SJ WorldNews - шаблон joomla Авто

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အိန္ဒိယသမ္မတနိုင်ငံသမ္မတ ရှရီရမ်နက်သ် ကိုဗင့်ဒ်နှင့် တွေ့ဆုံဆွေးနွေးပြီး အိန္ဒိယသမ္မတက တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်

Saturday, 29 February 2020 09:32 font size decrease font size decrease font size increase font size increase font size

အိန္ဒိယသမ္မတနိုင်ငံ နယူးဒေလီမြို့၌ရောက်ရှိနေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့သည် ဖေဖော်ဝါရီ ၂၇ ရက် ညပိုင်းတွင် အိန္ဒိယသမ္မတနိုင်ငံသမ္မတ ရှရီရမ်နက်သ် ကိုဗင့်ဒ်နှင့် တွေ့ဆုံဆွေးနွေးပြီး အိန္ဒိယသမ္မတက တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ကြသည်။

နိုင်ငံတော်သမ္မတ  ဦးဝင်းမြင့်သည် အဖွဲ့ဝင်များနှင့်အတူ ဖေဖော်ဝါရီ ၂၇ ရက် ညပိုင်းတွင် အိန္ဒိယသမ္မတနိုင်ငံ သမ္မတအိမ်တော်သို့ ရောက်ရှိရာ အိန္ဒိယသမ္မတနိုင်ငံသမ္မတ ရှရီရမ်နက်သ်ကိုဗင့်ဒ်က ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်သည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် အိန္ဒိယသမ္မတနိုင်ငံသမ္မတရှရီ ရမ်နက်သ်ကိုဗင့်ဒ်တို့သည် သမ္မတအိမ်တော် North Drawing Room ၌ တွေ့ဆုံ ဆွေးနွေးကြသည်။

တွေ့ဆုံစဉ် ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာရေး၊ စွမ်းအင်၊ ပေါင်းစည်းဆက်နွှယ်ရေး၊  ခရီးသွားလုပ်ငန်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး နယ်ပယ်များ အပါအဝင် နှစ်နိုင်ငံအကျိုးတူ ကိစ္စရပ်များ ဆက်လက်အကောင်အထည် ဖော်ဆောင်ရေးနှင့် နိုင်ငံတကာမျက်နှာစာများတွင် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက် သွားရေးတို့ကို  အလေးပေး ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များတွင်  အိန္ဒိယနိုင်ငံမှ  ဆက်လက် ထောက်ခံအားပေးရေး၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ လူမှု-စီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့်  မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား သဘောတူညီချက်နှင့်အညီ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား စိစစ်၍ ပြန်လည်လက်ခံသွားရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။

တွေ့ဆုံပွဲသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပု၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး   ဒေါ်ချိုချိုတို့သည် အဖွဲ့ဝင်များနှင့်အတူ အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီ ရမ်နက်သ်ကိုဗင့်ဒ်က တည်ခင်း ဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် အိန္ဒိယသမ္မတနိုင်ငံသမ္မတ ရှရီရမ်နက်သ်ကိုဗင့်ဒ်တို့သည် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်လာသည့် နှစ်နိုင်ငံကိုယ်စားလှယ် အဖွဲ့ဝင်များနှင့် အပြန်အလှန် မိတ်ဆက်ပေးကြသည်။

 ယင်းနောက် အိန္ဒိယသမ္မတနိုင်ငံသမ္မတ ရှရီရမ်နက်သ်ကိုဗင့်ဒ်နှင့်  နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့က မိန့်ခွန်း ပြောကြားကြသည်။

အိန္ဒိယသမ္မတနိုင်ငံသမ္မတ  ရှရီရမ်နက်သ်ကိုဗင့်ဒ်က အဆွေတော်သမ္မတကြီး၏ အိန္ဒိယနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်သည့် နိုင်ငံတော်ခရီးစဉ်ကို မိမိအနေဖြင့် ဝမ်းမြောက်စွာကြိုဆိုကြောင်း၊ ယခုခရီးစဉ်သည် လူကြီးမင်းတို့၏ လှပသည့် မြန်မာပြည်သို့ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလတွင် လာရောက်ခဲ့သည့် မိမိ၏နိုင်ငံတော် ခရီးစဉ်အပြီး တစ်နှစ်ကျော်အကြာ ကာလနှင့် မိမိတို့၏ အိန္ဒိယအစိုးရသစ် ပြီးခဲ့သည့် မေလက ကျမ်းသစ္စာကျိန်ဆိုပွဲသို့ လူကြီးမင်း တက်ရောက်ချီးမြှင့်ခဲ့ပြီး  တစ်နှစ်မပြည့်မီတွင်  ဖြစ်ပေါ်လာသည့် ခရီးစဉ်ဖြစ်ကြောင်း။

