SJ WorldNews - шаблон joomla Авто

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းကို ဆက်လက်ဆွေးနွေး (ပထမပိုင်း)

Friday, 28 February 2020 12:27 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဖေဖော်ဝါရီ ၂၇
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက်  ပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင်  ဖွဲ့စည်းပုံအခြေခံ ဥပဒေကို  ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် အမည်စာရင်း   တင်သွင်းထားကြသော လွှတ်တော်ကိုယ်စားလှယ်များက ဆက်လက်ဆွေးနွေးကြရာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးမျိုးမင်းအောင်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်ဇယား နောက်ဆက်တွဲ (ဈ-၂ )ပါ ပုဒ်မ ၁၁၅ (ခ)၊ ပုဒ်မ၁၄၇ (ခ)၊ ပုဒ်မ ၁၂၁ (ဋ)၊ ပုဒ်မ ၁၂၄ (က)နှင့် ပုဒ်မ ၁၂၄ (ခ)တို့ကို  အစားထိုးပြင်ဆင် ပယ်ဖျက်ခြင်းအား မူလပြဋ္ဌာန်းချက်များအတိုင်းသာ ထားရှိရန် ဆွေးနွေး သွားမှာဖြစ်ကြောင်း။
အဆိုပါဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပုဒ်မ၁၁၅ ပုဒ်မခွဲ (ခ)မှာ ““ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စများကို   လည်းကောင်း၊ တပ်မတော်ဆိုင်ရာ ကိစ္စများကို လည်းကောင်း၊ လေ့လာတင်ပြစေရန် အကြောင်းပေါ်ပေါက်ပါက ပြည်သူ့လွှတ်တော်သည် ကာကွယ်ရေးနှင့် လုံခြုံရေးကော်မတီကို တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြင့် ကာလသတ်မှတ်၍ ဖွဲ့စည်းရမည်။  ထိုသို့ဖွဲ့စည်းသည့်   ကာကွယ်ရေးနှင့် လုံခြုံရေး ကော်မတီသည်  လုပ်ငန်း လိုအပ်ချက်အရ တပ်မတော်သား မဟုတ်သော သင့်လျော်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကိုလည်း ထည့်သွင်းဖွဲ့စည်းရန် လိုအပ်ပါက ဖွဲ့စည်းနိုင်သည်””လို့ ပြဋ္ဌာန်းထားကြောင်း၊အလားတူ ပုဒ်မ ၁၄၇ ပုဒ်မခွဲ(ခ)မှာလည်းအမျိုးသားလွှတ်တော်အတွက် ပြဋ္ဌာန်းထားကြောင်း၊ အဆိုပါဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၁၅ (ခ)နှင့် ပုဒ်မ ၁၄၇(ခ) တို့ကို ဥပဒေမူကြမ်း၏  ပြင်ဆင်ချက် ဇယားမှာ ပယ်ဖျက်ရန် တင်ပြထားကြောင်း။
ကာကွယ်ရေးနှင့် လုံခြုံရေးကော်မတီကို လုပ်ငန်းလိုအပ်ချက်အရ ပုဒ်မ ၁၁၅(ခ)မှာ တပ်မတော်သား မဟုတ်သော  သင့်လျော်သည့်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြင့် လည်းကောင်း၊ အလားတူ ပုဒ်မ ၁၄၇(ခ)မှာ သင့်လျော်သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များဖြင့်   လည်းကောင်း၊ ထည့်သွင်း ဖွဲ့စည်းနိုင်ကြောင်း၊  ထို့ကြောင့် ထိုပြဋ္ဌာန်းချက်သည်   တပ်မတော်သား ကိုယ်စားလှယ်များကို သီးခြား အခွင့်အရေး ပေးထားသည့် ပြဋ္ဌာန်းချက် မဟုတ်ဘဲ တာဝန်အရ ဆောင်ရွက်ရန်   ပြဋ္ဌာန်းထားသည့် ပြဋ္ဌာန်းချက်သာဖြစ်ကြောင်း နားလည်စေလိုကြောင်း၊  ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၁၅၊ ပုဒ်မခွဲ (ခ)နှင့်ပုဒ်မ ၁၄၇၊ ပုဒ်မခွဲ(ခ) တို့ကို လုံးဝပယ်ဖျက်ခြင်း မပြုဘဲ မူလပြဋ္ဌာန်းချက်များ အတိုင်းသာ ထားရှိရန်  ဆွေးနွေးလိုကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပုဒ်မ ၁၂၁ မှ ပုဒ်မခွဲ(၁၂) ခုပါရှိပြီး   ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် မရှိစေရ မည်သည့်ပုဂ်္ဂိုလ်နှင့် ပတ်သက်ပြီး သတ်မှတ်ပြဋ္ဌာန်းထားသည့် ပုဒ်မသာဖြစ်ကြောင်း။
