SJ WorldNews - шаблон joomla Авто

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို ဗုဒ္ဓဂယာမဟာဗောဓိစေတီတော်မြတ်ကြီးတွင် ထားရှိ အပူဇော်ခံရန် ဉာဏ်တော် ၃၆ လက်မအမြင့်ဆောင်သည့် ကြေးသွန်းဗုဒ္ဓရုပ်ပွားတော်မြတ်အား ပေးအပ်လှူဒါန်းပြီး သတ္တသတ္တာဟ (၇)ဌာနအား လှည့်လည်ဖူးမြော် ကြည်ညို

Saturday, 29 February 2020 09:31 font size decrease font size decrease font size increase font size increase font size

အိန္ဒိယသမ္မတနိုင်ငံ၌ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့သည် ယနေ့တွင် အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် ဂါယာမြို့ရှိ ဗုဒ္ဓဂယာမဟာဗောဓိ စေတီတော်တွင် ထားရှိအပူဇော်ခံရန် ဉာဏ်တော် ၃၆ လက်မ အမြင့်ဆောင်သည့် ကြေးသွန်းဗုဒ္ဓရုပ်ပွားတော်မြတ်အား ပေးအပ်လှူဒါန်းပြီး သတ္တသတ္တာဟ (၇)ဌာနအား လှည့်လည်ဖူးမြော် ကြည်ညိုကြသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့ ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့သည် ဒေသစံတော်ချိန် နံနက် ၈ နာရီခွဲတွင် အထူးလေယာဉ်ဖြင့် နယူးဒေလီမြို့မှ ထွက်ခွာကြရာ အိန္ဒိယနိုင်ငံ အစားအသောက်ထုတ်လုပ်ရေး စက်မှုလုပ်ငန်းဆိုင်ရာ ဒုတိယဝန်ကြီး ရှရီ ရာမစ်ရှ်ဝါ တီလီ၊ မြန်မာစစ်သံမှူး ဗိုလ်မှူးချုပ်သိန်းဇော်နှင့်ဇနီး၊ မြန်မာသံရုံးနှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ဒေသစံတော်ချိန် နံနက် ၁ဝ နာရီခွဲတွင် ဂါယာမြို့သို့ ရောက်ရှိကြရာ မြန်မာကောင်စစ်ဝန်ချုပ် ဦးမြင့်စိုးနှင့်ဇနီး၊ ကောင်စစ်ဝန်ချုပ်ရုံးနှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဂါယာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ကိုယ်စားလှယ် အဖွဲ့ဝင်များနှင့်အတူ မော်တော်ယာဉ်များဖြင့် ခေတ္တတည်းခိုမည့် Mahabodhi      ဟိုတယ်သို့ ရောက်ရှိကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့သည် အဖွဲ့ဝင်များနှင့်အတူ မဟာဗောဓိစေတီတော်သို့ သွားရောက်၍ မဟာဗောဓိရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးနှင့်   ရွှေကြာသင်္ကန်းတော်တို့ကို ဆက်ကပ်လှူဒါန်းပြီး အလှူငွေများ ပေးအပ်လှူဒါန်းသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့သည် အဖွဲ့ဝင်များနှင့်အတူ ဂါယာမြို့ မဟာဗောဓိစေတီတော် အနီးရှိ ဗုဒ္ဓဂယာမဟာဗောဓိပင်နှင့် ရွှေပလ္လင်တော်၌ထားရှိ အပူဇော်ခံရန် ဉာဏ်တော် ၃၆ လက်မအမြင့်ဆောင်သည့် ကြေးသွန်းဗုဒ္ဓရုပ်ပွားတော်မြတ် ပေးအပ်လှူဒါန်းပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်ကြည်ညိုကြသည်။

