လာခဲ့သည်ကိုတွေ့ရကြောင်း။

ဘင်္ဂါလီအမတ်များ၏ အာဏာအရှိန်အ၀ါနှင့် ရခိုင်ပြည်နယ်အတွင်း စစ်တကောင်းမှ ဘင်္ဂါလီတွေ ထပ်မံဝင်ရောက်လာအောင် ဆောင်ရွက်ပေးခြင်း၊ စပါးမှောင်ခိုပြုလုပ်ခြင်း၊ မူဂျာဟစ်သူပုန်တွေကို ကူညီခြင်းတွေ ပြုလုပ်ခဲ့တဲ့အပြင် နတ်မြစ်ဝကနေ ကုလားတန်မြစ်ထိကို    ဘင်္ဂါလီနယ်မြေအဖြစ် တောင်းဆိုလာခဲ့သည် အထိဖြစ်လာကြောင်း၊ထိုအရာတွေကိုသိရှိပြီး   သမိုင်းအတွေ့အကြုံတွေအရ  နိုင်ငံသား မဟုတ်သူတွေ၊ အခြားနိုင်ငံသားနှင့် အခြားနိုင်ငံသားတွေ၏ သစ္စာတော်ခံတွေကို   အရေးကြီးသည့် လွှတ်တော်အမတ် နေရာတွေ၊ ဒေသအစိုးရ ရာထူးတွေနှင့်   အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အကြီးအကဲနေရာတွေမှာ  လုံးဝတာဝန် မပေးသင့်ကြောင်းနှင့်  သမ္မတ၊  ဒုတိယသမ္မတရာထူးတွေဆိုရင်    နိုင်ငံ့အတွက် မည်မျှအန္တရာယ် ကျရောက်လာမည်ကို လွှတ်တော် ကိုယ်စားလှယ်များ အားလုံး လေးလေးနက်နက် စဉ်းစားသုံးသပ်စေချင်ကြောင်း။

နိုင်ငံတိုင်းသည်   နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက်နှင့် ပတ်သက်ပြီး အမျိုးမျိုး ကျင့်သုံးကြတာမြင်တွေ့ရကြောင်း၊အမေရိကန်စနစ် သတ်မှတ်ထားချက်မှာ မွေးဖွားရာ နေရာဒေသကို ကန့်သတ်ထားတာ ဖြစ်ကြောင်း    လေ့လာတွေ့ရှိရပြီး အင်္ဂလိပ်များ၏ သတ်မှတ်ချက်မှာလည်း ကိုးကွယ်ရာဘာသာကို   ကန့်သတ်ထားကြောင်း လေ့လာတွေ့ရှိရကြောင်း၊ နိုင်ငံတော် သမ္မတသည် နိုင်ငံတော်၏ အုပ်ချုပ်ရေး အကြီးအကဲ နေရာသာမက ပြည်ထောင်စုမြန်မာနိုင်ငံတော် တစ်ဝန်းလုံးမှာ နိုင်ငံသားအားလုံး၏ အထွတ်အထိပ် နေရာမှာရှိတာ ဖြစ်သည့်အတွက် ဒီလိုအရည်အချင်း သတ်မှတ်ချက်တွေက ပိုမိုကောင်းမွန်ပြည့်စုံစေရန် လိုအပ်သည့်အပြင် မိမိတို့နိုင်ငံတော် အကြီးအကဲ၏ ဂုဏ်ရည်နှင့်   နိုင်ငံတော်၏ ဂုဏ်သိက္ခာကိုလည်း ပိုမိုမြှင့်တင်ပေးနိုင်မှာ ဖြစ်ကြောင်း။  

အချုပ်အားဖြင့်  ဆွေးနွေးလိုသည်မှာ ယခုဖွဲ့စည်းပုံ အခြေခံဥပဒေကို ရည်ရွယ်ချက် အမျိုးမျိုးနှင့် အစုအဖွဲ့အသီးသီးက တင်သွင်းထားသည့် ပြင်ဆင်ချက်တွေမှာ နိုင်ငံတော်၏ အခြေခံမူများ အခန်း(၁) ပုဒ်မ (၆) ပြဋ္ဌာန်းချက်မှာပါရှိသည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဆိုသည့်အချက်တွေကို    ပြင်ဆင်ချက် တင်သွင်းမထားသည်ကို တွေ့ရှိရကြောင်း၊ ထိုအရာကိုကြည့်ခြင်းအားဖြင့် အားလုံးက နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို လိုလားကြောင်း   သုံးသပ်ရကြောင်း၊ သတိပြုသင့်သည့် အချက်မှာ ဥပဒေတစ်ရပ်ကို ပြင်ဆင်ကြသည့်အခါတွင် အဆိုပါ ဥပဒေ၏ ပုဒ်မတွေသည် ရှေ့နောက်ညီညွတ်ရမှာဖြစ်ကြောင်း၊ ပုဒ်မ ၅၉ (စ)သည် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အရေးကြီးသည့် ပြဋ္ဌာန်းချက်ဖြစ်ကြောင်း၊ ထို့ကြောင့် အစုအဖွဲ့အသီးသီးက လိုလားသည့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အတွက်လည်း အရေးကြီးသည့် ပုဒ်မ ၅၉ (စ)ကို မူလပြဋ္ဌာန်းချက်အတိုင်းသာ ထားရှိသင့်ကြောင်း ဆွေးနွေးပြောကြားသည်။

တပ်မတော်သားအမျိုးသား လွှတ်တော် ကိုယ်စားလှယ်  ဗိုလ်မှူးမိုးဟန်က  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ဒုတိယ အကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းပါ ပုဒ်မ ၅၉ (စ)ကို မူလအတိုင်း ထားရှိသင့်ကြောင်း။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၅၉ (စ) ပြဋ္ဌာန်းချက်တွင် ““မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏မိဘ တစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီး တစ်ဦးဦးသော် လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း    နိုင်ငံခြားအစိုးရ၏  ကျေးဇူးသစ္စာတော်ကို   ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော် လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော် လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ””လို့ ပြဋ္ဌာန်းထားတာတွေ့ရကြောင်း။