မိမိတို့ နှစ်နိုင်ငံသည် ရေ၊ မြေ နှစ်ခုစလုံး ဆက်စပ်နေသည့် အိမ်နီးချင်းနိုင်ငံများဖြစ် သည့်အပြင် နှစ်နိုင်ငံ ရှည်လျားသည့် ယဉ်ကျေးမှု ချင်းရင်းနှီးနေသည့် နိုင်ငံများဖြစ်သည့်အတွက်   မကြာခဏ တွေ့ဆုံကြခြင်းမှာ သဘာဝကျကြောင်း။

ဘာသာစကားမှသည် အစားအစာ၊ အဝတ်အစားမှသည် ရိုးရာဓလေ့ စသည်ဖြင့် မိမိတို့နှစ်နိုင်ငံ၏ ညီအစ်မ ယဉ်ကျေးမှုများသည် ကိုယ်ပိုင်ဟန်အတိုင်း ဖွံ့ဖြိုးတိုးတက်ခဲ့ကြရုံသာမက ဆက်လည်း ဆက်စပ်နေကြကြောင်း၊ မြန်မာနိုင်ငံ၏ ဧရာဝတီမြစ်နှင့် အိန္ဒိယနိုင်ငံ ဂါယာကို ဖြတ်သန်းစီးဆင်းသည့် ဖဲလ်ဂူးမြစ်တို့၏ မြင့်မြတ်သည့် ရေများသည် မိမိတို့နှစ်နိုင်ငံ၏ ကိုးကွယ်ယုံကြည်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ စိတ်ကူးစိတ်သန်းများ၏ အစိတ်အပိုင်းများအဖြစ် အစဉ်တည်ရှိလာခဲ့ကြကြောင်း၊ လူကြီးမင်းတို့ကို မိသားစုဝင်များကဲ့သို့  ကြိုဆို ဧည့်ဝတ်ပြုရသည့်အတွက် ဝမ်းမြောက်ဝမ်းသာ ရှိလှကြောင်း။

လူကြီးမင်းတို့ကို ယခုလို တွေ့ဆုံခွင့်ရခိုက် လူကြီးမင်းတို့နိုင်ငံ၏  ဒီမိုကရေစီနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများကို ပိုမိုတိုးချဲ့ဖွံ့ဖြိုးနိုင်ရေးအတွက် အိန္ဒိယနိုင်ငံအနေဖြင့် အပြည့်အဝ ဆက်လက်ထောက်ခံကြောင်း ထပ်လောင်း ပြောကြားလိုကြောင်း၊ အောင်မြင်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှတစ်ဆင့် တည်ငြိမ်ညီညွတ်ပြီး ဖွံ့ဖြိုးသော မြန်မာနိုင်ငံ ဖြစ်လာရေးအတွက် အိန္ဒိယနိုင်ငံက ရပ်တည်ပေးလျက်ရှိကြောင်း။      

ငြိမ်းချမ်းရေးသည် ခွဲခြား၍ မရနိုင်သည့်အတွက် လူကြီးမင်းတို့ တိုင်းပြည်၏ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများ ဖြေရှင်းနိုင်မှုသည် နှစ်နိုင်ငံထိစပ်နေသည့် အိန္ဒိယနယ်စပ်တစ်လျှောက် အေးချမ်းတည်ငြိမ်ရေးကိုလည်း ဖြစ်ထွန်း စေနိုင်ကြောင်း၊   ယင်းကိစ္စနှင့်ပတ်သက်ပြီး လူကြီးမင်းတို့ကို မိမိတို့၏ ဒီမိုကရေစီဖက်ဒရယ် မူဝါဒနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအတွေ့အကြုံများကို မျှဝေပြီး အကူအညီပေးရန် ဆန္ဒရှိကြောင်း။

ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး ပိုမိုခိုင်မာစေရန်အတွက် ချမ်းသာကြွယ်ဝမှုကို ခွဲဝေမှုမှတစ်ဆင့် ငြိမ်းချမ်းရေးကို ဖြစ်ထွန်းစေရမည် ဖြစ်ကြောင်း၊ မိမိတို့နှစ်နိုင်ငံအကြား လမ်းပန်းဆက်သွယ်ရေးသည် လမ်းများတည်ဆောက်ခြင်း၊ ရေလမ်းများ အသုံးပြုခြင်း၊ ဆိပ်ကမ်းများ အဆင့်မြှင့်တင်ခြင်း၊ နှစ်နိုင်ငံလေကြောင်းဝန်ဆောင်မှုများ တိုးချဲ့ခြင်းမှတစ်ဆင့် ပိုမိုကျယ်ပြန့်လာနေပြီ ဖြစ်ကြောင်း။

ငြိမ်းချမ်းရေးအတွက် နောက်ထပ်အရေးကြီးသည့်အချက်မှာ အရည်အသွေးပင်ဖြစ် ကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများ အနေဖြင့် အခြေအနေများကို ၄င်းတို့ကိုယ်တိုင် ပြောင်းလဲနိုင်သည့် အင်အားရှိခြင်းကို ပြည်သူများကိုယ်တိုင်  သိနားလည်ခြင်းအတွက် အလေးထားသည်ဟု ပြောခဲ့ဖူးကြောင်း၊ ယင်းယုံကြည်ချက်အရ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံရှိ ပြည်သူများ၏ အရည်အသွေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရန် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်နေကြောင်း။

မြန်မာများ၏ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ ဆိုသည့် စကားပုံကို ကိုးကားပြီး ပြောလိုကြောင်း၊ ယင်းစကားပုံအရ မိမိတို့၏ အကျိုးစီးပွားများသည် တစ်ခုကိုတစ်ခု အမှီသဟဲပြု နေကြကြောင်း၊  အဆိုပါ ပညာရှိစကားပုံသည် နှစ်နိုင်ငံအနေဖြင့်  အပြန်အလှန် အကျိုးစီးပွားဖက်များအဖြစ် တည်ရှိနေကြသည်ကို ထင်ဟပ်စေကြောင်း။

လူကြီးမင်းတို့၏ ဗုဒ္ဓဂယာနှင့် မဟာဗောဓိညောင်ပင် ဘုရားဖူးခရီးစဉ်သည် မိမိတို့ နှစ်နိုင်ငံ၏ ရာစုနှစ်ပေါင်းများစွာ ကြာမြင့်သည့် ဆက်ဆံရေးကို ကောင်းချီးပေးပါစေ။ သမ္မတကြီး ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုနှင့် အဖွဲ့ဝင်များ အားလုံး သက်ရှည်ကျန်းမာကြပါစေ။ မြန်မာပြည်သူများအားလုံး ဖွံ့ဖြိုးတိုးတက်ပြီး ကြွယ်ဝချမ်းသာကြပါစေ။ အိန္ဒိယနှင့် မြန်မာနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ထာဝရ အဓွန့်ရှည်တည်တံ့ပါစေဟု ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မိမိနှင့်တကွ မြန်မာကိုယ်စားလှယ်အဖွဲ့အား အိန္ဒိယနိုင်ငံ၏ မြို့တော်ဖြစ်သည့် သာယာလှပသည့် သမိုင်းဝင် နယူးဒေလီမြို့သို့ စတင်ရောက်ရှိချိန်မှစ၍ နွေးထွေးပျူငှာစွာ ကြိုဆိုဧည့်ခံသည့်အတွက် အဆွေတော်၊ အိန္ဒိယအစိုးရနှင့် ပြည်သူများကို လှိုက်လှဲဝမ်းမြောက်စွာ ကျေးဇူးတင်ရှိကြောင်း မြန်မာကိုယ်စားလှယ် အဖွဲ့၏ကိုယ်စား ပြောကြားလိုကြောင်း။