ကြေးသွန်းဗုဒ္ဓရုပ်ပွားတော်မြတ် ပေးအပ်လှူဒါန်းပူဇော်ပွဲ အခမ်းအနားသို့ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ ပရဒေသီ သံဃနာယကအဖွဲ့ဥက္ကဋ္ဌ   အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဗုဒ္ဓဂယာမြန်မာကျောင်းဆရာတော်  ဘဒ္ဒန္တဉာဏိန္ဒ အမှူးပြုသော ဆရာတော်၊ သံဃာတော်များကြွရောက် ချီးမြှင့်တော်မူကြပြီး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမိုးကျော်အောင် နှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာဆော်ရက်(ဘ်)ကူမား၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးမြင့်စိုးနှင့်ဇနီး၊ ကောင်စစ်ဝန်ချုပ်ရုံးနှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။

အခမ်းအနားတွင်  နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့က ဗုဒ္ဓဂယာ မဟာဗောဓိစေတီတော်မြတ်ကြီးတွင် ထားရှိ အပူဇော်ခံရန် ဉာဏ်တော် ၃၆ လက်မအမြင့်ဆောင်သည့် ကြေးသွန်းဗုဒ္ဓရုပ်ပွားတော်မြတ်ကို ပေးအပ်လှူဒါန်းရာ B.T.M.C ဆရာတော် ဦးစာရိနန္ဒ(အိန္ဒိယ)က လက်ခံရယူသည်။

ထို့နောက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်၊ ပရဒေသီသံဃနာယက အဖွဲ့ဥက္ကဋ္ဌ ဗုဒ္ဓဂယာမြန်မာ ကျောင်းဆရာတော် အမှူးပြုသော ဆရာတော်၊ သံဃာတော်များက ကြေးသွန်းဗုဒ္ဓရုပ်ပွားတော်မြတ်ကို ကျမ်းဂန်တော်လာ ထုံးတမ်းစဉ်လာ များနှင့်အညီ ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းတော်မူကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဗုဒ္ဓဂယာမြန်မာကျောင်းတိုက်အုပ် ဆရာတော်  မဟာသဒ္ဓမ္မဇောတိကဓဇ  ဘဒ္ဒန္တ တေဇိန္ဒထံမှ အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

အခမ်းအနား အပြီးတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် မဟာဗောဓိပင်အား ရွှေဆိုင်းများဆက်ကပ်လှူဒါန်းပြီး အဖွဲ့ဝင်များနှင့်အတူ   မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။

ထို့နောက်  နိုင်ငံတော်သမ္မတသည် မဟာဗောဓိစေတီတော် အထက်ပစ္စယာရှိ ဘူမိဖဿဗုဒ္ဓရုပ်ပွားတော်မြတ်အား  ပန်း၊ ရေချမ်းနှင့်ရွှေကြာသင်္ကန်းတို့ကို ဆက်ကပ် လှူဒါန်းပြီး သတ္တသတ္တာဟ(၇)ဌာနကို လှည့်လည်ဖူးမြော် ကြည်ညိုကာ   ဆဋ္ဌမသတ္တာဟဖြစ်သည့် မုဉ္စလိန္ဒာရေကန်၌ ငါးစာကျွေးပြီး ဒါနပြုသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် အဖွဲ့ဝင်များနှင့်အတူ ဗုဒ္ဓဓာတ်ပုံပြခန်းကို သွားရောက်ကြည့်ရှု လေ့လာပြီး Meditation Park ၌ ငြိမ်းချမ်းရေး ခေါင်းလောင်းထိုးကြသည်။

ထို့နောက် ဗုဒ္ဓဂယာရှိ ဧည့်ခန်းမဆောင်သို့ ရောက်ရှိရာ    ဗုဒ္ဓဂယာစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဗုဒ္ဓဂယာနှင့် သတ္တသတ္တာဟ(၇)ဌာန၏ နောက်ခံသမိုင်းအကျဉ်းနှင့် အဆိုပါ နေရာများအား ထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို  ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် သတ္တသတ္တာဟ(၇)ဌာန ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ် ရေးထိုးကြပြီး အဖွဲ့ဝင်များနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

Read 70 times Last modified on Saturday, 29 February 2020 09:32