ပုဒ်မ ၅၉ (စ) သည် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်း ပုံအခြေခံဥပဒေကျမှ ထွက်ပေါ်လာတာ မဟုတ်ကြောင်း၊   ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ဦးဆောင်ရေးဆွဲ ပြဋ္ဌာန်းခဲ့သည့် ၁၉၄၇ ခုနှစ်၊  ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကစပြီး   ပြဋ္ဌာန်းခဲ့တာဖြစ်ကြောင်း၊ ထိုအရာကတော့ ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ ၇၄ ပုဒ်မခွဲ (၁) (က) တွင် Slide မှာ တင်ပြထားသည့်အတိုင်း ပြဋ္ဌာန်းခဲ့တာဖြစ်ကြောင်း၊ နိုင်ငံတော်၏ အရေးအရာတွေကို ဦးဆောင်မည့် နိုင်ငံ့ခေါင်းဆောင်၊ အကြီးအကဲ ပုဂ်္ဂိုလ်တွေသည် နိုင်ငံခြား တိုင်းပြည်တွေနှင့် ပတ်သက်ဆက်နွှယ်နေသူ လုံးဝမဖြစ်စေရန် ကြိုတင်ကာကွယ် တားဆီးလိုသည့် အတွက်ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ၏ နောင်ဖြစ်လာမည့် သမ္မတသည် တိုင်းရင်းသား စစ်စစ်ဖြစ်ရမည့်အပြင် သူနှင့်သူ့မိဘ၊ သားသမီးများ အပါအ၀င်သည်   မိမိတို့တိုင်းပြည်၏ ဘက်စုံနမူနာ ယူထိုက်သူများ ဖြစ်စေရေးအတွက် ထည့်သွင်း ရေးဆွဲထားခြင်းဖြစ်ပြီး တိုင်းရင်းသား ပြည်သူအားလုံး၏ အနာဂတ်အတွက်  ရေးဆွဲထားကြောင်း သတိရှိစေချင်ကြောင်း၊  ဥပမာ သူ့ရဲ့သားသမီးတစ်ဦးဦးသည် အခြားနိုင်ငံတွင် အခြေချနေထိုင်သူ နိုင်ငံခြားသားအဖြစ် သို့မဟုတ် မြန်မာနိုင်ငံကို ဆန့်ကျင်သော အဖွဲ့အစည်းဝင်အဖြစ်  သို့မဟုတ်  အကြမ်းဖက်အဖွဲ့ အစည်းဝင်အဖြစ် သို့မဟုတ် ဘာသာရေး အစွန်းရောက်   အဖွဲ့အစည်းဝင် အဖြစ် သို့မဟုတ် နိုင်ငံကြီးငယ် တစ်ခုခုမှာ အရေးပါသူတစ်ဦးဦး အဖြစ်ဖြစ်နေလျှင် နိုင်ငံအတွက် စိုးရိမ်ဖွယ်ရာ အခြေအနေဖြစ်သွားနိုင်တာကို စဉ်းစားစေချင်ကြောင်း၊  ထို့ပြင်   နိုင်ငံ့ခေါင်းဆောင်တစ်ဦး၏ သားသမီး တစ်ဦးဦးကို ခြိမ်းခြောက်ပြီး အလိုရှိရာ သိမ်းသွင်းသွားနိုင်တာမျိုးတွေနှင့် တခြားသော အခြေအနေမျိုးတွေသည်လည်း  ထည့်သွင်းစဉ်းစားသင့်သည့် အချက်များလည်း ဖြစ်ကြောင်း၊ ထို့ကြောင့်  နိုင်ငံတော်၏ အနာဂတ်အတွက် အမြော်အမြင်ကြီးမားစွာ ရေးဆွဲပြဋ္ဌာန်းခဲ့သည့်    ထိုဥပဒေပြဋ္ဌာန်းချက်တွေကို လွယ်လွယ်ပြင်လိုက်မယ် ဆိုပါက အနာဂတ်မှာ   တိုင်းပြည်အတွက်   ကြီးမားသော အန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ရမှာဖြစ်ကြောင်း။

နိုင်ငံခြား တိုင်းပြည်တစ်ခုခု၏ ကျေးဇူးခံ ကျေးဇူးစားဖြစ်ပြီဆိုရင် နိုင်ငံတစ်ခုပြိုကွဲ သွားစေနိုင်တယ်ဆိုတာကို ဆိုဗီယက်နိုင်ငံက  ပြခဲ့တဲ့ သက်သေတစ်ခုဖြစ်ကြောင်း၊ ဆိုဗီယက်နိုင်ငံ မပြိုကွဲခင်  ကမ္ဘာ့အင်အားကြီး နိုင်ငံအဖြစ် ရပ်တည်ခဲ့ကြောင်း၊ ဆိုဗီယက် ပြည်ထောင်စုသမ္မတ ချာနင်ကို ကွယ်လွန်ပြီးတဲ့နောက် ၁၉၈၅ ခုနှစ်မှာ မီခေးဂေါ်ဘာချော့ဗ် သမ္မတဖြစ်လာခဲ့ပြီး အနောက်အုပ်စုနှင့် နွေးထွေးသော ဆက်ဆံရေးကို  တည်ဆောက်နိုင်ခဲ့ကြောင်း၊  ၁၉၈၇  ခုနှစ်က စတင်ပြီးပွင့်လင်းမှု၊ ပြုပြင်တည်ဆောက်မှုနှင့်  ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုစသည့်  ပြုပြင်ပြောင်းလဲမှုများ လုပ်ခဲ့ရာ ကမ္ဘာ့နိုင်ငံ အသီးသီးက စိတ်ဝင်စားစွာ စောင့်ကြည့်ခဲ့ကြောင်း၊ ဂေါ်ဘာချော့ဗ်၏ ပြောင်းလဲရေး အကောင်အထည်ဖော် ဆောင်ရွက်မှုတွေမှာ အမေရိကန်အပါအ၀င် အနောက်နိုင်ငံများမှ ထောက်ပံ့မှုများ၊ ချေးငွေများ ပေးခဲ့ကြောင်း၊ စီးပွားရေး လမ်းစဉ်ကို   ပြောင်းလဲခဲ့ရုံသာမက အုပ်ချုပ်ရေး လမ်းစဉ်ကိုလည်း ကွန်မြူနစ်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ပြောင်းလဲခဲ့ကြောင်း၊ သို့ပေမယ့် စီးပွားရေးစနစ် ပြောင်းလဲမှုသည်  အောင်မြင်မှုမရ ရှိခဲ့သည့်အတွက် ဆိုဗီယက်ပြည်ထောင်စု အပေါ် နိုင်ငံတကာ ကြွေးမြီများ တင်လာခဲ့ကြောင်း၊ ထို့ပြင် အုပ်ချုပ်ရေးယန္တရားကြီးလည်း ပြိုကွဲခဲ့ကြောင်း၊ ထို့နောက် စည်းလုံးညီညွတ်မှု ပြိုကွဲလာခဲ့ပြီး ပြည်နယ်များနှင့် လူမျိုးစုများအတွင်း  ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာဏာ တောင်းဆိုမှုတွေနှင့်  ခွဲထွက်ခွင့် တောင်းဆိုမှုတွေ မြင့်မားလာခဲ့ကာ အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေး အားနည်းခဲ့ရကြောင်း။

ဂေါ်ဘာချော့ဗ်အနေနှင့်  ယခုလိုပြုပြင် ပြောင်းလဲရေးကြောင့် ပျက်ယွင်းခဲ့ရသည့် နိုင်ငံ့ အခြေအနေကို ပြန်လည် ထိန်းသိမ်းလိုခဲ့သော်လည်း အမေရိကန်တို့မှ ဂေါ်ဘာချော့ဗ်အား စစ်အေးတိုက်ပွဲ အဆုံးသတ်စေခဲ့သူ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး တက်ကြွစွာ ဖော်ဆောင်ပေးသူအဖြစ် ၁၉၉၀ ပြည့်နှစ်၊ အောက်တိုဘာ ၁၂ ရက်မှာ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို ရက်ရက်ရောရော ပေးအပ်ခဲ့ပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို     ဆက်လက် လုပ်ဆောင်စေဖို့ တွန်းအားပေးခဲ့ကြောင်း၊ အမေရိကန်နှင့်အနောက်အုပ်စုတို့၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုသည့် အကြောင်းပြချက်နှင့် သပ်လျှိုသွေးခွဲမှုတွေကြောင့် ၁၉၉၀ ပြည့်နှစ်၊ ဒီဇင်ဘာ၂၄  ရက်မှာ ဆိုဗီယက်နိုင်ငံကြီးသည် နိုင်ငံငယ်လေး ၁၅ နိုင်ငံအဖြစ် အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲခဲ့ရကြောင်း။

