SJ WorldNews - шаблон joomla Авто

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းကို ဆက်လက်ဆွေးနွေး (ဒုတိယပိုင်း)

Friday, 28 February 2020 13:16 font size decrease font size decrease font size increase font size increase font size

တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်  ဗိုလ်မှူးကြီးနေလင်းက  ဖွဲ့စည်းပုံ အခြေခံဥပဒေကို  ဒုတိယအကြိမ်ပြင်ဆင်သည့်   ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏  လေ့လာတွေ့ရှိချက် နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ၏ နောက်ဆက်တွဲ (ဈ-၁)ဖြစ်သည့် ပုဒ်မ ၄၃၆ (ခ)တွင် အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲများအပေါ် ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း၏ စာပုဒ်၂၀ ၊ စာပုဒ် ၄၅ နှင့် စာပုဒ် ၅၁ တွင်ဖော်ပြပါရှိသောပြင်ဆင်ချက်များနှင့် စပ်လျဉ်းပြီး ဆွေးနွေးသွားမှာဖြစ်ကြောင်း။
ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏  လေ့လာတွေ့ရှိချက်နှင့်  သဘောထားမှတ်ချက် အစီရင်ခံစာ၏  နောက်ဆက်တွဲ (ဈ -၁)ဖြစ်သည့် ပုဒ်မ ၂၃၂၊ ပုဒ်မခွဲ(ည)၊ ပုဒ်မခွဲငယ် (၂)အား  စကားရပ်အစားထိုး ပြင်ဆင်ထားပါကြောင်း၊ ပုဒ်မ၂၆၂၊ ပုဒ်မခွဲ(ဎ)၊ ပုဒ်မခွဲငယ် (၂)အား စကားရပ်အစားထိုး ပြင်ဆင်ထားပါကြောင်း၊ ပုဒ်မ ၂၈၅၊ ပုဒ်မခွဲ(စ)အား စကားရပ် အစားထိုး ပြင်ဆင်ထားပါကြောင်း၊၎င်းစကားရပ် အစားထိုးပြင်ဆင်ချက်များကို လေ့လာတဲ့အခါ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာနနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာနများတွင် တပ်မတော်သားများကို ပြည်ထောင်စု ၀န်ကြီးများ အဖြစ် ခန့်အပ်ရာမှာ လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင်  လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ်  တပ်မတော်သားများအား ခန့်အပ်တာဝန် ပေးအပ်ရာမှာ လည်းကောင်း၊    နေပြည်တော်ကောင်စီဝင်  သို့မဟုတ် ကောင်စီဝင်များကို တပ်မတော်သားများ ခန့်အပ်တာဝန် ပေးအပ်ရာမှာ လည်းကောင်း၊ ခန့်အပ်တာဝန် ပေးအပ်ခြင်းခံရတဲ့ နေ့ကစပြီး တပ်မတော်မှ အငြိမ်းစားယူပြီး သို့မဟုတ်   နုတ်ထွက်ပြီးဖြစ်သည်ကို မှတ်ယူရမည်ဟု သဘောသဘာဝချင်း တူညီစွာ အစားထိုးပြင်ဆင်ထားကြောင်း၊  မူလပြဋ္ဌာန်းချက်များမှာ တပ်မတော်မှ အငြိမ်းစားယူရန် သို့မဟုတ် နုတ်ထွက်ရန် မလိုဟုသာ ပြဋ္ဌာန်းထားကြောင်း၊ အဆိုပါစကားရပ် အစားထိုးပြင်ဆင်ချက်များ အပေါ် သဘောမတူ ကန့်ကွက်ဆွေးနွေးလိုကြောင်း။
ဆက်လက်ပြီး အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံရေးအခန်းကဏ္ဍမှာ တပ်မတော်ပါဝင် ဆောင်ရွက်မှုအနေနှင့် သမ္မတ ဆူကာနိုလက်ထက်တွင် ပထမဆုံးသော ပါလီမန်ရွေးကောက်ပွဲကို ၁၉၅၅ ခုနှစ်တွင် ကျင်းပခဲ့ပြီး  ပါလီမန် သက်တမ်း လေးနှစ်အကြာမှာ သမ္မတရဲ့ အမိန့်ဒီဂရီဖြင့် ပါလီမန်အား ဖျက်သိမ်းခဲ့ကြောင်း၊  ၁၉၆၀ ပြည့်နှစ်တွင် ဥပဒေပြုလွှတ်တော်ကို ဖွဲ့စည်းခဲ့ကြောင်း၊ ထိုလွှတ်တော်မှာ ပါဝင်သည့် လွှတ်တော် ကိုယ်စားလှယ်များသည် ရွေးကောက် တင်မြှောက်ခံများ မဟုတ်ဘဲ ခန့်အပ်သည့် လွှတ်တော် ကိုယ်စားလှယ်များသာ ဖြစ်ကြောင်း၊ အင်ဒိုနီးရှား တပ်မတော်သားများကို လွှတ်တော်တွင် ကိုယ်စားလှယ်များအဖြစ် ၁၉၆၇ ခုနှစ်မှ  ၂၀၀၄ ခုနှစ် မတိုင်မီအချိန်အထိ ရာခိုင်နှုန်း အချိုးအစားအလိုက် ပါဝင်စေခဲ့ကြောင်း၊  အုပ်ချုပ်ရေး အခန်းကဏ္ဍမှာ အင်ဒိုနီးရှား တပ်မတော်က ပါဝင်ဆောင်ရွက်မှု အနေနှင့် ၁၉၆၈ ခုနှစ်မှ စပြီး ၁၉၉၈ ခုနှစ်အထိ  ပထမအကြိမ် ကက်ဘိနက်တွင် ရှစ်ဦး ၊ ဒုတိယအကြိမ် ကက်ဘိနက်တွင်  ခြောက်ဦး၊ တတိယအကြိမ် ကက်ဘိနက်တွင် ၁၅ ဦး၊  စတုတ္ထအကြိမ် ကက်ဘိနက်တွင် ၁၇ ဦး၊  ပဉ္စမအကြိမ် ကက်ဘိနက်တွင် ၁၄ ဦး၊  ဆဋ္ဌမအကြိမ် ကက်ဘိနက်တွင် ၁၀ ဦးပါဝင်တာ လေ့လာတွေ့ရှိရပါကြောင်း၊ မိမိတို့နိုင်ငံမှာလည်း နိုင်ငံတော်ရဲ့ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အခြေခံမူဖြစ်သည့် ပုဒ်မ ၆ (စ)အရ ပါဝင်ထမ်းဆောင်ခြင်းဖြစ်ကြောင်း၊  လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလမှ ယနေ့အထိ ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံရေး အခြေအနေများ၊ ပြည်တွင်းလက်နက်ကိုင် အဖွဲ့အစည်းများ၏ အခြေအနေများ၊ တရားဥပဒေ စိုးမိုးမှုနှင့် တည်ငြိမ်အေးချမ်းမှု အပြည့်အ၀ မရရှိသေးသည့် အခြေအနေတွေကြောင့် ပြည်သူများ လိုလားသည့်   ဒီမိုကရေစီ လမ်းကြောင်း ပျောက်ပျက် မသွားစေရေးအတွက် အစဉ်အလာရှိသည့်   တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ ပါဝင်ထမ်းဆောင်နိုင်ရေးကို   အစဉ်တစိုက် ဦးတည်နေခြင်းဖြစ်ကြောင်း၊ ပါတီနိုင်ငံရေး အသွင်ဖြင့် ပါဝင်ခြင်းမဟုတ်ဘဲ  ဒို့တာဝန်အရေး(၃)ပါးကို ကာကွယ်စောင့်ရှောက်ရန်နှင့် ဒီမိုကရေစီ နိုင်ငံထူထောင်ရန်  အမျိုးသားနိုင်ငံရေး အသွင်ဖြင့် ပါဝင်နေခြင်းသာဖြစ်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာန သုံးခုမှာ ပြည်ထောင်စုဝန်ကြီးများအဖြစ် တပ်မတော်သားများကို ခန့်အပ်ခြင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများ ခန့်အပ်ခြင်းနှင့် တပ်မတော်သား နေပြည်တော်ကောင်စီဝင် သို့မဟုတ်  ကောင်စီအဖွဲ့ဝင်အဖြစ် ခန့်အပ်ရာမှာ  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က  အမည်စာရင်း တင်သွင်းခြင်းခံရသည့် တပ်မတော်သားများသည် တာဝန်ပေးအပ်မှုအရ အဆိုပါဌာန၊ အဖွဲ့အစည်းများမှာ   တာဝန်ထမ်းဆောင်ခြင်း ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဌာန၊  အဖွဲ့အစည်းများ၏ သဘောသဘာဝအရ ကြီးကြပ်ကွပ်ကဲမှု လွယ်ကူစေရန်၊ အခြားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆက်သွယ်ပေါင်းစပ် ညှိနှိုင်းမှု အဆင်ပြေချောမွေ့စေရန်၊  နယ်စပ်ရေးရာ ကိစ္စရပ်များ  ညှိနှိုင်း ဆောင်ရွက်ရာမှာ အဆင်ပြေစေရန် အတွက်  မူလစစ်ဘက် အဆောင်အယောင်များ ဆက်လက်တည်ရှိနေရန်လည်း လိုအပ်ကြောင်း၊   ထို့ပြင် တပ်မတော်၏ လိုအပ်ချက်အရ  စစ်ဘက် မူလတာဝန်များကို ပြန်လည်ပေးအပ်နိုင်ရန်အတွက် တာဝန်ပေးအပ်ခြင်း ခံရသည့် တပ်မတော်သားများသည်  တပ်မတော်မှ နုတ်ထွက်ရန် သို့မဟုတ် အငြိမ်းစားယူရန် လိုအပ်မည် မဟုတ်ကြောင်း တင်ပြလိုကြောင်း ဆွေးနွေးပြောကြားသည်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဝင်းမင်းထွန်းက ဒုတိယအကြိမ် ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းပါ   ပုဒ်မ ၂၃၂ (ဋ)၊ ၂၃၄ (စ)၊ ၂၈၅ (ဆ)၊ ၂၃၇(က)(၄)(ဃဃ)၊ ၂၃၉(က)(၄)(ဃဃ)၊၂၄၂(က)(၄)(ဂဂ) နှင့် ပတ်သက်ပြီး ရှင်းလင်းဆွေးနွေး သွားမှာဖြစ်ကြောင်း။
ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအတွက် အလွန်အရေးကြီးကြောင်း၊ ထိုနိုင်ငံ၏ နောက်ခံသမိုင်းကြောင်း၊ ပထ၀ီအနေအထား၊   မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား လူမျိုးများ၏   ဓလေ့စရိုက်၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာ၊ ပထ၀ီနိုင်ငံရေး စသည့် အချက်ပေါင်းများစွာ အပေါ်မူတည်ပြီး နိုင်ငံကို မည်ကဲ့သို့ဖွဲ့စည်းမည်၊ မည်ကဲ့သို့ကာကွယ်မည်၊ မည်သည့်စနစ်ဖြင့် အုပ်ချုပ်မည်၊ အနာဂတ်တွင်  မည်သို့ဖွံ့ဖြိုး တိုးတက်အောင်  လုပ်ဆောင်မည် ဆိုသည့်အပေါ်တွင် မူတည်ပြီး ရေးဆွဲကြရတာ ဖြစ်ကြောင်း၊ မိမိတို့လို လူမျိုး ၁၃၅ မျိုးရှိပြီး မဟာအင်အားကြီး နိုင်ငံတွေအကြား ပထ၀ီနိုင်ငံရေးအရ အရေးပါလှသည့် နေရာတွင်ရှိကာ  လွတ်လပ်ရေးနှင့် အတူ ပေါ်ပေါက်လာသည့် တိုင်းရင်းသား လက်နက်ကိုင်များ အမျိုးမျိုးရှိနေပြီး   ခေတ်သစ်ကျူးကျော် လာသော လူမျိုးများ ရှိနေသေးသည့် နိုင်ငံ တစ်နိုင်ငံအတွက် အသက်တမျှ အရေးကြီးလှကြောင်း၊ ထိုအရာကို နိုင်ငံသားအားလုံး သိရှိနားလည်ရန် လိုအပ်ကြောင်း။
ပုဒ်မ ၂၃၂ (ဋ)ကို တင်ပြပါအတိုင်း ဥပဒေမူကြမ်းတွင် ယင်းပြဋ္ဌာန်းချက်ကို ““ပယ်ဖျက်ရန်”” တင်ပြထားကြောင်း၊   အလားတူ ပုဒ်မ ၂၃၄ (စ)ကိုလည်း တင်ပြပါအတိုင်း ဥပဒေမူကြမ်းတွင် ယင်းပြဋ္ဌာန်းချက်ပါ ““(ဋ)ကိုသာ ပယ်ဖျက်ရန်””တင်ပြထားကြောင်း၊ ဆိုလိုသည်မှာ ဒုတိယ၀န်ကြီး အဖြစ် ခန့်အပ်တာဝန်ပေးခြင်း ခံရပါက ပါတီလုပ်ငန်းများ ဆောင်ရွက်ခြင်း မပြုရဆိုသော တားမြစ်ချက်ကို ပယ်ဖျက်ခြင်းပဲ ဖြစ်ကြောင်း၊ ထို့အတူ ပုဒ်မ ၂၈၅(ဆ)ကို တင်ပြပါအတိုင်း ဥပဒေ မူကြမ်းတွင် ယင်းပြဋ္ဌာန်းချက်ကို ““ပယ်ဖျက်ရန်”” တင်ပြထားကြောင်း၊  တင်ပြပါ ပုဒ်မ သုံးခုစလုံးသည် ၀န်ကြီး၊ ဒုတိယ၀န်ကြီး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ  သို့မဟုတ် ကောင်စီဝင် တစ်ဦးအဖြစ် တာဝန်ပေးအပ်ခြင်းခံရပါက ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခွင့် မရှိပါဟု ပြဋ္ဌာန်းထားသည်ကို ““ပယ်ဖျက်ရန်””  ဥပဒေမူကြမ်းတွင် တင်သွင်းလာခြင်းပဲဖြစ်ကြောင်း၊  မိမိတို့နိုင်ငံသည်   သမ္မတ ဦးဆောင်သည့် ဒီမိုကရေစီ နိုင်ငံဖြစ်ကြောင်း၊  ပုဒ်မ ၂၀၃ တွင် နိုင်ငံတော်သမ္မတသည်   ပြည်ထောင်စု လွှတ်တော်ကို တာဝန်ခံရမည်ဟု ပြဋ္ဌာန်းထားကြောင်း၊ ထို့ပြင် ပုဒ်မ ၅၇ နှင့် ပုဒ်မ ၅၈ တို့အရ  သမ္မတသည် နိုင်ငံတော်ကို ကိုယ်စားပြုရမှာဖြစ်သကဲ့သို့ နိုင်ငံသား အားလုံး၏  အထွတ်အထိပ်နေရာလည်း ဖြစ်ကြောင်း၊   သမ္မတက  ပြည်ထောင်စုဝန်ကြီး၊  ဒုတိယ၀န်ကြီးများအပါအ၀င် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင် ပုဂိ္ဂုလ်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ ခန့်အပ် တာဝန်ပေးရမှာဖြစ်ပြီး ၎င်းတို့အားလုံးကလည်း သမ္မတကို တာဝန်ခံရမှာဖြစ်ကြောင်း။
