SJ WorldNews - шаблон joomla Авто

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို အိန်္ဒိယသမ္မတနိုင်ငံ သမ္မတက ဂုဏ်ပြုကြိုဆိုသည့်အခမ်းအနားသို့ တက်ရောက် ၊ အိန်္ဒိယသမ္မတနိုင်ငံ ၀န်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေး

Friday, 28 February 2020 09:18 font size decrease font size decrease font size increase font size increase font size

နယူးဒေလီ  ဖေဖော်ဝါရီ  ၂၇
အိန်္ဒိယသမ္မတနိုင်ငံ နယူးဒေလီမြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့သည် ယနေ့တွင် အိန်္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီ ရမ် နက်သ်ကိုဗင့်ဒ်က ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားသို့ တက်ရောက်ပြီး အိန်္ဒိယသမ္မတနိုင်ငံ ၀န်ကြီးချုပ် ရှရီ နရန် ဒရာ မိုဒီနှင့် တွေ့ဆုံ ဆွေးနွေးကာ နှစ်နိုင်ငံ သဘောတူစာချုပ်များနှင့် နားလည်မှုစာချွန်လွှာများ လဲလှယ်ပွဲသို့ တက်ရောက်သည်။
နိုင်ငံတော်သမ္မတ   ဦးဝင်းမြင့်သည် အိန်္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာ ၀န်ကြီးဒေါက်တာ အက်စ် ဂျိုင်ရှန်ကာအား ဒေသ စံတော်ချိန် နံနက် ၉ နာရီခွဲတွင် Taj Palace ဟိုတယ်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ်    မြန်မာ-အိန်္ဒိယနှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးကျော်တင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ အိန်္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးမိုးကျော်အောင် နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့်ဇနီး ဒေါ်ချိုချိုတို့သည် အဖွဲ့ဝင်များနှင့် အတူ အိန်္ဒိယသမ္မတနိုင်ငံ သမ္မတအိမ်တော်  Rashtrapati Bhawan ၌ကျင်းပသည့် အိန်္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီ ရမ် နက်သ် ကိုဗင့်ဒ်က ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့်ဇနီး ဒေါ်ချိုချိုတို့သည် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနား ကျင်းပမည့် သမ္မတအိမ်တော်  Rashtrapati Bhawan သို့ရောက်ရှိရာ အိန်္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီ ရမ် နက်သ်ကိုဗင့်ဒ်နှင့် ၀န်ကြီးချုပ် ရှရီ နရန် ဒရာ မိုဒီတို့က ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက် ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် သည် အလေးပြုခံ စင်မြင့်ထက်တွင် နေရာယူပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကာ ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် အိန်္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီ ရမ် နက်သ် ကိုဗင့်ဒ်တို့သည် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့် အပြန်အလှန် မိတ်ဆက်ပေးကြသည်။
ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတ   ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ အိန်္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီရမ် နက်သ် ကိုဗင့်ဒ်နှင့် ၀န်ကြီးချုပ် ရှရီနရန် ဒရာ မိုဒီတို့သည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် အဖွဲ့ဝင်များနှင့်အတူ မော်တော်ယာဉ်များဖြင့် မဟတ္တမဂန်္ဒီဗိမာန်(Rajghat)သို့ ရောက်ရှိရာ မဟတ္တမဂန်္ဒီဗိမာန် ကော်မတီ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော် သမ္မတနှင့်ဇနီး တို့သည် မဟတ္တမဂန်္ဒီ ဗိမာန်အတွင်း ပန်းခွေချဂါရ၀ပြုခြင်းနှင့် ဂူဗိမာန်ကို လက်ယာရစ် တစ်ပတ်လှည့်ပတ်၍ ကျောက်တိုင်ပေါ်သို့ ပန်းများကြဲချ ဆုတောင်းပေးခြင်းတို့ကို ဆောင်ရွက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် မဟတ္တမဂန်္ဒီဗိမာန် ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးကြပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများအပြန် အလှန်ပေးအပ်ကြသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် အဖွဲ့ဝင်များနှင့်အတူ နယူးဒေလီမြို့ရှိ နိုင်ငံတော် ဧည့်ဂေဟာ (Hyderabad House)သို့ရောက်ရှိရာ အိန်္ဒိယသမ္မတ နိုင်ငံ ၀န်ကြီးချုပ် ရှရီနရန်ဒရာမိုဒီက ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့် အိန်္ဒိယ၀န်ကြီးချုပ် ရှရီနရန်ဒရာမိုဒီ တို့သည် Hyderabad House &Sd Nilgiri Room ၌ တွေ့ဆုံဆွေးနွေးကြသည်။