မိမိတို့နိုင်ငံသည် ယခုရင်ဆိုင်ကြုံတွေ့ နေရသည့်ပြဿနာမှာ ဆိုဗီယက်နိုင်ငံ ပြိုကွဲစေသည့် အခြေအနေမျိုးတွေအပြင် နယ်စပ်မှာနေထိုင်သည့်  ဘင်္ဂါလီလူမျိုးတွေထဲမှ ရိုဟင်ဂျာမျိုးနွယ်စု အမည်ခံပြီး မြန်မာနိုင်ငံသားအဖြစ် လက်ခံရေး၊  ဘူးသီးတောင် မောင်တောဒေသမှာ လွတ်လပ်စွာနေထိုင်ခွင့်ပြုရေး  စသည့် တောင်းဆိုမှုများ အပါအ၀င် အမျိုးမျိုးသော တောင်းဆိုချက်တွေ ပေါ်ထွက်နေတာကိုလည်း အခုလိုရင်ဆိုင် နေရသည့် ကာလမှာ သတိချပ်စေလိုကြောင်း။

ခေတ်ကာလအလျောက် ဖြစ်ပေါ်နေသည့် အကြောင်းတွေကြောင့် သမ္မတဖြစ်မည့်သူသည် သာမန်ပြည်သူ တစ်ယောက်စောင့်ထိန်းနိုင်သည့်  ကျင့်ဝတ်၊  နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တွေထက် မလျော့သော အရည်အချင်းရှိဖို့ အရေးကြီးတယ်လို့ မိမိအနေနှင့်ယူဆကြောင်း၊ မိမိတို့နိုင်ငံ၏ သမ္မတတာဝန် ပေးအပ်ခံရမယ့်သူသည် ဘယ်လိုအားနည်းချက်မျိုးမျှ မရှိသည့် ဖြူစင်ရိုးသား၊ အမျိုးချစ်သည့် အမျိုးဂုဏ်ကို ထိန်းသိမ်းသည့် ပုဂိ္ဂုလ်ဖြစ်ပြီး တိုင်းရင်းသား အားလုံး၏ လေးစားကြည်ညိုသည့် ပုဂ်္ဂိုလ်ဖြစ်ရန် အရေးကြီးကြောင်း။

ကမ္ဘာ့နိုင်ငံများ၏ သမ္မတ အရည်အချင်းနှင့် ပတ်သက်ပြီး အနည်းငယ် ဆွေးနွေးလိုကြောင်း၊ အမေရိကန်နိုင်ငံ၏ အခြေခံဥပဒေအရ  နိုင်ငံတော်သမ္မတ၊  ဒုတိယသမ္မတ တာဝန်ထမ်းဆောင်မယ့် သူများက နိုင်ငံသားဖြစ်ရုံသာမက အမေရိကန်ပြည်ထောင်စု ပြည်တွင်းနယ်မြေတစ်ခုခုမှာ မွေးဖွားခဲ့သူဖြစ်မည်ဖြစ်ကြောင်း၊ ဆိုလိုရင်းမှာ နိုင်ငံသား ဖြစ်လျှင်လည်း ၎င်းမွေးဖွားသည့်အချိန်တွင် ၎င်း၏မိခင်သည် နိုင်ငံခြား တိုင်းပြည်တွင် ရောက်ရှိနေစဉ် မွေးဖွားခဲ့မည် ဆိုလျှင် သမ္မတဖြစ်ခွင့်   ဆုံးရှုံးမှာဖြစ်ကြောင်း၊ အလားတူ ဥပဒေသတ်မှတ်ခြင်းမျိုး နယ်သာလန်နိုင်ငံတွင်လည်း ရှိကြောင်း၊    ဗြိတိန်နိုင်ငံတွင်လည်း ဗြိတိသျှစည်းမျဉ်းဥပဒေအရ ဘုရင်ဖြစ်မယ့်သူနှင့် ၎င်း၏ အိမ်ထောင်ဖက်များဟာ ရိုမန်ကက်သလစ် ဘာသာကို ကိုးကွယ်သူမဖြစ်စေရ။ အိမ်ထောင်ကျဖူးသူကို သို့မဟုတ် နိုင်ငံခြားသားကို လက်ထပ်လိုလျှင် ပါလီမန်၏ ခွင့်ပြုချက်ရရန် လိုကြောင်း သတ်မှတ်ထားတာ လေ့လာတွေ့ရှိရကြောင်း၊ ကျန်တဲ့နိုင်ငံ တော်တော်များများတွင် သမ္မတ အရည်အချင်းနှင့် ပတ်သက်ပြီး တူညီသည့် အချက်မှာ ဘာသာအရ ကန့်သတ်ချက်နှင့် နိုင်ငံသားအရ ကန့်သတ်ချက်တွေပဲဖြစ်တယ်ဆိုတာ သိပြီးသားဖြစ်ကြမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံ ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းကို ပြန်ကြည့်လျှင်လည်း အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့သည့်အချိန်တွင် အင်္ဂလိပ်အလိုတော်ရိ ဂျပန်လက်အောက် ကျရောက်ခဲ့တဲ့အချိန်မှာ ဂျပန်အလိုတော်ရိ စသည့် သစ္စာဖောက် ကျေးဇူးခံကျေးဇူးစားတွေ ရှိခဲ့သည်မှာ အထင်အရှားဖြစ်ကြောင်း၊ လွတ်လပ်ရေး ရပြီးချိန်တွင်လည်း  မဲရလိုသည့် ဆန္ဒအရ နိုင်ငံသားအဖြစ် ပေးမည်ဆိုပြီး  စည်းရုံးအာဏာ ရယူခဲ့တာတွေကလည်း သမိုင်းမှာ ဖျက်မရသည့် အမည်းစက်တွေဖြစ်တာ မမေ့ကြဖို့လိုကြောင်း၊ အာဏာရပြီးရောဆိုသည့် လူမျိုးတွေ တော်တော်များများ ရှိသည့် နိုင်ငံမျိုးတွင် ၅၉ (စ)လို ပုဒ်မမျိုးနှင့် ထိထိရောက်ရောက် ကာကွယ်ထားမှသာ စိတ်ချရမည်ဖြစ်ကြောင်း။

ဗိုလ်ချုပ်အောင်ဆန်း ဦးစီးပြီး ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲခဲ့စဉ်ကပင် အုပ်ချုပ်မည့် လူတန်းစားမှာ နိုင်ငံခြားကျေးဇူးခံ ကျေးဇူးစားတွေ မပါဝင်စေရေးကို အလွန်အရေးကြီးသည့် အခြေခံမူတစ်ခုအဖြစ် ထည့်သွင်း ရေးဆွဲခဲ့ကြောင်း၊ထို့ပြင် လန်ဒန်မြို့တွင် နန်းရင်းဝန်အက်တလီနှင့်   လွတ်လပ်ရေးအတွက် တိုင်ပင်ဆွေးနွေး ခဲ့စဉ်ကလည်း ဗိုလ်ချုပ်အောင်ဆန်းက  ပဓာနကျသော သတ်မှတ်ချက်တစ်ခုကို  မီးမောင်းထိုးပြခဲ့ကြောင်း၊ ဒီအချက်မှာ ““မြန်မာနိုင်ငံ လွတ်လပ်ရေး ရသည့်အခါ နိုင်ငံတော်၏ ကျေးဇူးသစ္စာစောင့်သိမှုအပေါ် ဇဝေဇ၀ါဖြစ်နိုင်သူများနှင့် နိုင်ငံခြားတွင် အမြဲနေထိုင်ခဲ့သူများကို မြင့်မားသည့်  နိုင်ငံရေးရာထူး အဆင့်များ ရယူခွင့်မရှိရလေအောင် ဥပဒေအရ တားမြစ်ထားရမည်””လို့ အသေအချာ အတိအလင်း ပြောကြားခဲ့ကြောင်း။