နိုင်ငံတော်အစိုးရ၏   ထူးခြားသည့် ၀န်ထမ်းအဖွဲ့အစည်းဖြစ်သည့် တပ်မတော်မှာ တပ်မတော်ဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ တပ်မတော်၏  အခန်းကဏ္ဍနှင့် သက်ဆိုင်သည့် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း သိရှိနိုင်ရန်အတွက် လေ့လာရန် အကြောင်းကိစ္စ ပေါ်ပေါက်လာပါက လွှတ်တော်အသီးသီးမှာ ဆောင်ရွက်ကြရမည့် ကာကွယ်ရေးနှင့် လုံခြုံရေးကော်မတီများသည် တစ်ချိန်ချိန်တွင်  မရှိမဖြစ် လိုအပ်လာမှာဖြစ်ကြောင်း၊ မဖြစ်မနေ ဆောင်ရွက်ရမည့်   အရေးပေါ် ကာလပေါ်ပေါက်လာသည့် အခါမှ ကာကွယ်ရေးနှင့် လုံခြုံရေး ကော်မတီကို ဖွဲ့စည်းရန် လိုအပ်ချက်အရ ဥပဒေပြန်ပြီး ပြဋ္ဌာန်းနေရမည်ဆိုလျှင် အချိန်နဲ့တစ်ပြေးညီ ပြီးစီးရန် အချိန်မီရန် မဖြစ်နိုင်ကြောင်း၊  ထို့ကြောင့် လိုအပ်သည့်အချိန်မှ ကော်မတီကို အသင့်ဖွဲ့စည်း ဆောင်ရွက်နိုင်ရန် ပြဋ္ဌာန်းပေးထားသည့် ပုဒ်မ ၁၁၅ (ခ)နှင့် ပုဒ်မ  ၁၄၇(ခ) တို့သည် ပယ်ဖျက်ရန် မသင့်သည့်ပုဒ်မများဖြစ်ကြောင်း သတိပြုရန် လိုအပ်ကြောင်း။
ဆက်လက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂၁ (ဋ)ကို အစားထိုးပြင်ဆင်ခြင်းနှင့် ပတ်သက်ပြီး   ဆွေးနွေးမှာဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂၁၊ ပုဒ်မခွဲ (ဋ)မှာ ““နိုင်ငံတော်ပိုင်  ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်း စသည်တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေ၊ ရယူသုံးစွဲသူ သို့မဟုတ်  ယင်းသို့ ရယူသုံးစွဲသည့် အဖွဲ့အစည်းဝင်ဖြစ်သူ””သည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိခြင်းနှင့် ပတ်သက်ပြီး အဆိုပါပုဒ်မခွဲ(ဋ)၏ခြွင်းချက် (၂)ကို ပယ်ဖျက်လိုက်ပါက နိုင်ငံတော်ပိုင် မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းများကို ဥပဒေတစ်ရပ်ရပ် အရသော်လည်းကောင်း၊ တာဝန်အရသော် လည်းကောင်း၊ နိုင်ငံတော်က   သုံးစွဲခွင့်ပြုထားသူများ သို့မဟုတ် နိုင်ငံတော်ထံမှ အခကြေးငွေဖြင့် ငှားရမ်း သုံးစွဲနေရသူများပါ   ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၀င်ရောက် ရွေးချယ်ခံပိုင်ခွင့် မရှိသည့်   အဓိပ္ပာယ်ကို သက်ရောက်စေမှာဖြစ်ကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့်  ရွေးကောက်ပွဲအတွက်မမျှော်မှန်းနိုင်သည့် နောက်ဆက်တွဲ ပြဿနာရပ်များကို    ဖြစ်ပေါ်စေနိုင်သည့် အတွက် ခြွင်းချက်အပိုဒ်(၂)ကို  ပယ်ဖျက်ရန်မသင့်ကြောင်း ဆွေးနွေးလိုကြောင်း။
ထို့ပြင်   ဥပဒေရေးဆွဲခြင်းဆိုင်ရာ အခြေခံသဘောတရားများ အရလည်း ဥပဒေ ပြဋ္ဌာန်းချက်များအကြား   မတူညီမှုများ ရှိသည့်အခါ ဘယ်ပြဋ္ဌာန်းချက်ကို ဦးစားပေးရမည်ကို သိရှိနိုင်ရန်အတွက်   ခြွင်းချက်ထည့်သွင်း ဖော်ပြသင့်ကြောင်း၊  ပုဒ်မ ၁၂၁ (ဋ)မှာ   မတူညီမှုများ ရှိနေသည့်အတွက် ခြွင်းချက်ကို အတိအလင်းဖော်ပြပြီး ပြဋ္ဌာန်းပေးထားခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ပုဒ်မ ၁၂၁၊ ပုဒ်မခွဲ(ဋ)၏ ခြွင်းချက်အပိုဒ်(၂)အား ပယ်ဖျက်ခြင်းမပြုဘဲ   မူလပြဋ္ဌာန်းချက်အတိုင်းသာ ထားရှိရန် လိုကြောင်း ဆွေးနွေးလိုကြောင်း၊  ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၄၊ ပုဒ်မခွဲ(က)နှင့် ပုဒ်မ ၁၂၄၊ ပုဒ်မခွဲ(ခ) တို့ကိုလည်း  မူလပြဋ္ဌာန်းချက်များ အတိုင်းသာ ထားရှိရန် ဆွေးနွေးသည်။
