SJ WorldNews - шаблон joomla Авто

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများ၌ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ဆောင်ရွက် ပေးနေမှုများအား သွားရောက်ကြည့်ရှု၊ ဒေသခံများအား ရင်းရင်းနှီးနှီးတွေ့ဆုံ

Friday, 28 February 2020 21:51 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ နယ်စပ်ရေးရာ ၀န်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာလင်းနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများ၌ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ဆောင်ရွက်ပေး နေမှုများအား သွားရောက်ကြည့်ရှုပြီး ဒေသခံများအား ရင်းရင်းနှီးနှီးတွေ့ဆုံသည်။

 

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ငါ့သရောက်မြို့၊ ကံသာယာကျေးရွာသို့ရောက်ရှိကြရာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြတ်မင်းနှင့် ကျေးရွာသူ၊ ရွာသားများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ကျေးရွာသောက်သုံးရေကန် အနေဖြင့် ရေ၀င်ဆံ့မှု ဂါလန် သိန်း ၆၀ သာရှိပြီး ရေ၀င်ချိန်မှစ၍ ဒီဇင်ဘာလခန့် အထိသာ သုံးစွဲနိုင်သဖြင့် နယ်မြေခံ စစ်အင်ဂျင်နီယာတပ်မှ ယာဉ်၊ ယန္တရားများ အသုံးပြု၍ ရေအနက် ၅ ပေခန့်ထိ ကန်ဆယ်ယူရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျှက်ရှိသည့် အခြေအနေများ အား ကြည့်ရှုရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က ရှင်းလင်းပြသကြသည်။  ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒေသခံရွာသူ၊ ရွာသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးအကြံပြု ပြောကြားသည်။ အဆိုပါ ကံသာယာကျေးရွာရှိ သောက်သုံးရေကန်အား တူးဖော်ပြီးပါက တစ်နှစ်ပတ်လုံးသုံးစွဲနိုင်မည်ဖြစ်ပြီး ရေဂါလန် သိန်း ၉၀ ခန့်ဝင်ဆန့် နိုင်မည်ဖြစ်ကာ ၎င်းင်းရေကန်မှ မော်တာဖြင့် ရေစုပ်တင်၍ ဂါလန် နှစ်သောင်းဆန့် ရေလှောင်ကန် ၂ လုံးနှင့် ဂါလန် ၃၅၀၀ဆန့် ရေစင် ၂ လုံးတို့တွင် သိုလှောင်ပြီး ရေပေးဝေဖြန့်ဖြူး မည်ဖြစ်ကြောင်း သိရှိရသည်။

 ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကန်နီကြီး ကျေးရွာသို့ရောက်ရှိကြရာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဦးသန်းလှိုင်နှင့် ရွာသူ၊ ရွာသားများ က ကြိုဆိုနှုတ်ဆက်ကြပြီးနောက် ကျေးရွာရှိ အဋ္ဌဂံပုံသဏ္ဍန် မြကန်သာ သောက်သုံး ရေကန်သည် နှစ်စဉ်ရေ၀င်ချိန်မှစ၍ အောက်ခြေကြမ်းခင်း ရေယိုစိမ့်မှုကြောင့် ကြာရှည် ရေသုံးစွဲနိုင်ခြင်းမရှိသဖြင့် အောက်ခြေကြမ်းခင်းအား ၆ လက်မထုရှိ ကွန်ကရစ် လောင်းပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအားကြည့်ရှုရာ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူတို့က ရှင်းလင်းပြသကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဒေသခံရွာသူ၊ ရွာသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဒေသ ဖွံ့ဖြိုးရေး ဆိုင်ရာများအား အကြံပြုပြောကြားသည်။ အဆိုပါကြမ်းခင်း ခင်းကျင်းပြီးစီးပါက တစ်နှစ်ပတ်လုံး ရေသိုလှောင်နိုင်မည်ဖြစ်ကာ ကန်နီကြီးကျေးရွာ အပြင် အနီးနားရှိ တဲမ၊ အောင်သာနှင့် ၀က်လူးကျေးရွာများမှလည်း သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရှိ ရသည်။