အချုပ်အားဖြင့်   ဆွေးနွေးလိုသည်မှာ နိုင်ငံခြား တိုင်းပြည်တစ်ခုခု၏ ကျေးဇူးခံ ကျေးဇူးစား ဆိုသည့်အရာကို  တိုင်းတာလို့ မရနိုင်လို့ ၅၉(စ) ကို တိတိကျကျနှင့် ထိထိရောက်ရောက်ဖြစ်အောင် အမြော်အမြင်ရှိရှိနှင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လိုလားချက်ဖြစ်သည့် ““မြန်မာနိုင်ငံ လွတ်လပ်ရေးရတဲ့အခါ  နိုင်ငံတော်ရဲ့ ကျေးဇူးသစ္စာ စောင့်သိမှုအပေါ် ဇဝေဇ၀ါ ဖြစ်နိုင်သူများနှင့် နိုင်ငံခြားတွင် အမြဲနေထိုင်ခဲ့သူများကို  မြင့်မားတဲ့   နိုင်ငံရေးရာထူးအဆင့်များ ရယူခွင့်မရှိရလေအောင် ဥပဒေအရ တားမြစ်ထားရမည်””ဆိုသည့်အတိုင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးမှာ တာဝန်ရှိကြသော လွှတ်တော် ကိုယ်စားလှယ်များသည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကိုရှေးရှုပြီး    သာမန်ပြည်သူတစ်ယောက် အတွက်တောင်  ပြည့်စုံနိုင်သည့် သမ္မတအရည်အချင်း သတ်မှတ်ချက်  ၅၉ (စ) ကို အနာဂတ် အန္တရာယ်ကို ကြိုမြင်ပြီး မူလပြဋ္ဌာန်းချက်အတိုင်းသာ   ထားရှိသင့်ကြောင်း ဆွေးနွေးပြောကြားသည်။

တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကျော်မင်းထွန်းက ပုဒ်မ ၅၉ (ဂ)သည် ““ရွေးချယ်တင်မြှောက်ခြင်းခံရသူသည် အနည်းဆုံး အသက် ၄၅ နှစ်ပြည့်ပြီးသူ ဖြစ်ရမည်””ဟု   ပြဋ္ဌာန်းထားကြောင်း၊ ဦးစိုင်းသန်းနိုင် အပါအ၀င် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်   ၁၄၅   ဦးက တင်သွင်းထားသည့်  ဥပဒေမူကြမ်းတွင်““ရွေးချယ်တင်မြှောက်ခြင်း  ခံရသူသည် အသက် ၄၅ နှစ်ပြည့်ပြီးသူ ဖြစ်ရမည်””ဟု ပြင်ဆင်ထားကြောင်း၊  ပုဒ်မ ၅၉(ဂ)ထည့်သွင်းရခြင်း  အကြောင်းရင်းနှင့် ပတ်သက်ပြီး အမျိုးသားညီလာခံ မှတ်တမ်းများတွင် နိုင်ငံတော်သမ္မတသည်  နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာရရှိပြီး   တာဝန်နှင့် အခန်းကဏ္ဍသည် များစွာ ကျယ်ပြန့်မြင့်မား ကြောင်း၊ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရပြီး    ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ နိုင်ငံတော်ကြီးပွား တိုးတက်ရေး၊ နိုင်ငံတော် ယန္တရားများ ထိရောက် သွက်လက်စွာ လည်ပတ်နိုင်ရေး၊ ပါတီစုံစနစ်ဖြင့် စစ်မှန်သော ဒီမိုကရေစီ ထွန်းကားကျယ်ပြန့်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ယဉ်ကျေးမှု အဆင့်အတန်းများ မြင့်မားရေးအတွက် စွမ်းစွမ်းတမံ ဦးဆောင်ပြုလုပ်ရမည့် ပုဂ်္ဂိုလ်ဖြစ်ကြောင်း၊  အဆိုပါ ပုဂ်္ဂိုလ်မျိုးဖြစ်သည့်  နိုင်ငံတော်သမ္မတ၏ အသက်ကို သတ်မှတ်သည့်အခါ မငယ်လွန်း၊ မကြီးလွန်း အနည်းဆုံး ၄၅နှစ်ပြဋ္ဌာန်းသင့်ခြင်းကို  အခြေခံမူတွင် ထည့်သွင်းပြဋ္ဌာန်းခဲ့ကြောင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားသည့် အရည်အချင်း သတ်မှတ်ချက်နှင့် အသက်ကန့်သတ်ချက်များကို လေ့လာကြည့်ရာ  ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးများ၏ အသက်ကို ၅၀ နှစ်ထက်မငယ်၊ အသက် ၇၀ နှစ်ထက်မကြီးဟု လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များနှင့် တရားသူကြီးများ၏ အသက်အား ၄၅ နှစ်ထက် မငယ်၊ ၆၅ နှစ်ထက်မကြီးသူဟု လည်းကောင်း အသီးသီး ပြဋ္ဌာန်းထားကြောင်း၊ တရားစီရင်ရေး ကဏ္ဍတစ်ခုတည်းကိုသာ လေ့လာပြီးအတွေ့အကြုံရယူထားသော တရားသူကြီးများ အနေဖြင့် အသက် ၄၅ နှစ်ပြည့်မှသာ တိုင်းဒေသကြီး ပြည်နယ်တရား လွှတ်တော်ချုပ်၊ အသက် ၅၀ နှစ်ပြည့်မှ ပြည်ထောင်စုအဆင့် တရားသူကြီးချုပ် ခန့်အပ်ခံရမည် ဖြစ်ကြောင်း၊ Field တစ်ခုထဲမှာသာ ကျင်လည်ရသည့် သူများတောင် အဆုံးအဖြတ်ပေးနိုင်သောနေရာကို တာဝန်ပေးအပ်နိုင်ရန်အတွက် အသက်ကန့်သတ်ချက် ၄၅နှစ်သည်  အနည်းဆုံးဖြစ်ကြောင်း လေ့လာတွေ့ရှိရမည်ဖြစ်ကြောင်း၊ အမေရိကန်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ သမ္မတတွေ အဖြစ်ဆောင်ရွက်မည့် ပုဂ်္ဂိုလ်သည် အသက် ၃၅ နှစ်ပြည့်ပြီးသူကို လည်းကောင်း၊ တရုတ်နိုင်ငံတွင် အသက် ၄၅ နှစ်ပြည့်ပြီးသူကို လည်းကောင်း၊ အိန်္ဒိယနိုင်ငံတွင် အသက်၃၅ နှစ်ပြည့်ပြီးသူကို လည်းကောင်း အသီးသီး သတ်မှတ်ပြဋ္ဌာန်းထားခြင်းကို တွေ့ရကြောင်း၊ အခြားနိုင်ငံများတွင် အနည်းဆုံး ၃၅ နှစ် သတ်မှတ်ပြဋ္ဌာန်းခဲ့ကြသော်လည်း မိမိနိုင်ငံအနေဖြင့် နိုင်ငံ၏ ပထ၀ီမြေပြင်အနေအထား၊ အင်အားကြီးနိုင်ငံများနှင့် နယ်နိမိတ် ထိစပ်နေမှု၊ အရှေ့တောင်အာရှတွင် အရေးပါသော မြေနေရာတွင် တည်ရှိမှုများကြောင့် အတွေ့အကြုံကြွယ်ဝရန် လိုအပ်ခြင်းကြောင့် နိုင်ငံတော် သမ္မတ၏ အသက်သည်  ၄၅  နှစ်ပြည့်ပြီးသူဖြစ်ရမည်ဆိုသည့် အချက်သည် ပကတိ အခြေအနေအရ သင့်လျော်ကောင်းမွန်သော ပြဋ္ဌာန်းချက်ဖြစ်ကြောင်း။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အခြားပြဋ္ဌာန်းချက်များနှင့် အရေးအသား အသုံးအနှုန်းပိုင်းကို နှိုင်းယှဉ်ချိန်ထိုး လေ့လာကြည့်မည် ဆိုလျှင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊  ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊   တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ် စသည့် ပုဂ်္ဂိုလ်များ၏ အသက် ကန့်သတ်ပြဋ္ဌာန်းချက် များတွင်““အနည်းဆုံး”” ဆိုသည့် စကားရပ် မပါရှိခြင်းကို တွေ့ရှိရမည် ဖြစ်ကြောင်း၊ ဥပဒေမူကြမ်း ပြင်ဆင်ချက်သည် ပိုမိုရှင်းလင်းစေခြင်း၊ ဥပဒေရေးထုံး မှန်ကန်ခြင်းများအပြင် အခြားပြဋ္ဌာန်းချက်များနှင့်ပါ လိုက်လျောညီထွေ သွားမည်ဖြစ်ခြင်းကြောင့်““အနည်းဆုံး”” ဆိုသော စကားရပ်အား ပယ်ဖျက်၍ ““ရွေးချယ်တင်မြှောက်ခြင်း ခံရသူသည် အသက် ၄၅နှစ်ပြည့်ပြီးသူ ဖြစ်ရမည်”” ဟု ပြင်ဆင်ပြဋ္ဌာန်း သင့်ကြောင်း။