ထို့ပြင်  နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ အပါအ၀င် သမ္မတက ခန့်အပ်သည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ ပြည်ထောင်စုအဆင့် ပုဂ်္ဂိုလ်များဖြစ်သည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်  ကောင်စီဝင်များသည် ၎င်းတို့ကို ထောက်ခံသည့် ပြည်သူများရော မထောက်ခံသည့် ပြည်သူများကပါ ပေးဆောင်သော အခွန်များကို ချီးမြှင့်ငွေ အဆောင်အယောင်များ အဖြစ် ရယူကြကြောင်း၊ ပြည်သူအားလုံးဆီက ကောက်ခံရရှိထားသည့် ချွေးနှဲစာ အခွန်ဘဏ္ဍာများနှင့် မိမိတို့၏ ရာထူးအရှိန်အ၀ါနှင့် လုပ်ပိုင်ခွင့်ကိုသုံးကာ မိမိတို့ပါတီ အနိုင်ရရှိရေးအတွက် မတရား အနိုင်ကျင့်မှုများ၊ မဲဆွယ်စည်းရုံးမှုများ လုပ်ဆောင်လာနိုင်သကဲ့သို့ မိမိတို့ကို ထောက်ခံသည့် မဲဆန္ဒနယ်နှင့် အနိုင်ရနယ်မြေများကိုသာ အလေးပေးပြီး ပြုပြင် တည်ဆောက်ရေး လုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဦးစားပေး လုပ်ကိုင်ဆောင်ရွက်ခြင်းအားဖြင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုကို   ဟန်ချက်ပျက်စေနိုင်ကြောင်း၊ ထိုကဲ့သို့လို မဖြစ်ရလေအောင် ““မိမိတို့ပါတီ၏ လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခြင်းမပြုရ””  ဆိုသည့် ပြဋ္ဌာန်းချက်ကို ဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းထားတာ ဖြစ်ကြောင်း၊ ထို့ကြောင့်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၆၄ တွင် နိုင်ငံတော်သမ္မတ သည်ပင်လျှင် မိမိရာထူး သက်တမ်းအတွင်း ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခွင့် မရှိဟု ပြဋ္ဌာန်းထားတာ ဖြစ်ကြောင်း။
ဆက်လက်၍ ၁၉၄၇ ခုနှစ် ပါလီမန် ဒီမိုကရေစီစနစ်တွင်   ဖဆပလသည် ၁၉၅၁ ခုနှစ်  ဇူလိုင်လတွင် ကျင်းပသော ရွေးကောက်ပွဲ၌  ပါတီဝင်ဝန်ကြီးများက မိမိတို့အာဏာ  ဆက်လက် တည်တံ့ရေးအတွက်   နည်းမျိုးစုံ သုံးစွဲခဲ့ကြကြောင်း၊ အတိုက်အခံ နိုင်ငံရေးသမား တချို့နှင့် ကိုယ်စားလှယ်များကို သတ်ဖြတ်ခြင်း၊ ခါးပိုက်ဆောင် လက်နက်ကိုင် အဖွဲ့အစည်းများဖြင့် ခြိမ်းခြောက်ခြင်း၊ မဲရေတွက်သည့် အခါတွင်လည်း မဲပုံးများဖောက်ပြီး မသမာမှုများ ပြုလုပ်၍ မဲရေတွက်ကာ ဖဆပလအမတ်လောင်း အနိုင်ရရှိရန် ဆောင်ရွက်ခဲ့ကြောင်း၊ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ရာဇ၀တ်မှုများ အတွက်လည်း   ပါတီဝင် ၀န်ကြီးအဆင့်ရှိသူ ကိုယ်တိုင်    တရားစီရင်ရေး ကဏ္ဍများတွင် ပါဝင်စွက်ဖက်ခြင်းများ ရှိကြောင်းကို (၁၉၅၈ - ၁၉၆၂) မြန်မာ့နိုင်ငံရေး အတွဲ(၁) စာမျက်နှာ (၁၁၀၊ ၁၁၁)တွင် ဖော်ပြရေးသားထားတာကို တွေ့ရှိရကြောင်း။
 ယခုကဲ့သို့  ခါးသီးသော နိုင်ငံသမိုင်းကြောင်းများကို အခြေခံပြီးမှ  ““မိမိရာထူး သက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရဟူသော ပြဋ္ဌာန်းချက်””ကို   နိုင်ငံ၏အကျိုး၊  ပြည်သူ၏ အကျိုးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းဆဲကာလ ဒီမိုကရေစီ အလေ့အကျင့်များ နုနယ်သေးသည့်အချိန်တွင်   အာဏာကိုမက်မောပြီး   ပါတီနှင့် ကိုယ်ကျိုးအတွက် အလွဲသုံးစား လုပ်သူများ ရှိလာခဲ့ပါက   ခေတ်နောက်ပြန်မသွားရအောင် ရည်ရွယ်ချက်ရှိရှိ ပြဋ္ဌာန်းထားတာ ဖြစ်ကြောင်း၊ ထို့ကြောင့် ဥပဒေမူကြမ်းပါ ပုဒ်မ ၂၃၂ (ဋ)၊ ၂၃၄ (စ)၊ ၂၈၅ (ဆ) တို့ကိုပြင်ဆင်၊   ပယ်ဖျက်ရန်မသင့်ဘဲ   မူလအတိုင်းသာ ထားရှိ သင့်ကြောင်း ဆွေးနွေးပြောကြားသည်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မိုးကျော်က ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်) အခန်း ( ၅ ) ပုဒ်မ ၂၄၈၊ ပုဒ်မခွဲ(ဂ)ကို ဒေါက်တာမောင်သင်း(မိတ်္ထီလာမဲဆန္ဒနယ်) အပါအ၀င် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၄၅ ဦးတို့က ပြင်ဆင်ရန် တင်ပြထားခြင်း ဖြစ်ကြောင်း၊ ပုဒ်မ ၂၄၈၊  ပုဒ်မခွဲ (ဂ)၏ မူလပြဋ္ဌာန်းချက်က နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ဖြင့် ပုဒ်မခွဲငယ်(၁) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဌာနများကို လိုအပ်သလို သတ်မှတ်နိုင်သည်။   ထို့ပြင်  သတ်မှတ် ၀န်ကြီးဌာနများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း ပြုနိုင်သည်။ ပုဒ်မခွဲငယ်(၂) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီး ဦးရေကို လိုအပ်သလို သတ်မှတ်နိုင်သည်။ သတ်မှတ်ဦးရေကို တိုးခြင်း၊ ရွှေ့ခြင်း ပြုနိုင်သည်ဟု ဖြစ်ကြောင်း၊ ပြင်ဆင်ချက်က မူလပြဋ္ဌာန်းချက်တွင် ““သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ညှိနှိုင်း၍””ဟူသော စာသားကို ဖြည့်စွက်ပြင်ဆင်ခြင်း ဖြစ်ကြောင်း၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)သည် ပြည်ထောင်စုစနစ်ကို အခြေခံသော ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်ကြောင်း၊ ပုဒ်မ ၈ တွင် ““နိုင်ငံတော်ကို ပြည်ထောင်စု စနစ်ဖြင့် ဖွဲ့စည်း တည်ဆောက်သည့်””ဟု ပြဋ္ဌာန်းထားကြောင်း၊၂၁ ရာစု ပင်လုံညီလာခံက ဖက်ဒရယ်စနစ်ကို အခြေခံသော   ပြည်ထောင်စုစနစ်ကို တည်ဆောက် သွားမည်ဟု သဘော တူညီထားကြောင်း။