 

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ငါ့သရောက်မြို့နယ်၊ ဗြူကြီးကျေးရွာ အုပ်စု၊ ပိတောက်တောတဲတိုက်နေရာသို့ ရောက် ရှိကြရာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန (ကျောက်ပန်းတောင်း) နှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများနှင့် ဒေသခံ ပြည်သူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာန (ကျောက်ပန်းတောင်း)မှ တာဝန်ရှိသူများက နယ်စပ်ရေးရာ ခွင့်ပြုရန်ပုံငွေဖြင့်  ငါ့သရောက်-ဂျမ်းလှီး ကျောက်ချောလမ်းဆောင်ရွက်နေမှု အခြေအနေများအား တင်ပြ ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ ဆွေးနွေးပြောကြားပြီး ဒေသခံ ပြည်သူများအား ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို အကြံပြုပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ပနီတွင်းကျေးရွာ၊ အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုတွင် တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများမှ ဆောက်လုပ်ရေးပစ္စည်းများ လှူဒါန်းထားရှိမှုအားလည်း ကောင်း၊ မန်ကျည်းစောက်ရွာ၊ ဇိနရတနာမာန်အောင် ဆုတောင်းပြည့်စေတီတော်ဝန်း အတွင်း၌ ဒေသခံပြည်သူများအားလည်းကောင်း သွားရောက်တွေ့ဆုံရာ တောင်ဇင်း ကျေးရွာအုပ်စု၊ အုပ်စုဥက္ကဋ္ဌ ဦးသိန်းပို၊ ကျေးရွာများမှ ရပ်မိရပ်ဖများနှင့် ရွာသူ၊ ရွာသားများက  ကြိုဆိုကြပြီး ဒေသတွင်းလိုအပ်ချက်များအား တင်ပြ ကြရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ပြန်လည် ဆွေးနွေးအကြံပြု ပြောကြားသည်။       

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကကျေးရွာသူ၊ ရွာသားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများအား ဆွေးနွေးအကြံပြုပြောကြားရာ၌ တပ်မတော်အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသအကျိုးဖြစ်ထွန်းရေးအတွက် ယခုကဲ့သို့ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ဤဒေသရှိ အဓိကစီးပွားရေးမှာ စိုက်ပျိုးရေး နှင့် ထန်းလုပ်ငန်းပင်ဖြစ်ကြောင်း၊ ယခုအခါတွင် ထန်းတက်လုပ်ငန်းကို လုပ်ကိုင်မည့်သူ နည်းပါးလာခြင်းနှင့် ငွေကြေးအခက်အခဲများကြောင့် ထန်းပင်များကို ရောင်းချလျက်ရှိပြီး ထန်းလုပ်ငန်းလုပ်ကိုင်သူနည်းပါးလာသဖြင့် မိရိုးဖလာ ထန်းလုပ်ငန်းကို ဆက်လက် ထိန်းသိမ်းကြစေလိုကြောင်း၊ ရှေးယခင်က ထန်းပင်များနှင့်ရင်းနှီးလုပ်ကိုင်၍ အသက် မွေးဝမ်းကျောင်းပြုခဲ့ကြပြီး ရှေးလူများစိုက်ပျိုးခဲ့ကြသည့်အတွက် ယနေ့ခေတ်တွင် အကျိုးပြုနေခြင်းပင်ဖြစ်ကြောင်း၊ ထန်းပင်သည် စတင်စိုက်ပျိုးပြီးနောက် နှစ် ၂၀ ကျော် မှသာလျင် အသုံးပြုနိုင်မည့်အရွယ် ရောက်ရှိမည်ဖြစ်ရာ နောင်လာနောက်သား မျိုး ဆက်သစ်များအတွက် ထန်းပင်များကို စဉ်ဆက်မပြတ်တိုးချဲ့စိုက်ပျိုးရမည်ဖြစ်ကြောင်း၊ ထန်းပင်မှထွက်ရှိသည့် ဒေသထုတ်ကုန်များကိုလည်း ကုန်ချောများဖြစ်သည်အထိ အရည်အသွေးပြည့်မီအောင် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းအပြင် နို့စားနွား၊ အသားတိုးနွား၊ ဆိတ်စသည့် ဒေသနှင့်ကိုက်ညီသော မွေးမြူရေးလုပ်ငန်း များကိုလည်း နည်းစနစ် ကျနစွာဖြင့် ရပ်မိရပ်ဖများကဦးဆောင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ဒေသ ထုတ်ကုန်များအား ကုန်ချောအဆင့်ထိထုတ်လုပ်ပြီး အရည်အသွေး ပြည့်မီအောင် ထုပ်ပိုးမှုပုံစံများ ခေတ်မီစွာ ဆောင်ရွက်နိုင်ပါကဒေသတွင်းဝင်ငွေတိုးတက် ကောင်းမွန်ပြီး တစ်ဦးချင်းမှစ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူ ပြုနိုင်မည်ဖြစ်ကြောင်း၊

 

ဒေသဖွံ့ဖြိုးတိုးတက်ရန်အတွက် ဒေသတွင်းပညာတတ်များ ပေါများစေရန် အတွက်  ပညာရည်မြင့်မားရေးကို အားလုံးဝိုင်းဝန်းဆောင်ရွက်ရန်လိုကြောင်း၊ ထို့ကြောင့် မိမိဒေသကို ပြန်လည်အကျိုးပြုနိုင်မည့် ပညာတတ်များ ပေါ်ထွက်လာရေး ပညာရေးကို အားပေးရမည်ဖြစ်ကြောင်း၊ အတန်းပညာများတတ်မြောက်ပါက အသိပညာများပါ တိုးတက်လာမည်ဖြစ်သည့်အတွက် မိမိဒေသ၏ အဓိကစီးပွားရေးနှင့် ကိုက်ညီသည့် စိုက် ပျိုးမွေးမြူရေးဆိုင်ရာသိပ္ပံ၊ ကောလိပ်၊ တက္ကသိုလ်တို့ကို ဦးစားပေးတက်ရောက်စေပြီး မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည် အကျိုးပြုနိုင်ရမည်ဖြစ်ကြောင်း၊

 

 

 ဒေသတွင်းစိမ်းလန်းစိုပြေရေးအတွက် မိမိတို့ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများ အလိုက် သစ်ပင်စိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင် အလေးထား ဆောင်ရွက်ကြစေလိုကြောင်း၊ ကျေးရွာအလိုက် အစုအဖွဲ့စနစ်ဖြင့် ဒေသနှင့် ကိုက်ညီ သော ထန်း၊ မန်ကျည်း၊ တမာ၊ သျှားနှင့် အခြားသစ်ပင်များ စိုက်ပျိုးခြင်း၊ ကျေးရွာ အလိုက် ထင်းစိုက်ခင်းများ စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိရေးနှင့် ဒေသစိမ်း လန်းစိုပြေရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ကာ မိမိတို့၏ မျိုးဆက်သစ်များကို အမွေကောင်း၊ အစဉ်အလာကောင်းများကို လက်ဆင့်ကမ်းပေး၍ ထိန်းသိမ်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ထို့အတူ လမ်းပန်းဆက်သွယ်မှု လွယ်ကူကောင်းမွန်စေရေးအတွက် လမ်းများကိုကောင်းမွန်အောင် ဆောင်ရွက် ပေးလျက်ရှိသော်လည်း ရေရှည်ကောင်းမွန်ရေးအတွက် ထိန်းသိမ်းရန်မှာ ဒေသခံများ၏ တာဝန်ပင်ဖြစ်ကြောင်း၊ မိမိဒေသအတွင်း ခရီးသွားဧည့်သည်ဝင်ရောက်မှုများပြားပါက ဒေသတိုးတက်ရေးကို ဖြစ်ပေါ်စေနိုင် သောကြောင့် ရှုချင်စဖွယ်မြင်ကွင်း များဖြစ်စေရေး လမ်းဘေးဝဲယာတွင် သစ်ပင်များကို ရေရှည်မျှော်တွေး စိုက်ပျိုးရမည်ဖြစ်သကဲ့သို့ လမ်းများပျက်စီးမှုမရှိစေရေး ရေစီးရေလာ ကောင်းမွန်အောင် ၀ိုင်းဝန်း ထိန်းသိမ်း ကြရမည်ဖြစ်ကြောင်း။