ပုဒ်မ၅၉(ဃ)   မူလပြဋ္ဌာန်းချက်သည်““နိုင်ငံတော် အရေးအရာများ ဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးစသည့် အမြင်များရှိရမည်””ဟု ပြဋ္ဌာန်းထားကြောင်း၊ ယခုဥပဒေမူကြမ်းတွင် ““နိုင်ငံတော် အရေးအရာများ ဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လုံခြုံရေး စသည့် အမြင်များ ရှိရမည်””ဟုပြင်ဆင်ထားကြောင်း၊ နိုင်ငံတော် သမ္မတဆိုသည်မှာ နိုင်ငံတော်ကို ဦးဆောင်ဦးရွက် ပြုပေးရမည့် ပုဂ်္ဂိုလ်ဖြစ်ပြီး နိုင်ငံတော်၏ အမျိုးသားရေးတာဝန်ဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်ရမည့် ပုဂ်္ဂိုလ်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန် သမ္မတသည် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးစသည့် နိုင်ငံတော် အရေးအရာများနှင့် ဆက်စပ်ပြီး ကျွမ်းကျင်ထိရောက်စွာ ဆောင်ရွက်နိုင်စွမ်းရှိရန် လိုအပ်ကြောင်း၊ ယနေ့ကမ္ဘာတွင်ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများ၊ ဒေသတွင်း ပဋိပက္ခများ၊ ပြည်တွင်း သောင်းကျန်းမှု လက်နက်ကိုင် ပဋိပက္ခများ၊ ပြည်ပပယောဂများကြောင့် ဖြစ်ပေါ်လာသော  အကြမ်းဖက် သောင်းကျန်းမှုများကြောင့် နိုင်ငံတော်သမ္မတအနေဖြင့် စစ်ရေးအမြင်ရှိရန် လိုအပ်ကြောင်း၊ အထက်ပါ ကိစ္စရပ်များကို စစ်ဘက်တာဝန်ရှိသူများနှင့် လေ့လာသုံးသပ် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးဆုံးဖြတ်စေခြင်းဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်အောင် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၁ မှာ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအား ဖွဲ့စည်းပြဋ္ဌာန်း ထားခြင်းပဲဖြစ်ကြောင်း၊ စစ်ရေးအမြင် ဆိုသည်မှာ vision အမြင်ကို ဆိုလိုခြင်းဖြစ်ကြောင်း၊ စစ်ရေး အတွေ့အကြုံရှိသူ၊ တစ်နည်းအားဖြင့် ရှိဖူးသူ (Military Experience)ကို ဆိုလိုခြင်းမဟုတ်ဘဲ စီးပွားရေး အမြင်လည်း ထိုနည်းအတိုင်းပဲ စီးပွားရေးအတွေ့အကြုံ ရြှိခင်းကို ဆိုလိုခြင်း မဟုတ်ဘဲ စီးပွားရေးအမြင် ရှိရန် လိုအပ်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲ တစ်ယောက်တွင် ရှိသင့်ရှိထိုက်သည့် နိုင်ငံတော် ကာကွယ်ရေးအတွက် လိုအပ်သည့် စစ်ရေးအမြင် (Military Vision) ကို ရှိရန် ဆိုလိုခြင်းဖြစ်ကြောင်း။

““စစ်””ဆိုသည့် စကားလုံးအဓိပ်္ပာယ်သည် နိုင်ငံရေးကို အခြားသောနည်းဖြင့် ဆက်လက်ဖြေရှင်းခြင်း   War  is continuation of politic by other means) ဟုဆိုကြောင်း၊ အခြားသော နည်းများအနက် လက်နက်ကိုင်တိုက်၍ ဖြေရှင်းရသည့် စစ်ရေးနည်းလမ်းသည် အမြင့်ဆုံးဖြစ်ကြောင်း၊ ကျန်အချက်များဖြစ်တဲ့ စီးပွားရေးအရ သတ်သောနည်း၊ ယဉ်ကျေးမှုအရ ၀ါးမျိုနည်း၊ ဘာသာရေး၊ လူမျိုးရေးအရ ၀ါးမျိုနည်း၊  ပညာရေးအရ ချိုးနှိမ်နည်း၊ အမျိုးသမီးများကို နည်းမျိုးစုံဖြင့် အမျိုးသားရေး စိတ်ဓာတ်ပျက်ပြားအောင် ဖျက်ဆီးနည်း စသည့် နည်းမျိုးစုံသုံးပြီး ဘက်စုံ စစ်ပွဲအသွင်ဖြင့် စစ်ဆင် တိုက်ခိုက်လာနိုင်ခြင်းကြောင့် နိုင်ငံတော် အကြီးအကဲသည် စစ်ရေးအမြင်ရှိရန် အထူးလိုအပ်ခြင်းဖြစ်ကြောင်း၊ ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၆၄ ရက်မြောက်နေ့တွင် ကျင်းပသော ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး မူကြမ်းတွင်““နိုင်ငံတော် အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးစသည့် အမြင်များရှိရမည်””ဟု ပြဋ္ဌာန်းချက်တွင် စစ်ရေးဆိုသည့် စကားရပ်အစား ကာကွယ်ရေးဆိုသည့် စကားရပ်ဖြင့် ပြောင်းလဲပြဋ္ဌာန်းရန် သဘောတူညီခဲ့ပြီး ပြင်ဆင်ရေးဆောင်ရွက်ရန် အတည်ပြုကြေညာခဲ့ပြီး ဖြစ်ကြောင်း၊ ထို့အတူ (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၇၄ ရက်မြောက်နေ့တွင် အထက်ပါ ပုဒ်မ ၅၉(ဃ) ပြင်ဆင်ရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရန်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ တင်ပြချက်တွင် ““နောင်တွင်ပေါ်ပေါက်လာနိုင်သည့် အခြေခံ ဥပဒေပြင်ဆင်ရေး ဆိုင်ရာများနဲ့အတူ ပြုလုပ်နိုင်ရန် ခေတ္တဆိုင်းငံ့ထားသင့်ကြောင်း”” တင်ပြချက်အပေါ် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ခြင်းကို တွေ့ရှိရကြောင်း။ 