တပ်မတော်သား  လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးမြင့်ဟန်က  ပြင်ဆင်သည့် ဥပဒေမူကြမ်းပါ ပုဒ်မ ၂၀၁(ဇ၊ ဈ)ဖြည့်စွက်ခြင်းနှင့် ၂၀၁(ဋ) ပယ်ဖျက်ခြင်းတို့အပေါ်တွင် မူလအတိုင်း ထားရှိရေး ဆွေးနွေးသွား မည်ဖြစ်ကြောင်း။
ဒီမိုကရေစီဖက်ဒရယ် စံနှုန်းများနှင့်အညီ ပြင်ဆင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်သည်လို့ ဖော်ပြထားကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ခံတပ်တစ်ခုလိုဖြစ်ပြီး ကောင်းစွာဒီဇိုင်းဆင်ပြီး  ကောင်းစွာဖော်ဆောင်ရတာ ဖြစ်ကြောင်း၊ သီအိုရီနှင့် ကျင့်စဉ်အရ ဒီမိုကရေစီနှင့် ဖက်ဒရယ်သည် Problematic-Combi-nation ဖြစ်ကြောင်း၊  စောဒကတက်စရာ အငြင်းပွားစရာရှိသည့် တွဲဆက်မှုတစ်ခုဖြစ်ကြောင်း၊ ဒီမိုကရေစီ သဘော အရကွဲပြားမှုများအကြား  မျှတစွာ မြှင့်တင်ရေးအတွက် သိမ်မွေ့ရင့်ကျက်မှုနှင့် ဖက်ဒရယ်သဘောအရ မှန်ကန်စွာ ချိန်ဆနိုင်ဖို့ အလွန်အရေးကြီးကြောင်း။
တစ်ဖက်တွင်လည်း  ဒီမိုကရေစီဖော်ဆောင်ရေးတွင်  နည်းပညာ သက်ရောက်မှု များလာကြောင်း၊ နည်းပညာသည် ကုန်ကျစရိတ်နည်းနည်းနှင့်  လျင်မြန်စွာ နိုင်ငံနယ်နိမိတ်များကို  ချဉ်းနင်းကျော်ဖြတ်ကာ အမျိုးသားရေး   စရိုက်လက္ခဏာများကို ထိုးနှက်လာနေသည်ဖြစ်၍ အမျိုးသားနိုင်ငံရေး၊ အမျိုးသားရေးကို ထည့်သွင်းစဉ်းစား ဖော်ဆောင်လာသည့်  Old ဒီမိုကရေစီနိုင်ငံကြီးများ၏ ဥပမာကို မျက်ခြည်မပြတ် စောင့်ကြည့်နေရမှာ၊ မျက်ခြည်မပြတ် သိနေရမှာဖြစ်ကြောင်း၊ အမျိုးသားနိုင်ငံရေး ဆိုသည်မှာ  တစ်မျိုးသားလုံး   တစ်နိုင်ငံလုံးအပေါ် ကျရောက်လာမည့် အန္တရာယ်ကို ကာကွယ်ရန်  ကြိုတင်ပြင်ဆင်ထားနိုင်ဖို့နှင့် ကျရောက်လာပြန်လျှင်လည်း   တွန်းလှန်ချေမှုန်းနိုင်ဖို့  တာဝန်ရှိသည်ဖြစ်ကြောင်း။
အထက်ပါ အခြေအနေအရ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ဖွဲ့စည်းထားရာမှာလည်း ဒီမိုကရေစီနှင့် ဖက်ဒရယ် မျက်နှာစာနှစ်ခုအတွက်   မှန်ကန်မျှတပြီး မြန်မာ့လူ့ဘောင်၏ အရှိတရားဖြစ်သည့် အမျိုးသားရေး စရိုက်လက္ခဏာလို့   ပြောရမည့် လောကပါလတရား အခြေခံများနှင့် လိုက်ဖက်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် အရင်းခံလာရာ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု၊ လွတ်လပ်ရေးရယူခဲ့မှု၊  လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်ခဲ့မှု သမိုင်းကြောင်းများနှင့် တစ်ထပ်တည်းပါလာသည့်   တပ်မတော်၏ အခန်းကဏ္ဍများကို ခေတ်အဆက်ဆက် အမျိုးသား လုံခြုံရေး မူဘောင်နှင့်ပါ တွဲဆက်ရှုမြင်ရမှာ ဖြစ်ကြောင်း၊  ဒီမိုကရေစီနှင့် ဖက်ဒရယ်အရ နိုင်ငံတော်အကြီးအကဲနှင့် အုပ်ချုပ်ရေး အကြီးအကဲဖြစ်သည့်   နိုင်ငံတော်သမ္မတက ဦးဆောင်ထားသော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏  လက်ရှိဖွဲ့စည်းမှုသည်  မြော်တွေးမှုများ ပါဝင်ပြီး  သိမ်မွေ့ရင့်ကျက်မှုနှင့် ချိန်ဆမှုမှန်ကန်သည့် ဖွဲ့စည်းထားမှုဖြစ်ကြောင်း၊  ချိန်ဆမှုနှင့် အခင်းအကျင်းကို မှန်ကန်စွာမချိတ်ဆက်နိုင်လျှင် အခြားသော ပယောဂများ ပါဝင်လာကာ ဆိုးကျိုး သက်ရောက်စေမှာဖြစ်ကြောင်း၊ ထို့ကြောင့် လက်ရှိအသင့်လျော်ဆုံး ဖွဲ့စည်းထားမှုမှ  သွေဖည်သွားလို့ မရနိုင်ကြောင်း၊ ဖွဲ့စည်းမှုမှားလျှင်လည်း လုပ်ငန်းစဉ်ကို ထိခိုက်နိုင်ကြောင်း။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ လက်ရှိဖွဲ့စည်းထားမှုသည် မျက်မှောက်ခေတ် ဘက်စုံစစ်ပွဲအသွင်ဖြင့် မည်သို့သော ရန်ဘက်များကိုမဆို တိုင်းရင်းသား ပြည်သူလူထုနှင့်အတူ တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ အပါအ၀င် ပြည်သူ့စစ် မဟာဗျူဟာ ဖော်ဆောင်မှုအရ လိုအပ်၍လက်နက်ကိုင်ဆောင်မည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကိုပါ စနစ်တကျစုဖွဲ့ကာ  ခေတ်သစ်ကာကွယ်ရေး၊ လုံခြုံရေးကဏ္ဍကို ထိရောက်သော ကွပ်ကဲမှုရှိစေရေးအတွက် ကောင်းမွန် မှန်ကန်သည့် ဖွဲ့စည်းထားမှု တစ်ခုဖြစ်ကြောင်း။