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ နှစ်နိုင်ငံအကြားတွင် ရာစုနှစ်ပေါင်းများစွာ တည်ရှိခဲ့သည့် တူညီသော ယဉ်ကျေးမှု တန်ဖိုးများနှင့် ပြည်သူများ အချင်းချင်းအကြား ခိုင်မြဲသည့် ဆက်ဆံရေးအပေါ် အခြေခံပြီး အစဉ်အလာအရ ချစ်ကြည်ရင်းနှီးမှုနှင့် နီးကပ်သည့် ဆက်ဆံရေးရှိထားကြောင်း၊ ထို့ပြင် အိန္ဒိယနိုင်ငံ၏ မြင့်မြတ်သည့်အရပ်တွင် စတင်အခြေ တည်ခဲ့သည့် ဗုဒ္ဓသာသနာတော်သည် မိမိတို့ နှစ်နိုင်ငံကို   စိတ်ပိုင်းဆိုင်ရာအရရော ယဉ်ကျေးမှုအရပါ တစ်သားတည်းရှိစေခဲ့ပြီး နှစ်နိုင်ငံပြည်သူများအကြား ထူးခြားသည့် ဆက်ဆံရေး အခြေခံကို  ဖန်တီးပေးခဲ့ကြောင်း၊ မိမိတို့နှစ်နိုင်ငံသည်   လွတ်လပ်ရေး ပြန်လည်ရရှိရန်အတွက် ကာလကြာရှည်စွာ ကြိုးပမ်းခဲ့ကြသည့် သမိုင်းကြောင်း နောက်ခံမှာလည်း တူညီကြကြောင်း။

မိမိတို့နှစ်နိုင်ငံအကြား အထူးကောင်းမွန်သည့် ဆက်ဆံရေးနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက် မြင့်မားသည့် အခြေအနေသို့ ရောက်ရှိနေသည့်  ယခုကဲ့သို့ အရေးကြီးသည့် အချိန်ကာလတွင် အိန္ဒိယနိုင်ငံသို့   ချစ်ကြည်ရေး ခရီးစဉ် လာရောက်ခွင့် ရရှိသည့်အတွက် အထူးပင် ဝမ်းမြောက် ကျေနပ်မိကြောင်း။

မကြာသေးမီနှစ်များအတွင်း နှစ်နိုင်ငံအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့များ မကြာခဏ အပြန်အလှန် သွားလာလည်ပတ်မှုများ ရှိခဲ့ကြောင်း၊ ၂ဝ၁၈ ခုနှစ်တွင် အဆွေတော် အိန္ဒိယသမ္မတကြီး ရှရီရမ်နက်သ်ကိုဗင့်ဒ်နှင့် ၂ဝ၁၇ ခုနှစ် စက်တင်ဘာလတွင် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီတို့ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ချစ်ကြည်ရေး ခရီးစဉ်များသည်   နှစ်နိုင်ငံပြည်သူများ အကျိုးစီးပွားအတွက် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်ကို  ပိုမို ကျယ်ပြန့်လာစေပြီး နှစ်နိုင်ငံဆက်ဆံရေး ကို ပိုမိုနက်ရှိုင်းစေခဲ့ကြောင်း။

ယနေ့တွင် မိမိအနေဖြင့် အဆွေတော်အိန္ဒိယသမ္မတကြီး ရှရီရမ်နက်သ်ကိုဗင့်ဒ်၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့နှင့် သီးခြားစီ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံပြည်သူများ အပြန်အလှန်လည်ပတ်သွားလာမှု၊ ပေါင်းစည်းဆက်နွှယ်မှု၊ ယဉ်ကျေးမှုနှင့် နှစ်နိုင်ငံအကျိုးတူ ကိစ္စရပ်များ အပါအဝင် ကျယ်ပြန့်လှသည့် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ အနှစ်သာရရှိရှိ  ဆွေးနွေးနိုင်ခဲ့သည့်အတွက် မိမိအနေဖြင့်  အထူးပင်ဝမ်းမြောက်မိကြောင်း။