 

 

သက်ရှည်ကျန်းမာသည့်ဘ၀ရရှိရန် လူတိုင်းလိုလားကြသည်ဖြစ်၍ မိမိတို့၏ ကျန်းမာရေးကို တစ်ဦးချင်းဂရုစိုက်ရန်လိုကြောင်း၊ ကျန်းမာရေး ကောင်းမွန်မှသာ ပညာ သင်ကြားနိုင်မည်၊ အလုပ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ အလုပ်လုပ်နိုင်မှသာ မိမိတို့ဘ၀ တိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဒေသတွင်း ကွမ်းစားသုံးမှု များပြား လျက်ရှိပြီး ကွမ်း၊ဆေးလိပ်သုံးစွဲမှုများကြောင့် ကုန်ကျစရိတ်သည် မည်သူ့ကိုမျှ အကျိုးမပြုဘဲ အလဟသဖြစ်စေသည်သာမက မိမိ၏ရောဂါကိုမိမိကိုယ်တိုင် ငွေဖြင့် ၀ယ်ယူ နေခြင်းပင်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် တစ်ရက်လျှင် ကွမ်း ၅၀၀ ကျပ်ဖိုးခန့် စားသုံးသည် ဆိုပါက မိမိနှင့် မိမိ မိသားစုအတွက် အာဟာရဖြစ်စေသည့် ကြက်ဥ ၂လုံး၊ ၃လုံးခန့်ကို ပစ်ခွဲနေသလိုဖြစ်၍ စဉ်းစားဆင်ခြင်ကြစေလိုကြောင်း၊ နေ့စဉ်ကွမ်း၊ ဆေးလိပ် သုံးစွဲရာတွင် ကုန်ကျမည့်ငွေကြေးများကို မိမိနှင့် မိမိမိသားစုအတွက် အာဟာရ ဖြစ်စေနိုင်သည့် ကြက်ဥ၊ အသား စသည်တို့ကိုဝယ်ယူစားသုံးခြင်းဖြင့် ထွက်ငွေကို ထိန်းသိမ်းနိုင်ပြီး ကျန်းမာရေးကို အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အရက်၊ ဆေးလိပ်၊ ကွမ်းများသုံးစွဲခြင်းကိုတတ်နိုင်သမျှ ရှောင်ကြဉ်ကြရန် နှင့် အစားအသောက်၊ အနေအထိုင်များကို တစ်ဦးချင်းအသိစိတ်ဖြင့် ဆင်ခြင် နေထိုင်ကြရန် ခင်မင်ရင်းနှီးစွာ ဆွေးနွေးအကြံပြုပြောကြားသည်။

ထိုသို့ တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒေသခံပြည်သူများ အတွက် တပ်မတော်စက်ရုံထုတ် စားသောက်ဖွယ်ရာပစ္စည်းများအား ပေးအပ်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး ဒေသထွက် လက်ဆောင်များ အား ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

 

 

 

 

 

Read 110 times Last modified on Friday, 28 February 2020 23:26