အဆိုပါ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ အစီရင်ခံစာကနေ ထုတ်နုတ်တင်ပြရမည် ဆိုလျှင်““အထွေထွေရွေးကောက်ပွဲနှင့် အတူ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၅၉ ပုဒ်မခွဲ(ဃ) ပြင်ဆင်ရန် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ပူးတွဲကျင်းပခြင်းဖြင့် အချိန်၊ လုပ်အားနှင့်  ဘဏ္ဍာငွေကုန်ကျမှုများ သက်သာမှုရှိစေရမည်ဟု ဆိုနိုင်သော်လည်း သီးခြားဆောင်ရွက်ရမည့် လုပ်ငန်းရပ်တစ်ခု ဖြစ်ပါသဖြင့် လိုအပ်သည့် အထောက်အကူပြု ပစ္စည်းများအတွက် နိုင်ငံတော်ဘဏ္ဍာငွေမှ ကျပ်သန်းပေါင်း ၄၇၂၉.၀၄၃ သန်းခန့် အနည်းဆုံးလိုအပ်ကြောင်း၊ နောင်တွင် ပေါ်ပေါက်လာနိုင်သည့် အခြေခံဥပဒေပြင်ဆင်ရေး ဆိုင်ရာများနှင့်အတူ ဆန္ဒခံယူပွဲပြုလုပ်ပါက ပိုမိုသင့်လျော်မည်ဖြစ်ကြောင်း””  ပြည်ထောင်စု လွှတ်တော်ကြီးအား တင်ပြအတည်ပြု ဆောင်ရွက်ခဲ့ခြင်းကို တွေ့ရှိရကြောင်း၊ ပုဒ်မ ၅၉(ဃ)သည် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်ကာလတွင် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်ကပြင်ဆင်ရန် သဘောတူညီခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ အရ   ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပဆောင်ရွက်ရန် ကျန်ရှိနေသည့် ပုဒ်မတစ်ခုလည်းဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် ပြည်သူလူထု၏ဆန္ဒ၊ ပြည်သူလူထု၏  အဆုံးအဖြတ်ရယူရန် ကျန်ရှိနေသေးခြင်းဖြစ်ကြောင်း၊   မိမိတို့ ပြည်ထောင်စုလွှတ်တော်ကြီးကလည်း ပြည်သူ၏ ဆန္ဒကိုဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ ပြည်သူ၏ ဆန္ဒကိုမေးမြန်းပြီးမှသာ အတည်ပြုရမည်ဖြစ်ကြောင်း၊  ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်ပြီးရင် မူလပြဋ္ဌာန်းချက်ဖြစ်သည့် စစ်ရေးအမြင်က အတည်ဖြစ်မလား၊ ပြင်ဆင်ချက်ဖြစ်သည့် ကာကွယ်ရေးအမြင်က အတည်ဖြစ်မလား မသိရသေးကြောင်း၊ ထိုပုဒ်မ၏ ပြင်ဆင်ရေး process က ပြီးမြောက်ခြင်း မရှိသေးဘဲ လုံခြုံရေးအမြင်ဟု  ထပ်မံပြင်ဆင်ခြင်းမျိုးသည် ပထမအကြိမ်ပြည်ထောင်စု လွှတ်တော်၏ ဆုံးဖြတ်ချက်ကို အလေးထား လိုက်နာရန် ရှိ/မရှိ မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း၊ အစိုးရတစ်ခု တက်တိုင်း ထပ်မံပြင်ဆင်ရန် မသင့်ကြောင်း၊ ထို့ကြောင့် ပုဒ်မ ၅၉ ပုဒ်မခွဲ(ဃ)ကို မူလအတိုင်းသာ ထားရှိသင့်ကြောင်း ဆွေးနွေး ပြောကြားသည်။             

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး စိုးမိုးအောင်က ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၄ ပုဒ်မ ၁၀၉ (ခ) ၊ ပုဒ်မ ၁၄၁(ခ)နှင့်ပုဒ်မ ၁၆၁ (ဃ)တို့၏ မူလပြဋ္ဌာန်းချက်များကို ယခုဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းတွင်  ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၀၉ (ခ)၊ ၁၄၁ (ခ)နှင့် ၁၆၁  (ဃ)တို့ကိုလွှတ်တော်အသီးသီး အလိုက် တပ်မတော်သား ကိုယ်စားလှယ်များကို  လွှတ်တော် တတိယအကြိမ် သက်တမ်းမှာ ကိုယ်စားလှယ် ဦးရေစုစုပေါင်းရဲ့ ၁၅ ရာခိုင်နှုန်း၊ စတုတ္ထအကြိမ် သက်တမ်းမှာ ကိုယ်စားလှယ်ဦးရေ စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်း၊ ပဉ္စမအကြိမ်သက်တမ်းမှာ ကိုယ်စားလှယ်ဦးရေ စုစုပေါင်းရဲ့  ၅ ရာခိုင်နှုန်း   စသည့်လွှတ်တော် သက်တမ်းအလိုက် လျှော့ချသွားမည့် အဆိုပြုထားသည့် ပြင်ဆင်ချက်ကို တွေ့ရကြောင်း၊ရည်ရွယ်ချက်သည် လွှတ်တော် အသီးသီးမှာ တပ်မတော်သား ကိုယ်စားလှယ်များ ပါဝင်မှုရာခိုင်နှုန်းကို လျှော့ချလိုခြင်းဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ဒီမိုကရေစီ ကူးပြောင်းကျင့်သုံးနေသည့် ယခုလိုကာလတွင် ပြည်သူ့လွှတ်တော်၊   အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်များတွင် သတ်မှတ်ရာခိုင်နှုန်း အလိုက် ပါဝင်နေရသည့် ကိစ္စနှင့် ပတ်သက်ပြီး တင်ပြရမည်ဆိုလျှင် တပ်မတော်သည် အစဉ်အလာကြီးမားသည့် တပ်မတော်ပဲဖြစ်သည်ကို တွေ့ရမည် ဖြစ်ကြောင်း၊ အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲများကို သက်စွန့်ကြိုးပမ်း ထမ်းရွက်လာခဲ့ရသည့် တပ်မတော်လည်း ဖြစ်ကြောင်း၊ ဒီမိုကရေစီ အလေ့အကျင့် နုနယ်သည့်အချိန်တွင် နိုင်ငံရေးခရီးကို တပ်မတော်နှင့် လက်မတွဲဘဲ နိုင်ငံရေးသမားချည်း သက်သက်သွားမည်ဆိုလျှင် အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးတွင် အခက်အခဲများ ရှိလာနိုင်တဲ့အတွက် နိုင်ငံတော်တည်ငြိမ်ရေးကို ဦးတည်ရှေးရှုပြီး အာမခံချက် ရရှိစေမည့်   အမျိုးသားရေး ရပ်တည်ချက် အသွင်အဖြစ် လွှတ်တော်အသီးသီးတွင် တပ်မတော်သား ကိုယ်စားလှယ်များ ပါဝင်နေရခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင်   ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရကြား အားပြိုင်မှုများကြောင့် မတည်ငြိမ်မှုဖြစ်ပေါ်လာခဲ့သော် လည်းကောင်း၊ ပြည်နယ်များရှိ လူမျိုးစုပဋိပက္ခများ ဖြစ်ပေါ်ပြီး ဒေသတွင်း မတည်ငြိမ်မှုများ ဖြစ်ပေါ်လာသည့်အခါတွင်သော် လည်းကောင်း၊ အိမ်နီးနားချင်း နိုင်ငံများက နည်းလမ်းမျိုးစုံ အသုံးပြုပြီး ခြိမ်းခြောက် ရန်မူလာလျှင်သော် လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ပူးပေါင်းပြီး အခြေအနေ အရပ်ရပ်ကို   အောင်မြင်စွာ ကျော်လွှား ဆုံးဖြတ်နိုင်ရန်အတွက် တိုင်းရင်းသားနှင့် အမျိုးသား အကျိုးစီးပွားကို ဦးတည်ပြီး မဖြစ်မနေ ပါဝင်နေရခြင်းဖြစ်ကြောင်း။