ထို့ပြင် ယနေ့နှစ်နိုင်ငံအကြား နားလည်မှု စာချွန်လွှာများနှင့် သဘောတူစာချုပ်များ လက်မှတ်ရေးထိုးလဲလှယ်ပွဲကို တက်ရောက်နိုင်ခဲ့သည့်အတွက်လည်း ဝမ်းမြောက်မိကြောင်း၊ ယနေ့လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှု စာချွန်လွှာများနှင့် သဘောတူညီမှုများသည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးတက်ကျယ်ပြန့်စေမည် ဖြစ်သည့်အပြင် မိမိတို့နှစ်နိုင်ငံနှင့် ပြည်သူများ၏ ဘုံအကျိုးစီးပွားကို ဖြစ်ထွန်းစေမည်ဟု ယုံကြည်ကြောင်း၊ ပေါင်းစည်းဆက်နွှယ်မှု၊ အခြေခံအဆောက်အဦ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အပါအဝင် နှစ်နိုင်ငံအကျိုးတူ နယ်ပယ်များစွာ အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံအတွက် ပံ့ပိုးပေးလျက်ရှိသည့် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများကို မိမိတို့အထူးပင် တန်ဖိုးထားကြောင်း။

မိမိတို့၏ အတူတကွ အားထုတ်ကြိုးပမ်း ဆောင်ရွက်မှုများ၊ နှစ်နိုင်ငံရှိရင်းစွဲ ချစ်ခင်ရင်းနှီးသည့် ဆက်ဆံရေးနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေသော ပူးပေါင်းဆောင်ရွက်မှုများသည်    လာမည့်နှစ်များတွင် ဆက်လက်ရှင်သန် ထွန်းကား လာစေမည်ဟု မိမိအနေဖြင့် ယုံကြည်ကြောင်း။

အိန္ဒိယနိုင်ငံ၏   ''အရှေ့နှင့်ထိတွေ့ဆက်ဆံရေးမူဝါဒ''နှင့် ''အိမ်နီးချင်းဦးစားပေးမူဝါဒ''များနှင့် မြန်မာနိုင်ငံ၏ ''လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒ''များသည် မိမိတို့၏ အတူတကွ ကြိုးပမ်းအားထုတ်မှုများကို ပိုမိုအားဖြည့်ပေးလျက်ရှိကြောင်း၊  အိန္ဒိယနိုင်ငံနှင့် အာဆီယံ အဖွဲ့အကြား ပေါင်းစည်းဆက်နွှယ်မှု ပိုမိုကောင်းမွန်လာအောင် ကြိုးပမ်းရာတွင် မိမိတို့နိုင်ငံ၏ မဟာဗျူဟာမြောက်သည့် ပထဝီဝင်အနေအထားအရ မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံအတွက် အရှေ့တောင်အာရှကို ဝင်/ထွက်သွားလာနိုင်မည့် ဝင်ပေါက်အဖြစ်   အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း။

မိမိတို့ အကောင်အထည် ဖော်လျက်ရှိသည့်  အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေး လမ်းမကြီး စီမံကိန်းနှင့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးပို့ဆောင်ရေး စီမံကိန်းကဲ့သို့သော   အခြေခံအဆောက်အဦ စီမံကိန်းများ ပြီးစီးခဲ့ပါက ဖွံ့ဖြိုးမှု နောက်ကျလျက်ရှိသည့် မြန်မာနိုင်ငံ၏ အနောက်မြောက်ပိုင်းဒေသနှင့် အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ပိုင်း ဒေသတို့မှ ပြည်သူများအတွက် များစွာ အကျိုးဖြစ်ထွန်းစေမည်ဟု ယုံကြည်ကြောင်း၊ ယခုကဲ့သို့ အရေးကြီးသည့်    အခြေခံအဆောက်အဦဆိုင်ရာ စီမံကိန်းများ  ဆောလျင်စွာ ပြီးစီးအောင် အတူတကွ ဆောင်ရွက်ရန်အတွက်  မိမိတို့နှစ်နိုင်ငံ၏ ကတိကဝတ်များကို ထပ်လောင်းပြီး အတည်ပြုကြရမည် ဖြစ်ကြောင်း။

မိမိတို့နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို နှစ်နိုင်ငံဆက်ဆံရေးကဏ္ဍတွင် သာမက   အာဆီယံ-အိန္ဒိယ မဟာဗျူဟာမြောက်သည့် မိတ်ဖက်ဆက်ဆံရေး မူဘောင်အောက်မှလည်း ပိုမိုမြှင့်တင်နိုင်မည့် အနေအထားနှင့် အလားအလာကောင်းများစွာ ရှိနေသေးသည်ဟု မိမိတို့အနေဖြင့် ယုံကြည်ကြောင်း။