တွေ့ဆုံစဉ် ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာစေရေး၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ပေါင်းစည်းဆက်နွှယ်မှု၊ စွမ်းအင်၊ စိုက်ပျိုးရေးနှင့် ပညာရေး အပါအ၀င် ကဏ္ဍစုံနှစ်ဖက်အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု ဆက်လက်မြှင့်တင် သွားရေး၊ လက်ရှိဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများအား အောင်မြင်စွာ အကောင် အထည်ဖော်သွားရေး၊ မြန်မာလူငယ်များ၏ အင်္ဂလိပ်စာ အရည်အချင်း ပိုမိုတိုးတက်စေရေးအတွက် အိန်္ဒိယနိုင်ငံမှ သင်တန်းများ ထောက်ပံ့ပေးရေး၊ ရခိုင်ပြည်နယ်တွင် လူမှု-စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန်္ဒိယ နိုင်ငံမှ ဆက်လက်ကူညီ ပံ့ပိုးသွားရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် ရခိုင်ကိစ္စဖြေရှင်းရေးတို့အတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းအားထုတ်နေမှုများကို အိန်္ဒိယနိုင်ငံက ဆက်လက် ထောက်ပံ့ကူညီသွားရေး၊ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းနှင့် ဒေသဆိုင်ရာအဖွဲ့အစည်း များတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးကိစ္စရပ်များကို ဆွေးနွေးကြသည်။
ထို့ပြင် မြန်မာနိုင်ငံမှ ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲတီစိမ်းတို့အား အိန်္ဒိယနိုင်ငံက မက်ထရစ် တန်ချန်လေးသိန်းအထိ တိုးမြှင့်ဝယ်ယူသွားရန် နိုင်ငံတော်သမ္မတမှ အိန်္ဒိယ၀န်ကြီးချုပ်အား မေတ်္တာရပ်ခံမှုအပေါ် အိန်္ဒိယဘက် မှ အလေးအနက်ထား စဉ်းစားပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
 