တပ်မတော်၏ သမိုင်းအဆက်ဆက်ကြည့် မည်ဆိုလျှင်   ပြည်ထောင်စု မပြိုကွဲရေးအတွက် ၁၉၅၈ ခုနှစ်တွင် အိမ်စောင့်အစိုးရ၊ ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီ အစိုးရ၊ ၁၉၈၈ ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီအနေဖြင့် တာဝန်ယူခဲ့ရကြောင်း၊ ပြည်ထောင်စု မပြိုကွဲရေးအပြင် တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး အတွက် အရေးပေါ်လာခြင်းကြောင့် မဖြစ်မနေ ၀င်ရောက်ဆောင် ရွက်ပေးခဲ့ရသည့် သာဓကများဖြစ်ကြောင်း၊ ယခင်သမိုင်းကြောင်းများအရ  နိုင်ငံရေးနှင့် တပ်မတော် သီးခြားစီထားရှိချိန်တွင် နိုင်ငံရေး မတည်ငြိမ်မှုအရ နိုင်ငံတော်ပြိုကွဲလု ဖြစ်ချိန်တွင် တပ်မတော်က ၀င်ရောက်ထိန်းသိမ်း တာဝန်ယူခြင်းမျိုး မရှိစေရေးအတွက် လက်ရှိဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရာတွင် အရှိန်အဟုန်မပျက်စေရေး တပ်မ တော်၏ အခန်းကို ကဏ္ဍတစ်ရပ်အနေဖြင့် အမျိုးသားနိုင်ငံရေးတွင် ထည့်သွင်းတာဝန် ထမ်းဆောင်စေခြင်းဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်စေခြင်းသည် ပြည်သူများ လိုလားတောင့်တနေသည့်  ဒီမိုကရေစီ လမ်းကြောင်း ပျောက်ပျက်မသွားစေရန်အတွက် ထိန်းသိမ်း ဆောင်ရွက်ပေးနေရခြင်း ဖြစ်ကြောင်း။

အမျိုးသားနိုင်ငံရေး ဆိုသည်မှာ နိုင်ငံတော်၏ အာဏာကို ရယူရန်မဟုတ်ဘဲ နိုင်ငံ တော်၏လိုအပ်ချက်၊ နိုင်ငံသားများ၏ လိုအပ်ချက်များဖြစ်သည့် အမျိုးသား အကျိုးစီးပွား အတွက် ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းမှုတစ်လျှောက်လုံး လုပ်ဆောင်ခဲ့သည့် နိုင်ငံရေးသည် အမျိုးသားနိုင်ငံရေးဖြစ် ကြောင်း၊ တပ်မတော်အနေဖြင့် လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလမှစပြီး    ယနေ့အထိ ဖြတ်သန်းခဲ့ရသည့် နိုင်ငံရေး အခြေအနေများအရ လည်းကောင်း၊ လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသည့် ပြည်တွင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ အခြေအနေအရ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် ဖော်ဆောင်ဆဲ ကာလဖြစ်ခြင်းကြောင့် လည်းကောင်း၊ သဘာဝ ဘေးအန္တရာယ်နှင့် ပြည်သူ့အကျိုး စီးပွားအပေါ် ကျရောက်လာမည့် အန္တရာယ်များအတွက် အကာအကွယ် ပြုနိုင်မည့် အခန်းကဏ္ဍက ပါဝင်ရန် လိုအပ် ခြင်းကြောင့်လည်းကောင်း၊ တရားဥပဒေစိုးမိုးမှုနှင့် တည်ငြိမ်အေးချမ်းမှု အပြည့်အ၀မရရှိ သေးသည့်အချိန်တွင် ပြည်သူတွေလိုလားနေသော စစ်မှန်သည့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ဒီမိုကရေစီလမ်းကြောင်း ပျောက်ပျက် မသွားစေရန်အတွက် တပ်မတော်အနေဖြင့် အမျိုးသားနိုင်ငံရေး အခန်းကဏ္ဍတွင် ပါဝင် နေရခြင်းကို  တွေ့ရှိရမည်ဖြစ်ကြောင်း၊ တပ်မတော်သည် ယနေ့အထိ အယူစွဲ၊ ၀ါဒစွဲ များကို လက်ကိုင်ထားခြင်းမရှိဘဲ တစ်မျိုးသားလုံး၏ အကျိုးစီးပွားနှင့်အတူ နိုင်ငံတော် တည်ငြိမ်ရေးနှင့် စစ်မှန်သည့် ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးအတွက်သာ ဆောင် ရွက်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ရွေးချယ် စေလွှတ်ထားသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များသည် တပ်မတော် အကျိုးစီးပွားအတွက် ရွေးချယ်စေလွှတ်ပေးခြင်း မဟုတ်ဘဲ ပြည်သူကို ကိုယ်စားပြုပြီး နိုင်ငံအတွက် ရွေးချယ်ထားခြင်းဖြစ်ကြောင်း။

ယခု ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုကြည့်မည်ဆိုလျှင် အသွင်ကူးပြောင်းရေး ကာလ၊ ဒီမိုကရေစီ အလေ့အကျင့် မရင့်ကျက်သေးချိန်၊ ပြည်တွင်းတိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး ရရှိရန် တည်ဆောက်နေချိန်တွင် ကျင့်သုံးရန် အထူးသင့်လျော်သည့် ပြဋ္ဌာန်းချက်များကို ထည့်သွင်းရေးဆွဲထား ခြင်းဖြစ်ကြောင်း၊ ထိုဖွဲ့စည်းပုံ အခြေခံဥပဒေသည် State Building နှင့် National Building ကို ဟန်ချက်ညီဖြစ်စေရေး အတွက် လွန်စွာအထောက်အကူ ပြုထားသည့် ဖွဲ့စည်း ပုံဖြစ်ကြောင်း၊ ထိုနေရာတွင် လွှတ်တော်အသီးသီးမှာ တပ်မတော်သား ကိုယ်စား လှယ်များ၏ အခန်းကဏ္ဍသည် နိုင်ငံတော်ကို ဟန်ချက်ညီစွာ တည်ဆောက်နိုင်ရေး အတွက် ဥပဒေပြုခြင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ခြင်းဖြင့် တပ်မတော်၏ ဖြတ်သန်းလာရသော တန်ဖိုးမဖြတ်နိုင်သည့် အတွေ့အကြုံများကို အခြေတည်ပြီး ရွေးကောက်ခံ ကိုယ်စားလှယ်များကို  မှန်ကန်သည့် ရလဒ်ကောင်းများ ရရှိ ဆုံးဖြတ်နိုင်စေရန်အတွက် ပါဝင်စေခြင်းဖြစ်ကြောင်း၊ လွှတ်တော်အတွင်း တပ်မတော် သား ကိုယ်စားလှယ်များ ပါဝင်နေခြင်းအတွက် ပါတီအသီးသီးက ရွေးကောက်တင်မြှောက်ခံ  ကိုယ်စားလှယ်များ အနေဖြင့် ရွေးကောက်ခံ မဲဆန္ဒနယ်မြေများ ခုနှိမ်ခြင်းမရှိဘဲ ရာခိုင် နှုန်းအပြည့် ၀င်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံခွင့် ရရှိကြပြီး လွှတ်တော်ကိုယ်စားလှယ်များ တာဝန်ထမ်းဆောင်နေခြင်းကို သတိချပ်စေလိုကြောင်း။