ဒီမိုကရေစီနှင့် ဖက်ဒရယ်အရ နိုင်ငံတော် အကြီးအကဲ၊ အုပ်ချုပ်ရေး အကြီးအကဲဖြစ်သည့် နိုင်ငံတော်သမ္မတ ကိုယ်တိုင် ဦးဆောင်ပါဝင်ထားပြီး ဒုတိယသမ္မတနှစ်ဦးနှင့် ဥပဒေပြုရေး မဏ္ဍိုင်မှ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးစလုံးပါဝင်ကာ လွတ်လပ်ရေးနှင့် သမိုင်းကြောင်းအရ  အမျိုးသားနိုင်ငံရေး အတွေ့အကြုံ ရင့်ကျက်မှုရှိသော တပ်မတော်၏ အမျိုးသား နိုင်ငံရေး ဦးဆောင်ပါဝင်မှုများဖြင့် လုံလောက်စွာ ပေါင်းစပ်ထားသော မှန်ကန်သည့် ဖွဲ့စည်းထားမှု၊ ကောင်းမွန်သော စုဖွဲ့မှုဖြစ်ကြောင်း၊လက်ရှိ မြန်မာ့အနေအထား၊ ဒေသတွင်း အနေအထား၊ နိုင်ငံတကာ အနေအထားများနှင့် ချိတ်ဆက်မှုမှန်ကန်စွာ  အမျိုးသားရေး စရိုက်လက္ခဏာများနှင့် အညီ မဟာဗျူဟာအရ ကြိုတင်မြော်တွေး ဖွဲ့စည်းထားမှုဖြစ်သောကြောင့် ပုဒ်မ ၂၀၁(ဇ)တွင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌအား ပြင်ဆင်ထည့်သွင်းထားမှုနှင့် ၂၀၁(ဈ)တွင် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌတို့အား ပြင်ဆင်ထည့်သွင်း ထားမှုတို့သည် လိုအပ်မှု မရှိပါကြောင်းနှင့် လက်ရှိပြည့်စုံ ကောင်းမွန်ပြီးဖြစ်သည့် ဖွဲ့စည်းထားမှုမှ ပုဒ်မ၂၀၁(ဋ) နယ်စပ်ရေးရာ ၀န်ကြီးဌာန ၀န်ကြီးအား ဖွဲ့စည်းထားမှုမှ ပယ်ဖျက်ခြင်းသည်လည်း မဆီလျော်သော ပယ်ဖျက်မှုဖြစ်၍ ပယ်ဖျက်ရန် ပြုလုပ်ခြင်းသည် မိမိတို့နိုင်ငံ၏  ပထ၀ီနိုင်ငံရေး အနေအထား၊ တောတောင်လျှိုမြောင် ထူထပ်သောမြန်မာနိုင်ငံ နယ်စပ်ဒေသ အနေအထားများ၊ မိမိတို့နိုင်ငံ၏  ပကတိပထ၀ီ မျက်နှာပြင်အနေအထားများကို မျက်ကွယ်ပြုခြင်း ဖြစ်သည့်အပြင်   ဒီမိုကရေစီ၏ နှလုံးသားဖြစ်သည့် Local Democracy  အတွက် ချိန်ဆမှု လွတ်ကင်းသွားနိုင်သဖြင့်   အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် မှားယွင်းသော ရလဒ်များဆီသို့  ဦးတည်သွားနိုင်၍ ပယ်ဖျက်ရန် မသင့်ကြောင်း။
ထို့ကြောင့် လာရာ သမိုင်းကြောင်းမှန်များနှင့် လားရာကောင်းများဖြစ်သည့် နိုင်ငံတော် တည်ငြိမ်ရေး၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးရေးနှင့် မှန်ကန်စွာ ချိတ်ဆက်ကာ ဒီမိုကရေစီနှင့် ဖက်ဒရယ်သဘာဝများကို ချိန်ဆမှုမှန်ကန်စွာ  သိမ်မွေ့စွာ ဖော်ဆောင်နိုင်ရေးအတွက် ပြည့်စုံပြီး စနစ်တကျ ဖွဲ့စည်းထားမှုဖြစ်သည့် ပုဒ်မ ၂၀၁ ကို မူလပြဋ္ဌာန်းထားချက်များ အတိုင်း  ဆက်လက် ထားရှိသင့်ကြောင်း ဆွေးနွေးပြောကြားသည်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးမိုးမြင့်အောင်က ကရင်ပြည်နယ်   မဲဆန္ဒနယ်အမှတ်(၅)မှ ဦးစိုင်းသန်းနိုင် တင်သွင်းသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းပါ ပုဒ်မ ၂၀၁ ကို ဆွေးနွေး သွားမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၀၁ ၏ မူလပြဋ္ဌာန်းချက်မှာ အမျိုးသားကာကွယ်ရေးနှင့်    လုံခြုံရေးကောင်စီကို နိုင်ငံတော်သမ္မတ ဦးဆောင်၍ ဖွဲ့စည်း ထားခြင်းဖြစ်ကြောင်း၊ ဥပဒေမူကြမ်းပါ ပုဒ်မ ၂၀၁ (က)သည် ပုဒ်မ ၂၀၁ မူလပြဋ္ဌာန်းချက် အတိုင်းဖြစ်ပြီး