ထို့ပြင် ပြည်ထောင်စုအဆင့်တွင် ပြည်ထောင်စု အစိုးရအဖွဲ့၊   ပြည်ထောင်စု လွှတ်တော်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တို့ရှိနေပြီး  တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုတို့တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော်ချုပ်များ  အသီးသီး ဖွဲ့စည်းထားသဖြင့် ဖက်ဒရယ်စနစ် အခြေခံထားရှိပြီးဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ  (၂၀၀၈ ခုနှစ်) ဖက်ဒရယ်စနစ် အခြေခံများ ပါပြီးဖြစ်၍   အာဏာပိုင်းခြားရာတွင် တိုင်းပြည်၏ စီးပွားရေး အခြေအနေ၊   လူမှုဘ၀ ဖွံ့ဖြိုးမှု အခြေအနေ၊ လုံခြုံရေး အခြေအနေပေါ် မူတည်ပြီး  တိုင်းဒေသကြီးနှင့် ပြည်နယ်များကို အခါအားလျော်စွာ လုပ်ပိုင်ခွင့်နှင့် အာဏာများ တိုးမြှင့်ပေးရန် လိုအပ်မှာဖြစ်ကြောင်း၊ ယခင်က ဥပဒေပြုရေး အာဏာပိုင်ဖြစ်သည့် တိုင်းဒေသကြီး   သို့မဟုတ်    ပြည်နယ် လွှတ်တော်၏ သဘောတူညီချက်ကိုသာ ယူခဲ့သော်လည်း ယခုပြင်ဆင်ရန် တင်ပြချက်မှာ အုပ်ချုပ်ရေး အကြီးအကဲဖြစ်သည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် များနှင့် ညှိနှိုင်းတိုင်ပင် ဆောင်ရွက်မှာဖြစ်သည့်အတွက် အုပ်ချုပ်မှုပိုင်းဆိုင်ရာ အကြီးအကဲ၏ သဘောဆန္ဒကို လျစ်လျူရှုခြင်း မပြုဘဲ ဥပဒေပြုရေး အဖွဲ့အစည်းများဖြစ်သည့် တိုင်းဒေသကြီး လွှတ်တော် ၊ ပြည်နယ်လွှတ်တော်များ၏ အတည်ပြုချက် ရယူဆောင်ရွက်ခြင်း ဖြစ်သည့်အတွက် တိုင်းဒေသကြီး သို့မဟုတ်   ပြည်နယ်အစိုးရ အဖွဲ့များ၏ စွမ်းဆောင်ရည်သည် ပိုမိုကောင်းမွန်လာမှာဖြစ်ကြောင်း။
““တိုင်းဒေသကြီး  သို့မဟုတ်  ပြည်နယ် ၀န်ကြီးချုပ် ခန့်အပ် တာဝန်ပေးခြင်း””ကို ပုဒ်မ  ၂၆၁ မှာ ပြဋ္ဌာန်းပေးထားကြောင်း၊ ဒီပြဋ္ဌာန်းချက်ကိုလည်း ဖက်ဒရယ်စံနှုန်းနှင့် အညီ တိုင်းရင်းသားများ၏ လိုလားချက်ကို ဂရုပြုဖော်ဆောင်ရန် ရည်ရွယ်ပြီး ဦးသိန်းထွန်း(ကျောင်းကုန်းမဲဆန္ဒနယ်) အပါအ၀င် ပြည်ထောင်စုလွှတ်တော်  ကိုယ်စားလှယ် ၁၄၃ ဦးက ပြင်ဆင်ချက် အဆိုတင်ပြထားကြောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြုလွှတ်တော်များက မိမိတို့၏ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွက် ၀န်ကြီးချုပ် ရွေးချယ်တင်မြှောက်ပေးခြင်းသည် သက်ဆိုင်ရာ ဒေသခံပြည်သူများအတွက် ဒီမိုကရေစီ၏ အနှစ်သာရကို ပိုမိုဖော်ဆောင်ပေးရာ ရောက်မှာဖြစ်ကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ အကြီးအကဲ နိုင်ငံတော်သမ္မတက    တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ ဖွဲ့စည်းရန်အတွက်   ဒီမိုကရေစီစနစ်နှင့် ရွေးချယ်ထားသော ၀န်ကြီးချုပ်နှင့် ညှိနှိုင်းပြီး သက်ဆိုင်ရာ လွှတ်တော်များ၏ အတည်ပြုချက်ဖြင့်    အစိုးရအဖွဲ့၏ ၀န်ကြီးဦးရေ သတ်မှတ်ခြင်း၊ ၀န်ကြီးများ ရွေးချယ်ခန့်အပ်ခြင်းသည် သက်ဆိုင်ရာ ဒေသခံပြည်သူများ၏ ဆန္ဒကို အလေးဂရုပြုရာ ရောက်သလို လေးနက်ခိုင်မာသည့် ဒီမိုကရေစီ ဖက်ဒရယ်စနစ် ဖော်ဆောင်ရန် အဓိက မောင်းနှင်အားဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စု အစိုးရနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရများ အကြား Relationship မပြတ်စေရန်အတွက် လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ၀န်ကြီးချုပ်အား လုပ်ပိုင်ခွင့်အာဏာ တိုးမြှင့်ပေးရာ ရောက်စေရန်အတွက် လည်းကောင်း၊   စွမ်းရည်ပြည့်ဝသော  ဒေသန္တရ အစိုးရများ ဖွဲ့စည်းနိုင်ရန်အတွက် လည်းကောင်း၊ နိုင်ငံတော် သမ္မတ၏ လုပ်ပိုင်ခွင့်အာဏာ မပျောက်ပျက်ဘဲ အာဏာကို ခွဲဝေပေးရာ ရောက်စေသည့် ပြင်ဆင်ချက်ဖြစ်သော ပုဒ်မ ၂၄၈၊ ပုဒ်မခွဲ (ဂ)ခြေဆင်းအား ပြင်ဆင်ချက်ပါအတိုင်း ပြင်ဆင်အတည်ပြုပေးပါရန် ဆွေးနွေးသည်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက နိုင်ငံတစ်နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ရပ်ကို ပြင်ဆင်၊ ပယ်ဖျက်၊ ဖြည့်စွက် ပြဋ္ဌာန်းတော့မည်ဆိုရင် မိမိနိုင်ငံ၏ သမိုင်းမှရခဲ့သည့်သင်ခန်းစာများ၊ နိုင်ငံရေးရေချိန်၊ နိုင်ငံတော်၏ အခြေအနေအရပ်ရပ်၊ ကမ္ဘာ့နိုင်ငံများ၏ စနစ်အခြေအနေများကို မှန်မှန်ကန်ကန် သုံးသပ်ပြီး Harmony  ဖြစ်ဖို့လိုကြောင်း၊ Harmony မဖြစ်ခဲ့လျှင် Mechanism တွေပျက်မည်။ Mechanism  တွေပျက်လျှင်  တိုင်းပြည်နာမည်။ တိုင်းပြည်နာလျှင် ဒီတိုင်းပြည်မှာ ရှိသည့် ပြည်သူတွေပဲ နာမှာဖြစ်ကြောင်း၊ ထို့ကြောင Harmony ဖြစ်ဖို့လိုကြောင်း၊ ပုဒ်မ ၂၆၁ (ခ)၏မူလ  ပြဋ္ဌာန်းချက်မှာ    နိုင်ငံတော် သမ္မတက ရွေးချယ်ပြီးနောက် သက်ဆိုင်ရာ လွှတ်တော်၏ သဘောတူညီချက်ကို    ရယူခန့်အပ်ရမှာဖြစ်ပြီး    ယခုပြင်ဆင်ရန် တင်ပြလာသည့် ၀န်ကြီးချုပ်များကို   သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်  ပြည်နယ်လွှတ်တော်များက ရွေးချယ်ပြီး  နိုင်ငံတော် သမ္မတထံသို့ အမည်စာရင်းပေးပို့ကာ  ခန့်အပ်နိုင်ရေးအတွက်  ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ Bottom – up စနစ်နှင့် ဆောင်ရွက်နိုင်မှာ ဖြစ်သည့်အတွက် ဒီမိုကရေစီ စံနှုန်းများနှင့် ပိုမိုကိုက်ညီကာ ဗဟိုချုပ်ကိုင်မှုစနစ် လျှော့ချပြီး တိုင်းရင်းသားများ လိုလားသည့်ဆန္ဒများ ပိုမိုဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မှာ ဖြစ်သလို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ပြည်ထောင်စုအစိုးရက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ၏ လုပ်ပိုင်ခွင့်ကို ပိုမိုတိုးမြှင့်ပေးနိုင်မှာဖြစ်ကြောင်း။
““သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ကို လွှတ်တော်က ရွေးချယ်၍ နိုင်ငံတော် သမ္မတက သဘောတူ ခန့်အပ်ခြင်းသည်”” ဒီမိုကရေစီ စံနှုန်းများ နိုင်ငံသားများ၏ တန်းတူညီမျှမှု အခွင့်အရေးနှင့် တရားမျှတပြီး လွတ်လပ်မှု အခွင့်အရေးများကို အားကောင်းလာစေမှာဖြစ်ကြောင်း၊ ပုဒ်မ ၂၆၁ (ခ ) နှင့် ဆက်စပ်ပြီး လေ့လာကြည့်လျှင်    ပုဒ်မ ၂၆၄ (ခ) (၁) မှာ နိုင်ငံတော် သမ္မတကို လုပ်ပိုင်ခွင့်ပေးထားတာ တွေ့ရမှာဖြစ်ကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ရွေးချယ်ပြီး နိုင်ငံတော် သမ္မတက   လက်ခံသဘောတူပါက ခန့်အပ်ပြီး ပုဒ်မ ၂၆၄(ခ) (၁) အရ ရာထူးမှ နုတ်ထွက်ရန် ညွှန်ကြားနိုင်ခွင့်၊ တာဝန်မှ ရပ်စဲနိုင်ခွင့် ပေးထားသည့်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များ၏ ဆန္ဒမဲဖြင့် ရွေးချယ်မှုကို နိုင်ငံတော်သမ္မတက ခန့်အပ်ခြင်း၊ ငြင်းပယ်ခြင်း၊ ရာထူးမှ နုတ်ထွက်ရန်၊ ရာထူးမှ ရပ်စဲရန် လုပ်ပိုင်ခွင့်များ ခွဲဝေပေးထားမှုများ ရရှိနိုင်မှာဖြစ်ပြီး ဒီမိုကရေစီ စံနှုန်းများနှင့်လည်း ကိုက်ညီမှုရှိကြောင်း၊ ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်ီး Decentralization သဘောတရားနှင့် လိုက်လျောညီထွေဖြစ်ကြောင်း၊ ထိုပုဒ်မ ၂၆၁ (ခ) (၁) ကို ပြင်ဆင်အစားထိုး ပြဋ္ဌာန်းသင့်ကြောင်း၊  ပုဒ်မ ၂၆၁ (ခ) (၂) ၏ မူလပြဋ္ဌာန်းချက်က   တင်ပြပါအတိုင်း ဖြစ်ကြောင်း၊ ပြင်ဆင်သည့် ဥပဒေမူကြမ်းတွင် ““ဆန္ဒမဲဖြင့် ရွေးချယ်ထားသည့်  ကိုယ်စားလှယ်၏ အမည်စာရင်းကို  နိုင်ငံတော်သမ္မတထံ ပေးပို့ရမည်””ဆိုသော အစားထိုးပြင်ဆင်ချက်ကို လွှတ်တော်က အတည်ပြုပေးနိုင်ရန် ထောက်ခံ ဆွေးနွေးလိုကြောင်း။
ပြင်ဆင်မည့် ပုဒ်မ ၂၆၁(ခ)၏ သဘောသဘာဝက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ကို ခန့်အပ်ရန် ဥပဒေပြုရေး ကဏ္ဍဖြစ်သည့် လွှတ်တော်များ၊ ပြည်သူက ရွေးကောက် တင်မြှောက်ပေးလိုက်သည့် ပြည်သူ့ကိုယ်စားလှယ်များက ၎င်းတို့ထဲမှ ရွေးချယ်ပြီး နိုင်ငံတော်သမ္မတက စိစစ်အတည်ပြုခန့်အပ်ခြင်း၊ တာဝန်မှ ရပ်စဲခြင်း စသော Process  များမှာ ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီမှု ရှိကြောင်း တွေ့ရမှာ ဖြစ်ကြောင်း။
 မိမိတို့နိုင်ငံ အနေနှင့် ပြည်ထောင်စုစနစ်ကို ကျင့်သုံးလျက်ရှိရာ ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့များအကြား အပြန်အလှန် အချင်းချင်း ပေါင်းစပ်ဆောင်ရွက်နိုင်ရန်နှင့် မူဝါဒ လမ်းညွှန်ချက်များကို    ပီပြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ရွေးချယ်ပေး၍ နိုင်ငံတော် သမ္မတက စိစစ်၍ ခန့်အပ်ခြင်း၊ တာဝန်မှ ရပ်စဲခြင်းသည် ပြည်သူ့ဆန္ဒနှင့် ရွေးကောက် တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ်များထဲမှ ရွေးချယ်ရခြင်းကြောင့် ပြည်သူ့ဆန္ဒကိုလည်း လေးစားရာ၊ ဦးစားပေးရာရောက်ကြောင်း၊  နိုင်ငံတော်သမ္မတက စိစစ်ခန့်အပ်ရခြင်း ဖြစ်၍ အုပ်ချုပ်ရေး မဏ္ဍိုင်နှင့်     ဥပဒေပြုရေး မဏ္ဍိုင်ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ခြင်းကြောင့် အမှားအယွင်း နည်းနိုင်ကြောင်း၊ ပုဒ်မ ၂၆၁ (ခ) ခြေဆင်း၊ ပုဒ်မခွဲ (ခ) ပုဒ်မခွဲငယ်(၁)နှင့်(၂)တို့ကို ပြင်ဆင်ချက်များအတိုင်း လွှတ်တော်က အတည်ပြုပေးသင့်ကြောင်းနှင့် ပုဒ်မ ၂၂၅ ကိုပြင်ဆင်ခြင်း မပြုဘဲ မူလပြဋ္ဌာန်းချက်အတိုင်းသာ ထားရှိသင့်ကြောင်း ဆွေးနွေးသည်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဇော်ဝင်းနိုင်က ပုဒ်မ ၂၂၆ ပုဒ်မခွဲ (က)နှင့် (ခ)တို့၏ နှိုင်းယှဉ်ချက်က တင်ပြပါအတိုင်း ဖြစ်ကြောင်း၊ ပြင်ဆင်ရန် တင်ပြချက်များ အနေနှင့် ပုဒ်မခွဲ နှစ်ပိုဒ်လုံး၏ အဆုံးသတ်မှာ  ““ပြုသည်””အစား ““ပြုနိုင်သည်””ဟု ပြင်ဆင်ရန် တင်ပြထားခြင်း ဖြစ်ကြောင်း၊ ““ပြုနိုင်သည်””ဆိုသည်မှာ လုပ်ဆောင်လိုက လုပ်ဆောင်နိုင်ပြီး မလုပ်ဆောင်လိုပါကလည်း မလုပ်ဆောင်ဘဲ နေနိုင်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုသည်မှာ တိကျစွာပြဋ္ဌာန်းရန် လိုအပ်သည့် အတွက်ကြောင့် ယခုပုဒ်မခွဲ နှစ်ခုလုံးကို မူလအတိုင်းသာ ထားရှိနိုင်ရန်၊ ဆက်လက်ပြီး ပုဒ်မ ၂၆၁ နဲ့ပတ်သက်ပြီး ပြင်ဆင်ချက်များသည် ဦးသိန်းထွန်း အပါအ၀င်  ကိုယ်စားလှယ် ၁၄၃ ဦးက လက်မှတ်ရေးထိုး တင်ပြထားခြင်း ဖြစ်ကြောင်း၊ ပုဒ်မ၂၆၁(ဂ)၏ မူလပြဋ္ဌာန်းချက်က ““နိုင်ငံတော် သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်၏ သဘောတူညီချက် ရရှိပြီးသည့် လွှတ်တော် ကိုယ်စားလှယ်အား သက်ဆိုင်ရာ တိုင်းဒေသကြီး   သို့မဟုတ် ပြည်နယ် ၀န်ကြီးချုပ်အဖြစ်  ခန့်အပ်တာဝန်ပေးရမည်”” ဟူ၍ဖြစ်ကြောင်း၊ ယခုပြဋ္ဌာန်းချက်ကို အဓိပ္ပာယ် ဖွင့်ဆိုရလျှင်““နိုင်ငံတော် သမ္မတက   တိုင်းဒေသကြီး  သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ကို    စိတ်ကြိုက်ရွေးချယ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကို အမည်စာရင်း ချပြရမည်ဖြစ်ပြီး   သက်ဆိုင်ရာ လွှတ်တော်က အတည်ပြုလျှင် နိုင်ငံတော်သမ္မတက ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ရန်”” ဖြစ်ကြောင်း။
ယခုပုဒ်မ၏ပြင်ဆင်ချက်မှာ ဖော်ပြထားတာက ““နိုင်ငံတော် သမ္မတသည် တိုင်းဒေသကြီး   သို့မဟုတ်   ပြည်နယ်လွှတ်တော်က ဆန္ဒမဲဖြင့် ရွေးချယ်ထားသော  လွှတ်တော် ကိုယ်စားလှယ်အား သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ် တာဝန်ပေးရမည်””ဟု ပြင်ဆင်ထားခြင်းဖြစ်ကြောင်း၊ ထိုပြင်ဆင်ချက်အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ကို သက်ဆိုင်ရာ  တိုင်းဒေသကြီး   သို့မဟုတ် ပြည်နယ်လွှတ်တော်က မဲပေးပြီး ရွေးချယ်ရမည်ဖြစ်ကြောင်း၊ ရွေးချယ်ထားသည့် ပုဂ်္ဂိုလ်အမည်စာရင်းကို နိုင်ငံတော် သမ္မတက ၀န်ကြီးချုပ်အဖြစ်  ခန့်အပ်ပေးရမည်ဟု ပြင်ဆင်ထားခြင်းဖြစ်ကြောင်း၊ ယခုလို ရွေးချယ်ခြင်းသည် Bottom-up စနစ်ဖြစ်၍ ပြည်သူလူထု၏ လိုလားချက်နှင့် နီးစပ်ကြောင်း၊ ၀န်ကြီးချုပ် အနေဖြင့်     တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်နှင့် ပြည်သူများ၏ အကျိုးကို ကြည့်မှာဖြစ်သည့်အတွက် ပြည်သူများ ပိုမိုလိုလား နှစ်သက်ကြမှာဖြစ်ကြောင်း၊ ထို့ကြောင့် ပြင်ဆင်ချက်ကို အလေးအနက် ထောက်ခံကြောင်း။
ပုဒ်မ ၂၆၁ ပုဒ်မခွဲ (ဃ)အား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ဆန္ဒမဲဖြင့် ရွေးချယ်ထားသော ပုဂ်္ဂိုလ်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်၏ အရည်အချင်းများနှင့် ပြည့်စုံမှုမရှိကြောင်း ခိုင်လုံသည့် အချက်ပေါ်ပေါက်ပါက နိုင်ငံတော်သမ္မတသည်   တိုင်းဒေသကြီး သို့မဟုတ်   ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်ရန်  ငြင်းပယ်ခွင့် ရှိစေရမည်ဟု ပြင်ဆင်ရန် တင်ပြထားခြင်း တွေ့ရကြောင်း၊   ယခုလိုပြင်ဆင်ခြင်းသည် တိုင်းရင်းသား အများစုအနေနှင့် မိမိဒေသ အကျိုး မိမိဖော်ဆောင်နိုင်ရန်အတွက် ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို ကျင့်သုံးခွင့်ရရန် လိုလားတောင့်တလျက် ရှိခြင်းကြောင့် ဗဟိုချုပ်ကိုင်မှု လျော့ပါးစေမှုကို ဖြစ်ပေါ်စေပြီး  တိုင်းရင်းသားများ၏ လိုလားချက်ကို ဖြည့်ဆည်းပေးရာ ရောက်မည်ဟု ယုံကြည်မိကြောင်း၊ ထို့ကြောင့် ပုဒ်မခွဲ(ဃ)၏ ပြင်ဆင်ချက်ကို ထောက်ခံကြောင်း။
၎င်းင်းပုဒ်မ ၂၆၁ ပုဒ်မခွဲ(င)အား ““တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ လွှတ်တော်သည် နိုင်ငံတော်သမ္မတ၏ သဘောတူညီချက် မရရှိသည့် ပုဂ်္ဂိုလ်အစား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် အမည်စာရင်း အသစ်ကို  နိုင်ငံတော်သမ္မတထံ ထပ်မံတင်သွင်းခွင့်ရှိသည် ””ဟု ပြင်ဆင်ရန် တင်ပြထားခြင်း ဖြစ်ကြောင်း၊ ပြင်ဆင်ချက်၏ အနှစ်သာရမှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်က   ၀န်ကြီးချုပ်ကို ရွေးချယ်ခန့်အပ်ခြင်းက စတင်ကြောင်း၊ ၎င်းနောက် ၀န်ကြီးချုပ်၏ အမည်စာရင်းကို နိုင်ငံတော် သမ္မတထံသို့ တင်ပြရကြောင်း၊ နိုင်ငံတော် သမ္မတအနေဖြင့်  ၎င်းဝန်ကြီးချုပ်သည် သတ်မှတ် အရည်အချင်းများနှင့် မပြည့်စုံဟု ငြင်းပယ်ခဲ့ပါက သက်ဆိုင်ရာ လွှတ်တော်က နောက်တစ်ဦး ထပ်မံရွေးချယ်ပြီး အမည်စာရင်းသစ်ကို နိုင်ငံတော်သမ္မတထံ ထပ်မံတင်ပြနိုင်ရန် ပြဋ္ဌာန်းချက်ဖြစ်ကြောင်း၊ Bottom - up စနစ်ကို ကျင့်သုံးထားတာ တွေ့ရှိရမှာ ဖြစ်ကြောင်း၊  ယခုပြင်ဆင်ချက်သည် ဖက်ဒရယ်၏ သဘောသဘာဝကို ပုံဖော်ပေးနေခြင်း ဖြစ်ကြောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များကို ကျယ်ကျယ်ပြန့်ပြန့် အာဏာ ခွဲဝေပေးခြင်းဖြစ်ပြီး ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်း ( decentralization )ပြုလုပ်ခြင်း ဖြစ်ကြောင်း၊  တိုင်းရင်းသား ပြည်သူများ၏ လိုလားချက်အခြေခံ အကျဆုံးဖြစ်သည့် အာဏာခွဲဝေမှုကို ဖော်ဆောင်ပေးခြင်း ဖြစ်ကြောင်း ပေါ်လွင်ထင်ရှားကြောင်း၊ ထို့ကြောင့် ပုဒ်မခွဲ(င)၏ ပြင်ဆင်ချက်ကို ထောက်ခံကြောင်း ဆွေးနွေးသည်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး ထွန်းသန်းအုန်းက   ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ဒုတိယအကြိမ် ပြင်ဆင်သည့်  ဥပဒေမူကြမ်းတွင် တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ်အောင်စန်းချစ် အပါအ၀င် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၄၄ ဦးက ရှေ့နောက်ဆီလျော်မှု ရှိအောင် ပြင်ဆင်ရန် တင်ပြထားသည့် ပုဒ်မ ၂၆၂ ပြင်ဆင်မှုကို ထောက်ခံဆွေးနွေးသွားမည်ဖြစ်ကြောင်း။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၂ ပြင်ဆင်မှုများအပေါ် အစီရင်ခံစာ စတင်ကတည်းက ကိုယ်စားလှယ်များသည် ပြင်သင့်ပြင်ထိုက်သည့် အကြောင်းနှင့် လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်ရန်တို့ကို အကျယ်တ၀င့် ရှင်းလင်းပြီးဖြစ်၍ ခြုံငုံဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ ပုဒ်မ ၂၆၂ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ်(၃)ကို ဆွေးနွေးမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံက Confederation စနစ်ကျင့်သုံးသည့် နိုင်ငံမဟုတ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင် နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်မှု၊   အစိုးရအဖွဲ့ဖွဲ့စည်းမှု၊ အုပ်ချုပ်မှု အခွင့်အာဏာတို့ကို ကဏ္ဍအလိုက် တိတိကျကျပြဋ္ဌာန်းထားကြောင်း၊ ပုဒ်မ ၂၆၂ ပါ ပြဋ္ဌာန်းချက်များမှာ ““ပုဒ်မ ၂၄၇၊ ပုဒ်မ ၂၄၈””တိုင်းဒေသကြီး/ ပြည်နယ်အစိုးရဖွဲ့စည်းမှု၊ ““ပုဒ်မ ၂၄၉ မှ ပုဒ်မ ၂၅၃ ထိ””အုပ်ချုပ်မှု အခွင့်အာဏာတို့နှင့် ဆက်စပ်ပြဋ္ဌာန်းထားပြီး ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်လည်း တိုင်း၊ ပြည်နယ်ကောင်စီ ဖွဲ့စည်းမှု၊ အုပ်ချုပ်မှု အခွင့်အာဏာကို ပြဋ္ဌာန်းထားက ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ““ပုဒ်မ ၁၆၀၊ ပုဒ်မ ၁၇၃၊ ပုဒ်မ ၁၈၁၊ ပုဒ်မ ၁၈၉၊ ပုဒ်မ ၁၉၇ ပုဒ်မခွဲ (၂)””တို့ဖြင့် ပြည်နယ် ဥက္ကဋ္ဌများသည် ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ ဖြစ်ကြောင်းနှင့်  အုပ်ချုပ်မှု အခွင့်အာဏာတို့ကို ပြဋ္ဌာန်းထားရှိသည်ကို  လေ့လာတွေ့ရှိရကြောင်း။
ထို့ကြောင့် ပြင်ဆင်မှုသည် တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်ကို ကန့်သတ်ချက် အနည်းဆုံးနှင့် လုပ်ပိုင်ခွင့် အပြည့်အ၀ပေးထားသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတထံ တင်ပြရန်ဆိုသည့် စကားရပ်ကို ဖြည့်စွက်ထားသည့်အတွက် ပုဒ်မ ၂၇၆ ပုဒ်မခွဲ(င)ပါ    ပြဋ္ဌာန်းချက်နှင့် ကိုက်ညီအောင် ပြင်ဆင်ထားခြင်းဖြစ်၍ ပုဒ်မ ၂၆၂ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ်(၃) ပြင်ဆင်မှုကို အတည်ပြုသင့်ကြောင်း၊ ပုဒ်မ၂၆၂ ပုဒ်မခွဲ(င) ပြင်ဆင်မှုမှာ မူလပြဋ္ဌာန်းချက်ကို နုတ်ပယ်ပြင်ဆင်ခြင်း ဖြစ်ပြီး ပုဒ်မ ၂၇၆ ပုဒ်မခွဲ(ဆ) ပြဋ္ဌာန်းချက်နှင့် ကိုက်ညီအောင် ပြင်ဆင်ခြင်းလည်း ဖြစ်ကြောင်း၊ ထိုသို့နုတ်ပယ် ပြင်ဆင်လိုက်ခြင်းဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပိုမိုခိုင်မာ အားကောင်းလာပြီး ဖွဲ့စည်းပုံ မူဘောင်က ပေးအပ်ထားသည့် ဗဟိုချုပ်ကိုင်မှု လျှော့ချသည့် အခန်းကဏ္ဍကို   တိုးမြှင့်လာမည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား အားလုံး၏ ရည်မှန်းချက်ကို လေ့လာကြည့်မည် ဆိုပါက တန်းတူညီမျှရေး၊ တရားမျှတမှု ရှိရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးတို့ဖြစ်ပြီး ပိုပြီး အတိအကျဆိုရပါက အနာဂတ်မြန်မာနိုင်ငံကို ဒီမိုကရေစီနှင့် Federal စနစ်ကို အခြေခံသည့် ပုံစံဖြင့် ထူထောင်ရေး၊ ဒီမိုကရေစီတည်ငြိမ်မှု တန်ဖိုးဖြစ်သော  လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုတို့ကို အာမခံသည့် စနစ်တစ်ခု တည်ဆောက်ရေးတို့ဖြစ်သည်ကို တွေ့ရှိနိုင်မည်ဖြစ်ကြောင်း၊ ထိုအချက်များကို အာမခံ ပေးနိုင်ရန်အတွက် အကျုံးဝင်နိုင်မည့်  Democracy စနစ်ကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း။
ပုဒ်မ ၂၆၂ ၊ ပုဒ်မခွဲ(စ) တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်ကို လုပ်ပိုင်ခွင့်အာဏာ တိုးမြှင့်ပေးရာ ရောက်စေပြီး ပုဒ်မ၂၄၈ ပုဒ်မခွဲ(ဂ) ပြဋ္ဌာန်းချက်နှင့် ကိုက်ညီကာ ဥပဒေ အရေးအသား ပိုမိုရှင်းလင်းစေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့တွင်   ကိုယ်စားလှယ်များက အုပ်ချုပ်သည့်သူကို တိုက်ရိုက် ရွေးချယ်သည့်စနစ် သွားရန်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်၏ သဘောတူညီချက်ကို ရယူပြီး ၀န်ကြီးများကို ၎င်းတို့၏ ၀န်ကြီးချုပ်က ခန့်အပ်သည့်စနစ်ကို ပြောင်းလဲကျင့်သုံးရန် ဖြစ်ကြောင်းနှင့် အုပ်ချုပ် မှု အခွင့်အာဏာတို့ကို ပြဋ္ဌာန်းထားသည်ကို လေ့လာတွေ့ရှိရကြောင်း၊ ထို့ကြောင့် ပြင်ဆင်မှုသည် တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်ကို ကန့်သတ်ချက် အနည်းဆုံးနဲ့ လုပ်ပိုင်ခွင့် အပြည့်အ၀ ပေးထားသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတထံ တင်ပြရန် ဆိုသည့်စကားရပ်ကို  ဖြည့်စွက်ထားသည့် အတွက် ပုဒ်မ ၂၇၆ ပုဒ်မခွဲ(င) ပါ ပြဋ္ဌာန်းချက်နှင့် ကိုက်ညီအောင် ပြင်ဆင်ခြင်းဖြစ်၍ ပုဒ်မ ၂၆၂  ပုဒ်မခွဲ(က) ပုဒ်မခွဲငယ်(၃) ပြင်ဆင်မှုကို အတည်ပြုသင့်ကြောင်း။