ယခုပြင်ဆင်ချက်တွင် တပ်မတော်သား ကိုယ်စားလှယ်များကို လွှတ်တော်အသီးသီးတွင် တတိယ သက်တမ်းမှစပြီး ရာခိုင်နှုန်းအလိုက် လျှော့ချရန်ပြင်ဆင်ထားခြင်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀(စ)တွင် ပါဝင်သည့် တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိမှုကို   တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားရန် လုပ်ခြင်းဟုမြင်ကြောင်း၊အမှန်တကယ် ဒို့တာဝန်အရေးသုံးပါးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့် ရှောက်ရန်သည် တပ်မတော်သားများ အပါအ၀င် ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်  များအားလုံး ကတိသစ္စာပြုပြီးဖြစ်ကြောင်း၊ အားလုံးတွင် တာဝန်ရှိပြီးဖြစ်ကြောင်း၊ သို့သော် နိုင်ငံရေးပါတီ အင်အားစုများသည် အာဏာရရှိလာပြီး နိုင်ငံ၏ ဖြတ်သန်းလာခဲ့ ရသည့် သမိုင်းကြောင်း၊ အခြေအနေများကို ကောင်းစွာ မလေ့လာ၊ နားမလည်နိုင်ဘဲ ကိုယ့်ပါတီ၊ ကိုယ့်အဖွဲ့အစည်း ကောင်းစားရေး အတွက် ဒို့တာဝန် အရေးသုံးပါးကို လျစ်လျူရှုပြီး ဆောင်ရွက်လာကြမည်ဆိုလျှင် တိုင်းရင်းသား ပြည်သူလူထုများအတွက် အန္တရာယ်နှင့် နိုင်ငံတော်အတွက် အန္တရာယ်များ ဖြစ်ပေါ်လာနိုင်သည်ကို မြင်တတ်ရန် လိုကြောင်း၊ ထို့ကြောင့် အန္တရာယ်များကို ကာကွယ်ရန်နှင့် ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုးအတွက် တပ်မတော်မှ အင်ပြည့်အားပြည့် လွှတ်တော်တွင်းမှပင် ထိန်းသိမ်းကာကွယ် စောင့်ရှောက် သွားသင့်သည်ကို ဆွေးနွေးလိုကြောင်း၊ တပ်မတော်သား ကိုယ်စားလှယ်များ လွှတ် တော်အတွင်း ရှိခြင်းသည်    အရပ်ဘက်စစ်ဘက် အပြန်အလှန် ယုံကြည်လေးစားမှုများ ရှိလာစေပြီး အရပ်ဘက်မှလည်း အစိုးရအဖွဲ့၏ ညီညွတ်မျှတသော အုပ်ချုပ်ရေးကို ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ တပ်မတော်ဘက်ကလည်း တိုင်းပြည်ကာကွယ်ရေးနှင့် တည်ငြိမ်အေးချမ်းရေး အတွက် တာဝန်ရှိသည်ဟု ခံယူချက်နှင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို အတူတကွ ပူးပေါင်းဖော်ဆောင်နိုင် ကြမည်ဖြစ်ကြောင်း၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်ကြီးသုံးရပ်ကို အပြန်အလှန် မှန်ကန်စွာ ထိန်းကျောင်းနိုင်ရန်အတွက် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များကို ပါဝင်ထိန်းညှိစေခြင်း ပဲဖြစ်ကြောင်း။

အနာဂတ်ဒီမိုကရေစီ ပေါ်ထွန်းလာရေးအတွက် သမိုင်းကြောင်း မျိုးစုံကိုဖြတ်သန်းလာသည့် တပ်မတော်ကဲ့သို့ အာမခံချက်ပေးနိုင်သည့် အဖွဲ့အစည်းမျိုး မရှိခြင်း တွေ့ရကြောင်း၊ ပြည်သူများနှင့် ဖွဲ့စည်းထားသည့် ပြည်သူ့တပ်မတော်သည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၏ ကနဦးအဆင့်တွင် ယာယီပါဝင်ခြင်းဖြင့် များစွာအထောက်အပံ့ ပေးနိုင်ပြီး ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဖြစ်ပေါ်စေနိုင်ကြောင်း၊ လွှတ်တော် အသီးသီးတွင် တပ်မတော်သားများ ပါဝင်နေခြင်းကပင် စစ်မှန်သော ဒီမိုကရေစီအတွက် တွန်းအားဖြစ်စေသည့် နိုင်ငံရေး တည်ငြိမ် မှု၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု တို့ကို လည်း တိုးမြှင့်တည်ဆောက်နိုင်ကြောင်း၊ ထို့ကြောင့် တပ်မတော် ပါဝင်မှုသည် ဒီမို ကရေစီအသွင် ကူးပြောင်းမှုအဆင့်တွင် အရေးပါပြီး နိုင်ငံတော် တည်ဆောက်ရေးအတွက် ပေါင်းစည်းခိုင်မာစေခြင်းကို မလွဲမသွေ အထောက်အကူ ပြုမည်ဖြစ်ကြောင်း၊ တပ်မ တော်သား လွှတ်တော်ကိုယ်စားလှယ်များ လျှော့ချရေး အဆိုပြုချက်များသည် နိုင်ငံရေး အရသော် လည်းကောင်း၊ လုံခြုံရေးအရသော် လည်းကောင်း တည်ငြိမ်ရန် လိုအပ်နေသေးသည့်  ယခုလို အချိန်ကာလမျိုးတွင် ပြင်ဆင်ခြင်း မပြုသေးဘဲ နောင်ဒီမိုကရေစီ ရင့်သန်သည့်အချိန် အတိုင်းအတာတစ်ခု ရောက်ရှိမှသာ ဖြေလျှော့သင့်ကြောင်း၊ ထိုအချိန်ရောက်ရင် လွှတ်တော်အသီးသီးရှိ တပ်မတော်သား ကိုယ်စားလှယ်များသည် စစ်ဘက်မူလ တာဝန်များကို ပြန်လည်ထမ်းဆောင်သွားမည် ဖြစ်သည့်အတွက် လောလောဆယ် ကာလမှာတော့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၀၉ (ခ)၊ ပုဒ်မ ၁၄၁ (ခ)နှင့် ပုဒ်မ ၁၆၁ (ဃ)များကို မူလပြဋ္ဌာန်းချက်ပါအတိုင်း ထားရှိသင့်ကြောင်း  ဆွေးနွေးပြောကြားသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်  (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး  ၁၄ ရက်မြောက်နေ့ကို ဖေဖော်ဝါရီ ၂၇ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်လင်းဦး၊ ကိုလတ်၊ ဇော်မျိုး(မြ၀တီ)

Read 71 times Last modified on Thursday, 27 February 2020 14:13