ပုဒ်မ ၂၀၁(ခ)မှာ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ တာဝန်များကို အသစ်ဖြည့်စွက်ထားခြင်းနှင့် စပ်လျဉ်းပြီး ဆွေးနွေး သွားမည်ဖြစ်ကြောင်း၊ ဆက်လက်ဆွေးနွေးမှုတွင် ပါဝင်သည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ကောင်စီဟု ရည်ညွှန်း သုံးစွဲသွားမည်ဖြစ်ကြောင်း၊ ကောင်စီနှင့်  ဆက်စပ်သည့် ပုဒ်မများကို လေ့လာသုံးသပ်ရာတွင် ပုဒ်မ ၂၁၃ ၌  နိုင်ငံတော်သမ္မတသည် ““နိုင်ငံတော်အား ကျူးကျော်တိုက်ခိုက်ခြင်းခံရလျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းထားသော ကောင်စီနှင့် ညှိနှိုင်းလျက် စစ်ရေးအရ လိုအပ်သလို ဆောင်ရွက်ပိုင်ခွင့်ရှိသည်””ဟု ပြဋ္ဌာန်းထားသော်လည်း ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ARSA အဖွဲ့၏ ကျူးကျော် တိုက်ခိုက်ခံခဲ့ရမှုနှင့် ပတ်သက်ပြီး ကောင်စီနှင့် ညှိနှိုင်းဆောင်ရွက်မှု မရှိခဲ့သည်ကို တွေ့ရကြောင်း၊  ရခိုင်အရေးကိစ္စ ဖြေရှင်းရန် ဒေါက်တာကိုဖီအာနန်၏   ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖွဲ့စည်းခဲ့ရာတွင်လည်း ကောင်စီနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်း မရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း။
၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၁၀ ရက်တွင် ပြည်ထောင်စု အစိုးရအဖွဲ့၏ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ်္ဂိုလ် ခန့်အပ်တာဝန်ပေးသည့်    ရည်ရွယ်ချက်သည် နိုင်ငံတော် သမ္မတနှင့် ပြည်ထောင်စု အစိုးရအဖွဲ့အား ပြည်တွင်းပြည်ပ အန္တရာယ်များနှင့် စပ်လျဉ်း၍  မဟာဗျူဟာ ရှုထောင့်မှ လေ့လာသုံးသပ် အကြံပြုရန်ဖြစ်သည်ဟု အမိန့်တွင် ဖော်ပြထားကြောင်း၊ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ်္ဂိုလ် ခန့်အပ်ခြင်းနှင့် ပတ်သက်ပြီး  ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၀၁ ကို ကျော်လွန်ဆောင်ရွက် နေသည်ဟု  မြန်မာနိုင်ငံအရေး လေ့လာသုံးသပ်သည့်  South Asia Analysis Group မှ သုံးသပ်တင်ပြထားသည်ကို တွေ့ရကြောင်း၊ မြန်မာနိုင်ငံ  အချက်အလက် ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာများ (ဒါရူစပင်၏ အစီရင်ခံစာများ)၊ ရခိုင်ပြည်နယ်အရေး ကိစ္စကို ICC မှ တရားစီရင်ရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏ ရပ်တည်ချက်ကို   ကုလသမဂ္ဂ အထွေထွေညီလာခံ၌ တင်ပြခဲ့သည့် ကိစ္စ၊ ICJ သို့  မြန်မာနိုင်ငံမှ တက်ရောက် ရှင်းလင်းသည့်ကိစ္စ  စသည့်နိုင်ငံအတွက် အလွန်အရေးပါသော  ကိစ္စများ မတိုင်ခင် ကောင်စီနှင့် ညှိနှိုင်းဆွေးနွေးသင့်သော်လည်း လုပ်ဆောင်မှု မရှိခဲ့သည်ကို တွေ့ရကြောင်း။
မြောက်ပိုင်း မဟာမိတ်အဖွဲ့များ၏ အကြမ်းဖက်မှုများကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကုန်သွယ်ရေး လမ်းကြောင်းတစ်လျှောက် နယ်စပ်ကုန်သွယ်မှု ပြတ်တောက်ပြီး ဆုံးရှုံးမှု ကြီးမားခဲ့သည့် အခြေအနေ၊ AA အကြမ်းဖက် သောင်းကျန်းသူများကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ   ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို ထိပါးအန္တရာယ်ပြုသည့် အခြေအနေများအား  နိုင်ငံတော် သမ္မတသည် ပုဒ်မ ၄၁၂(က)အရ ကောင်စီနှင့်ညှိနှိုင်း ဆောင်ရွက်ရမည်ဖြစ်သော်လည်း လိုက်နာကျင့်သုံးမှု မရှိခဲ့သည်ကို တွေ့ရကြောင်း၊ ယူကရိန်းနိုင်ငံ အခြေခံ ဥပဒေပုဒ်မ ၁၀၇ တွင် ကောင်စီသည် သမ္မတနှင့်ညှိနှိုင်း၍ အမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေးကိစ္စရပ်များကို  ဆောင်ရွက်ရမည်၊  ကောင်စီ၏ အဆုံးအဖြတ်ကို  သမ္မတမှ ဆုံးဖြတ်ပေးရမည်၊ အခြေခံဥပဒေပါ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို  ကျေပွန်အောင် လုပ်ဆောင်ရမည်ဟု ပြဋ္ဌာန်းထားကြောင်း၊ ၂၀၁၄ ခုနှစ်တွင် ဂျပန်နိုင်ငံ အမျိုးသား လုံခြုံရေးကောင်စီကို အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒများ ချမှတ်ရန်ဖွဲ့စည်းခဲ့ကြောင်း၊ ကောင်စီကို ထိန်းချုပ်ရေး တာဝါအဖြစ် ညှိနှိုင်းသတ်မှတ်ကာ ဂျပန်နိုင်ငံ အဓိက ရင်ဆိုင်နေရသော တောင်တရုတ်ပင်လယ် အရေးကို ၀န်ကြီးချုပ်နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသလို ဉာဏမူပိုင်ခွင့်ဆုံးရှုံးမှုများကြောင့်   ဂျပန်နိုင်ငံ၏  စီးပွားရေးဆိုင်ရာ ဆုံးရှုံးမှုများကို ကာကွယ်ရန်  စီးပွားရေးဆိုင်ရာ အဖွဲ့အား ကောင်စီ၌ ထပ်မံထည့်သွင်းပြီး  အမျိုးသား လုံခြုံရေးအတွက် ဆောင်ရွက်လျက် ရှိသည်ကို တွေ့ရကြောင်း။
ယခု ပုဒ်မ ၂၀၁(ခ) ပုဒ်မခွဲငယ်(၃)အရ ကောင်စီက နိုင်ငံတော်သမ္မတအား ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးကဏ္ဍ အချင်းချင်း အပြန်အလှန် ထိန်းကျောင်းမှုများ ယိုယွင်းလာသည့်အချိန် လွှတ်တော်များကို ဖျက်သိမ်းရန် သင့်/မသင့် အကြံပေးခြင်းဖြစ်ကြောင်း၊ ပုဒ်မ ၂၀၁ (ခ) ပုဒ်မခွဲငယ်(၄)အရ ကောင်စီက  နိုင်ငံတော်သမ္မတအား  လွှတ်တော် ဖျက်သိမ်းရန် သင့်/မသင့် အကြံပေးရမည် ဖြစ်ကြောင်း၊ ပုဒ်မ ၂၀၁ (ခ) ပုဒ်မခွဲငယ်(၅)သည် အမျိုးသား အကျိုးစီးပွားကို ထိခိုက်စေသည့်  နိုင်ငံအတွင်း ဖြစ်ပွားနေသည့် အခြေအနေများတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ  ကောင်စီအစည်းအဝေး ကျင်းပရန်၊ အစည်းအဝေးအား    သာမန်အားဖြင့် နှစ်လတစ်ကြိမ် ကျင်းပရန်နှင့် လိုအပ်ပါက အထူးအစည်းအဝေး ခေါ်ယူကျင်းပနိုင်ရန် အသစ်ထည့်သွင်း ပြဋ္ဌာန်းလိုခြင်း ဖြစ်ကြောင်း၊ပုဒ်မ ၂၀၁(ခ) ပုဒ်မခွဲငယ်(၆)သည် ကောင်စီ အစည်းအဝေးကို  ကောင်စီဝင်ငါးဦးက တောင်းဆိုလျှင်  အစည်းအဝေးခေါ်ယူ ကျင်းပရမည်ဟု အသစ်ထည့်သွင်းထားခြင်း ဖြစ်ကြောင်း၊ ပုဒ်မ ၂၀၁ (ခ) ပုဒ်မခွဲငယ် (၇) အဆိုပြုချက်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ကောင်စီအပေါ် အထင်အမြင် လွဲမှားထင်မှတ်နေမှုများအား ပပျောက်စေပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ  ၁၉၉(က)၊ ပုဒ်မ ၄၃၁ တို့အရ နိုင်ငံတော်သမ္မတ၏ လုပ်ဆောင်ချက်များကို ပိုမိုပေါ်လွင်စေပြီး ကောင်စီ၏ ဆုံးဖြတ်ချက်အား နိုင်ငံတော်သမ္မတမှ ဆုံးဖြတ်ပေးရမည်ဖြစ်သောကြောင့် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရာတွင် ဒီမိုကရေစီ စံနှုန်းများနှင့် ကိုက်ညီဆီလျော်ပါသဖြင့် အသစ်ထည့်သွင်း ပြဋ္ဌာန်းသင့်ကြောင်းနှင့် ပုဒ်မ ၂၀၁ ၏ခေါင်းစဉ်၊ ပုဒ်မခွဲ(က)နှင့် ပုဒ်မခွဲ (ခ) အသစ်ဖြည့်စွက်ချက်များအား ပြင်ဆင်ထည့်သွင်း ပြဋ္ဌာန်းသင့်ကြောင်း ဆွေးနွေးသည်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးကျော်ကျော်မင်းက ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ခုနှစ်၊ အခန်း ( ၅ )၊ ပုဒ်မ၂၀၄ ကိုမူလပြဋ္ဌာန်းချက် အတိုင်းသာ ထားရှိရန် ဆွေးနွေးသွားမှာဖြစ်ကြောင်း၊ ပုဒ်မ၂၀၄ ၏ မူလပြဋ္ဌာန်းချက်မှာ ဖော်ပြထားသည့်  နိုင်ငံတော်သမ္မတသည် (က)ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးပိုင်ခွင့်ရှိသည်။(ခ)  အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၏   ထောက်ခံချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိသည် ဟူသော ပုဒ်မခွဲနှစ်ခုဖြင့်  အကြောင်းအရာနှင့် အနှစ်သာရများကို စနစ်တကျ ခွဲခြားဖော်ပြထားကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းတွင် ပုဒ်မ ၂၀၄ ပုဒ်မခွဲ (ခ) ကို ““အမျိုးသား ကာကွယ်ရေးနှင့်   လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်အညီ”” ဟူသော အဓိကစာသားအား ဖြုတ်ထားပြီး ““လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိသည်””ဟု ပြင်ဆင်ထားကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ၂၀၄ ကို   ပုဒ်မခွဲနှစ်ခုဖြင့်  စနစ်တကျ အဓိပ္ပာယ်ပေါ်လွင်စွာ ခွဲခြားပြဋ္ဌာန်းထားပြီး ဖြစ်ကြောင်း၊ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထုတ်ပြန်ရာမှာ နိုင်ငံရေး ရှုထောင့်မှလည်း ကောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ရှုထောင့်မှ လည်းကောင်း၊ နိုင်ငံတကာ ရှုထောင့်မှ လည်းကောင်း စိစစ်သုံးသပ်ရန်လိုအပ်မှာဖြစ်သည့်အပြင် ထိုအချိန် ထိုအခါမှာ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံတော်၏ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် အခြေအနေအရပ်ရပ်များကို ချင့်ချိန်သုံးသပ် ဆောင်ရွက်သွားနိုင်ရန် လိုအပ်မှာဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော် သမ္မတအား မိမိသဘော ဆန္ဒအလျောက် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ( Pardon ) အခွင့်အာဏာကို လွတ်လပ်စွာ ပေးပိုင်ခွင့် အပ်နှင်းထားရှိပြီး ၎င်းထက်ပိုမို ကျယ်ဝန်းသော လွတ်ငြိမ်းချမ်းသာခွင့် (Amnesty)  ကို သမ္မတ တစ်ဦးတစ်ယောက်တည်း သဘောဖြင့် ဆုံးဖြတ်ရာတွင် ခက်ခဲမှု မကြုံတွေ့စေရန်နှင့် မှားယွင်းစွာ ဆုံးဖြတ်မှု မရှိစေရေးတို့အတွက်  ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ  ဖွဲ့စည်းထားသော အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်အညီသာ အမိန့်ထုတ်ပြန်ခွင့်ကို သီးခြားအပ်နှင်းထားခြင်းဖြစ်ကြောင်း။
၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေပုဒ်မ ၆၀ တွင် ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်သော  အခွင့်အရေးသည် နိုင်ငံတော်သမ္မတ၌ တည်ရှိရမည်ဟု သတ်မှတ်ထားကြောင်း၊ လွတ်ငြိမ်းချမ်းသာခွင့် ပါဝင်ခြင်းမရှိကြောင်း၊   ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၇၃၊ ပုဒ်မခွဲ (ဏ) တွင်   နိုင်ငံတော်ကောင်စီကသာလျှင် လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း ဆောင်ရွက်နိုင်သည်ကို ဖော်ပြထားကြောင်း၊ သို့သော် ရခိုင်ပြည်နယ် အင်းဒင်ကိစ္စမှာ ဥပဒေအရ ထောင်တွင်း အကျဉ်းချခံနေရသော သတင်းထောက်နှစ်ဦး လွတ်လာမှာကို ကာယကံရှင် မိသားစုတောင် မသိလိုက်ရဘဲ ထောင်ဝမှ  ပြည်ပကိုယ်စားလှယ်တစ်ဦးက လာကြိုပြီး တိုင်းပြည်ကနေ အချိန်ကိုက် အမေရိကန်နိုင်ငံကို ထွက်ခွာသွားနိုင်ခဲ့ခြင်းကို တစ်ကမ္ဘာလုံးက မြင်တွေ့နေကြရကြောင်း၊ ကြိုတင်အကွက်ချ စီမံထားမှုတွေ များလား ဆိုခြင်းမျိုး စဉ်းစားရနိုင်ကြောင်း၊ အရေးအခင်းကာလအတွင်းက တောခိုသွားခဲ့ပြီး နိုင်ငံမြောက်ပိုင်းတွင် ဇာတ်တူသားချင်း သတ်ဖြတ်မှုများစွာနှင့် တိုင်းပြည်အတွင်း ဆူပူသောင်းကျန်းမှု များစွာကို ဆောင်ရွက်ခဲ့သူ တစ်ဦးဆိုလျှင် ဥပဒေအရ ထောင်သွင်း အကျဉ်းချထားရာမှ ပြန်လည်စေလွှတ်ခဲ့ရာ ၎င်း၏သတ်ဖြတ်ခြင်း ခံခဲ့ရသော လူအများနှင့် မိသားစုဝင်များနေရာမှ ခံစားကြည့်ကြစေလိုကြောင်း၊ ထို့ပြင် တည်ဆဲပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ တွင် ပြစ်မှုတစ်စုံတစ်ရာအတွက် တစ်ဦးတစ်ယောက်အား ပြစ်ဒဏ်ချမှတ်ပြီးသည့်အခါ နိုင်ငံတော် သမ္မတသည် မည်သည့်အခါမဆို စည်းကမ်းချက် မထားဘဲဖြစ်စေ၊ ပြစ်ဒဏ်စီရင်ခြင်း ခံရသူ သဘောတူသည့် စည်းကမ်းချက် တစ်ခုခု ထား၍ဖြစ်စေ  ၎င်းအပေါ် ချမှတ်သည့် ပြစ်ဒဏ် အတည်ပြုလုပ်ခြင်းကို ဆိုင်းငံ့ထားနိုင်သည် သို့မဟုတ် ၎င်းကို စီရင်သည့်ပြစ်ဒဏ်အားလုံး  သို့မဟုတ် အစိတ်အပိုင်း တစ်စုံတစ်ရာကို  လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်သည်ဟု  ဖော်ပြထားကြောင်း။
 ““လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း”” (Amnesty) ဟူသော စကားရပ်သည် ““ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးခြင်း”” (Pardon) ဟူသော စကားရပ်ထက် အနက်အဓိပ္ပာယ် ပိုမိုကျယ်ဝန်းကြောင်း၊ တည်ဆဲပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ  ၄၀၁  မှာ ဖော်ပြထားသည့် အတိုင်း  ““ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခြင်း””( Pardon) ဆိုရာမှာ ပြစ်ဒဏ်ကို လျှော့ပေါ့ပြောင်းလဲခြင်း၊ သက်သာခွင့်ပေးခြင်း၊ဆိုင်းငံ့ထားခြင်း၊ ရွှေ့ဆိုင်းခြင်း၊ မူလအခွင့်အရေးများ  ပြန်လည်ရရှိစေခြင်း ဟူသောအဓိပ္ပာယ်များ ပါဝင်နေပြီး (be granted a royal pardon by the King or Queen) လို့အဓိပ္ပာယ်ဖွင့်ထားကြောင်း၊ လွတ်ငြိမ်းချမ်းသာခွင့်(Amnesty) ကို အဓိပ္ပာယ် ဖွင့်ထားရာမှာတော့ Despite International Pressure the Premier refuses to declare / grant an amnesty for political prisoners ဟု ပါရှိပြီး လွတ်ငြိမ်းချမ်းသာခွင့် ကာလ Thousands of guns  were handed in during last week ' s amnesty on illegal weapons ဟု ဆိုထားသည့်အတွက် များစွာ အဓိပ္ပာယ် သက်ရောက်ကြောင်း၊ မိမိတို့နိုင်ငံလို လူဦးရေ များပြားသည့် နိုင်ငံများကြားမှာ ရပ်တည်ပြီး လက်နက်ကိုင် အဖွဲ့အစည်းများ၊ လက်နက်ကိုင်၍ သောင်းကျန်းနေသူများ၊ အယူဝါဒကို ကိုင်စွဲ၍ လက်နက်ကိုင် ရပ်တည်နေကြသော အဖွဲ့များ များပြားသည့် နိုင်ငံတစ်ခုအနေဖြင့် သမ္မတ တစ်ဦးတစ်ယောက်တည်း သဘောဖြင့် ယခုလိုအခွင့်အာဏာ ပေးပိုင်ခွင့်ပြုရန် ဆောင်ရွက်ခြင်းမှာ များစွာမှားယွင်းသွားနိုင်ကြောင်း အထူးသတိပြုကြရမှာဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားကို မျှော်ကိုးကာ သတိကြီးစွာ ထားပြီး ဆောင်ရွက်ရန် အလွန်အရေးကြီးကြောင်း။
သို့ပါသောကြောင့်  နမူနာဖြစ်စဉ်များ အရ ပုဒ်မ၂၀၄ (ခ)ကို မူလပြဋ္ဌာန်းချက်ပါအတိုင်း ““အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိသည်””ဟုသာ ထားရှိသင့်ကြောင်းနှင့် ပြင်ဆင်ရန် မသင့်တော်ကြောင်း၊  နိုင်ငံတော်အကျိုး၊ တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံး၏ အကျိုးကိုရှေးရှုကာ နိုင်ငံတကာ အလယ်တွင် နိုင်ငံအတွက် ရေရှည်လျှောက်လှမ်းဆောင်ရွက်ရမည့်  သမ္မတ အဆက်ဆက်တို့၏ အကျိုးအတွက် အနာဂတ်ကိုမျှော်မှန်းပြီး မိမိတို့အားလုံး စဉ်းစားသုံးသပ် ဆုံးဖြတ်ကြရန်လိုကြောင်း ဆွေးနွေးသည်။
Read 119 times Last modified on Friday, 28 February 2020 12:30