ပုဒ်မ ၂၆၂ ပုဒ်မခွဲ(င) ပြင်ဆင်မှုမှာ မူလပြဋ္ဌာန်းချက်ကို နုတ်ပယ်ပြင်ဆင်ခြင်းဖြစ်ပြီး ပုဒ်မ ၂၇၆ ပုဒ်မခွဲ (ဆ) ပြဋ္ဌာန်းချက်နှင့် ကိုက်ညီအောင် ပြင်ဆင်ခြင်းဖြစ်ကြောင်း၊ ထိုသို့ နုတ်ပယ်ပြင်ဆင်လိုက်ခြင်း အားဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပိုမိုခိုင်မာ အားကောင်းလာပြီး ဖွဲ့စည်းပုံ မူဘောင်က ပေးအပ်ထားသည့်ဗဟိုချုပ်ကိုင်မှု လျှော့ချသော အခန်းကဏ္ဍ တိုးမြှင့်လာမည်ကို တွေ့ရကြောင်း၊ တိုင်းရင်းသား အားလုံး၏ ရည်မှန်းချက်ကို လေ့လာကြည့်မည်ဆိုပါက တန်းတူညီမျှရေး၊ တရားမျှတမှု ရှိရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးတို့ဖြစ်ပြီး ပိုပြီး အတိအကျဆိုပါက အနာဂတ် မြန်မာနိုင်ငံကို   ဒီမိုကရေစီနှင့် Federal စနစ်ကို အခြေခံသည့်ပုံစံဖြင့် ထူထောင်ရေး၊ ဒီမိုကရေစီတည်ငြိမ်မှု  တန်ဖိုးဖြစ်သည့် လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုတို့ကို အာမခံသော စနစ်တစ်ခု တည်ဆောက်ရေးတို့ ဖြစ်သည်ကို တွေ့ရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပုဒ်မ၂၆၂ ပုဒ်မခွဲ(စ) ပြင်ဆင်မှုကို အတည်ပြုသင့်ကြောင်း။
ပုဒ်မ ၂၆၂ ပုဒ်မခွဲ(ည)သည် မမျှော်မှန်းနိုင်သည့် အခြေအနေ တစ်ရပ်ရပ်နှင့် ကြုံတွေ့ရပါက လိုအပ်ရင် အသုံးပြုနိုင်ရန် ပြဋ္ဌာန်းချက်လည်း ဖြစ်ကြောင်း၊ ကနဦး အသုံးပြုမည့် ပုဂ်္ဂိုလ်သည် တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်သာဖြစ်ပြီး ခန့်အပ်တာဝန် ပေးလိုပါက တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်၏ သဘောတူညီချက် ရရှိမှသာ   ခန့်အပ်တာဝန် ပေးအပ်နိုင်မည်ဖြစ်ကြောင်း၊ ၀န်ကြီးချုပ်အနေဖြင့် ခန့်အပ်တာဝန်ပေးလိုမည့် တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်၏ သဘောတူညီချက် မရရှိရင် ခန့်အပ်တာဝန် ပေးအပ်နိုင်မည် မဟုတ်ကြောင်း၊ ပြည်ထောင်စု အစိုးရက ပြည်နယ်အစိုးရ၏ လုပ်ပိုင်ခွင့်ကို ပိုမိုတိုးမြှင့်ပေးခြင်း ဖြစ်ကြောင်း၊ ပုဒ်မ ၂၆၂ ပုဒ်မခွဲ (ဋ) ပြင်ဆင်မှုမှာ ရှေ့နောက်ဆီလျော်မှု ရှိအောင် ပြင်ဆင်ခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်နှင့် ၀န်ကြီးများ ခန့်အပ်တာဝန်ပေးမှုကို    သမ္မတက ရွေးချယ်အတည်ပြု ခန့်အပ်ခြင်းသည် ဒီမိုကရေစီစံနှုန်း၊ နိုင်ငံသားများ၏ တန်းတူညီမျှမှု အခွင့်အရေးနှင့် တရားမျှတပြီး လွတ်လပ်မှု အခွင့်အရေးတို့ကို   အားနည်းစေသည့်အတွက် ဗဟိုချုပ်ကိုင်မှုစနစ် လျော့ပါးသွားရန် လိုကြောင်း၊ ၀န်ကြီးချုပ်များ၏ လုပ်ပိုင်ခွင့်ကို ပိုမိုတိုးမြှင့်အောင် ဆောင်ရွက်ခြင်းလည်းဖြစ်ကြောင်း၊ ထိုပြင်ဆင်မှုသည် ပုဒ်မ၂၆၁၊ ပုဒ်မ ၂၆၂ ပုဒ်မခွဲ(က)၊ ပုဒ်မ ၂၄၈ ပုဒ်မခွဲ(ဂ)၊ ပုဒ်မ ၂၆၂ ပုဒ်မခွဲ(စ) ပြင်ဆင်မှုများနှင့် ကိုက်ညီမည်ဖြစ်သည့်အတွက် ပုဒ်မ ၂၆၂ ပုဒ်မခွဲ(ဋ) ပြင်ဆင်မှုကို အတည်ပြုသင့်ကြောင်း။
ပုဒ်မ ၂၆၂ ပုဒ်မခွဲ (ဌ)၊ ပုဒ်မခွဲငယ်(၂) သည် တိုင်းဒေသကြီး /ပြည်နယ်လွှတ်တော်က အခါအားလျော်စွာ ချမှတ်သည့် အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို အကောင်အထည် ဖော်သည့်အချိန်တွင် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများက အရေးယူ ဆောင်ရွက်ချက်များကို သက်ဆိုင်ရာ လွှတ်တော်ကို ပြန်လည် အစီရင်ခံရမည် တစ်နည်းအားဖြင့် ပြန်လည် တာဝန်ခံရမည်ဖြစ်ကြောင်း၊ ထိုသို့ အပြန်အလှန် တာဝန်ခံရခြင်းသည် အုပ်ချုပ်မှု ကဏ္ဍ၏ အရေးကြီးသော လုပ်ငန်းစဉ်တစ်ရပ်လည်း ဖြစ်ကြောင်း၊ အုပ်ချုပ်ရေး အစီအမံများကို ဥပဒေကြောင်းအရ အပြန်အလှန် တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ထိန်းကျောင်းသွားရန် လိုအပ်သည့်အတွက် ပုဒ်မ ၂၆၂ ပုဒ်မခွဲ (ဌ) ပုဒ်မခွဲငယ်(၂) ပြင်ဆင်မှုကို အတည်ပြုသင့်ကြောင်း၊ ထို့ကြောင့် ပုဒ်မ ၂၆၂ ပြဋ္ဌာန်းချက်မှ အထက်ပါ ဥပဒေကြမ်းပြင်ဆင်ချက် များကို ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုသင့်ကြောင်း ဆွေးနွေးသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ကို ဖေဖော်ဝါရီ ၂၈ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်လင်းဦး၊ ကိုလတ်၊ ဇော်မျိုး(မြ၀တီ)
Read 119 times Last modified on Friday, 28 February 2020 13:19