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ သူရဦးအောင်ကိုနှင့် ဦးသန့်စင်မောင်၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးညီပု၊ အိန်္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အဆိုပါနှစ်နိုင်ငံ သဘောတူစာချုပ်များ လက်မှတ်ရေးထိုးပွဲတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် အိန်္ဒိယသမ္မတနိုင်ငံ ၀န်ကြီးချုပ် ရှရီ နရန် ဒရာ မိုဒီတို့ရှေ့မှောက်၌ တရားမ၀င် သစ်ကူးသန်းရောင်းဝယ်မှု တိုက်ဖျက်ရေး၊ ကျားနှင့် အခြားတောရိုင်း တိရစ္ဆာန်များ ထိန်းသိမ်းရေးတို့တွင် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ မြန်ဆန်စွာ အကျိုးဖြစ်ထွန်းစေမည့်  စီမံချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရန် အိန်္ဒိယနိုင်ငံမှ အကူအညီပေးရေးဆိုင်ရာ သဘောတူညီချက်၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အောက်တွင် မြောက်ဦးမြို့နယ်ရှိ ဆေးရုံတွင် စွန့်ပစ်ပစ္စည်းများမှ စွမ်းအင်ပြန်လည် ထုတ်ယူနိုင်သော   စက်ရုံတည်ဆောက်ရေးနှင့် ဂွမြို့နယ်တွင်   မျိုးစေ့သိုလှောင်ရုံများနှင့် ရေပေးဝေရေးစနစ် တည်ဆောက်ရေးဆိုင်ရာ စီမံကိန်း သဘောတူညီချက်၊ ရခိုင်ပြည်နယ်  ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အောက်တွင် ရခိုင်ပြည်နယ်ရှိ  မြို့နယ်ငါးမြို့နယ်၌ နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဆိုင်ရာ စီမံကိန်း သဘောတူညီချက်၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အောက်တွင် ဘူးသီးတောင်မြို့နယ်၌  ကျွဲရိုင်း-အိုးဖြူကျေးရွာသွား လမ်းခင်းခြင်းနှင့် ကျောင်းတောင်-ကျွန်းပေါက် ကျေးရွာချင်းဆက်လမ်းအား ကျောက်ချောလမ်း ခင်းခြင်းဆိုင်ရာ  စီမံကိန်း သဘောတူညီချက်၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အောက်တွင်  မူလတန်းကြိုကျောင်းများ ဆောက်လုပ်ရေးဆိုင်ရာ    စီမံကိန်း သဘောတူညီချက်၊ ကျန်းမာရေး သုတေသနနယ်ပယ်တွင် မြန်မာဆေးသုတေသန ဦးစီးဌာနနှင့် အိန်္ဒိယကျန်းမာရေး သုတေသနကောင်စီတို့ အကြား ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ ဆက်သွယ်ရေး ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ ရေနံထွက်ပစ္စည်းများ ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာနှင့် လူကုန်ကူးခြင်းမှ ကြိုတင်ကာကွယ်ရေး၊ လူကုန်ကူးခံရသူများအား ကယ်တင်ရေး၊ ပြန်လည်ထူထောင်ရေး၊ ပြန်လည်လွှဲပြောင်းရေးနှင့် ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးအတွက်   ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာတို့ကို အိန်္ဒိယနိုင်ငံဆိုင်ရာ  မြန်မာနိုင်ငံ သံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန်္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာဆော် ရက်(ဘ်)ကူးမား၊ အိန်္ဒိယနိုင်ငံ Ministry of  Petroleum  and  Natural Gas မှဲ Joint Secretary Mr. Sunil Kumar နှင့် Bhargava, ICMR rS Prof (Dr) Balram တို့က အပြန်အလှန် လဲလှယ်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ်္မတ ဦးဝင်းမြင့် နှင့်ဇနီး ဒေါ်ချိုချိုတို့သည် အဖွဲ့ဝင်များနှင့် အတူ အိန်္ဒိယသမ္မတနိုင်ငံ ၀န်ကြီးချုပ် ရှရီ နရန် ဒရာမိုဒီက Hyderabad House &Sd Kedar Room ၌ တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် Hyderabad House ၏ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးကြသည်။
ယင်းနောက် နိုင်ငံတော် သမ္မတနှင့်ဇနီး တို့သည် အဖွဲ့ဝင်များနှင့်အတူ Central Cottage Industries Emporium သို့ သွားရောက်ပြီး  ခင်းကျင်းပြသ ရောင်းချလျက်ရှိသည့် ရိုးရာယဉ်ကျေးမှု လက်မှု ပစ္စည်းများဖြစ်သည့် ပန်းပု၊ပန်းချီနှင့် လက်ဝတ်ရတနာများ၊ ရွှေထည်ငွေထည် ပစ္စည်းများ၊ အ၀တ်အထည်များ၊ လူအသုံးအဆောင်ပစ္စည်းများနှင့် ပရိဘောဂပစ္စည်း များကို လှည့်လည်ကြည့်ရှု လေ့လာကြသည်။
ညပိုင်းတွင် နိုင်ငံတော်သမ္မတနှင့်ဇနီး တို့သည် အိန်္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီ ရမ် နက်သ် ကိုဗင့်ဒ်နှင့် သမ္မတအိမ်တော် North Drawing Room ၌ တွေ့ဆုံဆွေးနွေး ပြီး  အဖွဲ့ဝင်များနှင့်အတူ  အိန်္ဒိယသမ္မတ နိုင်ငံ သမ္မတနှင့်ဇနီးတို့က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် အိန်္ဒိယသမ္မတနိုင်ငံ သမ္မတအိမ် တော် ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးပြီး အဖွဲ့ဝင်များနှင့်အတူ ခေတ္တတည်းခိုမည့် Taj Palace ဟိုတယ်သို့ရောက် ရှိကာ ညအိပ်ရပ်နားကြသည်။
ယနေ့နံနက်ပိုင်းက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ဇနီး ဒေါ်ချိုချိုသည် တာဝန်ရှိသူများနှင့်အတူ နယူးဒေလီမြို့ရှိ India Gate သို့ သွားရောက် လေ့လာပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ခဲ့သည်။                     
Read 116 times Last modified on Friday, 28 February 2020 09:24