မြန်မာနိုင်ငံသည် သိမ်မွေ့နက်နဲလှသည့် ဒီမိုကရေစီအသွင်ကူးပြောင်းမှု ကာလကို ဖြတ်သန်းလျက်ရှိရာ  စိန်ခေါ်မှုများစွာ ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ တစ်နိုင်ငံ၏ စိန်ခေါ်မှုများကို အခြားတစ်နိုင်ငံက နားလည်ပြီး အပြုသဘောဆောင်သည့် ပံ့ပိုးကူညီမှု များပေးခြင်းသည် နှစ်နိုင်ငံဆက်ဆံရေးပိုမို တိုးတက်ခိုင်မာလာစေရန်အတွက် အရေးကြီးသည့် အချက်တစ်ရပ်ဖြစ်ကြောင်း၊ အခွင့်ကြုံခိုက် ဒေသဆိုင်ရာနှင့် နိုင်ငံတကာမျက်နှာစာတွင် အိန္ဒိယအစိုးရအနေဖြင့် မြန်မာနိုင်ငံအပေါ် တစိုက်မတ်မတ်ဆက်လက် ထောက်ခံပေးလျက်ရှိသည့်အတွက် ကျေးဇူး တင်ရှိကြောင်း၊ အာဆီယံ-အိန္ဒိယ မဟာဗျူဟာကျသည့် မိတ်ဖက်ဆက်ဆံရေး၊ ဘင်းမ်စတက်၊ ဂင်္ဂါ-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးနှင့် ကုလသမဂ္ဂ စသည့်ဒေသဆိုင်ရာနှင့် နိုင်ငံတကာမျက်နှာစာများတွင် အိန္ဒိယနိုင်ငံနှင့် ပိုမိုနီးကပ်စွာ ဆက်လက်ဆောင်ရွက်သွားရန် လိုလားကြောင်း ထပ်လောင်း အတည်ပြုပြောကြားလိုကြောင်း။

မိမိအနေဖြင့် မြန်မာနိုင်ငံ၏ ချစ်ကြည်ရင်းနှီးသည့် အိမ်နီးချင်းအိန္ဒိယနိုင်ငံ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုများကို တွေ့မြင်နေရသည့်အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်မိကြောင်း၊ အိန္ဒိယအစိုးရနှင့် ပြည်သူများ၏ မနားမနေကြိုးပမ်း အားထုတ်မှုများကြောင့် အိန္ဒိယနိုင်ငံ၏ နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းစဉ်များသည် အိန္ဒိယနိုင်ငံကို တိုးတက်မှုများရရှိနေပြီး ကမ္ဘာ့အဆင့်မီ စီးပွားရေးအင်အား တစ်ရပ်အဖြစ် အသွင်ပြောင်းလဲစေနိုင်ခဲ့သည့်အတွက် ဂုဏ်ယူ ဝမ်းမြောက်မိကြောင်း၊ အချိန်တိုအတွင်း အိန္ဒိယနိုင်ငံ၏ လူမှု-စီးပွားရေး အလျင်အမြန်တိုးတက်လာပြီး အိန္ဒိယပြည်သူများ ၏ လူနေမှုအဆင့်အတန်း မြှင့်တင်နိုင်သည့်အတွက် အားရမိကြောင်း၊ အနာဂတ်ကာလတွင်လည်း အိန္ဒိယခေါင်းဆောင်များ၏ ပြောင်မြောက်သည့် ဦးဆောင်မှုများနှင့် အိန္ဒိယပြည်သူများအနေဖြင့် ပိုမိုတိုးတက် သာယာဝပြောမှုများကို ဆက်လက်ရရှိ ခံစားနိုင်မည်ဟု မိမိအနေဖြင့် စစ်မှန်စွာယုံကြည်ကြောင်း။

မြန်မာနိုင်ငံအနေဖြင့် မိမိတို့၏ အရေးကြီးသည့် အိမ်နီးချင်း အိန္ဒိယနိုင်ငံနှင့် ဆက်ဆံရေးကို အစဉ်အမြဲအလေးထား ကြောင်း၊ ဒီမိုကရေစီရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးအပေါ် မိမိတို့၏ ယုံကြည်ကတိပြုမှုကို အခြေတည်လျက် မြန်မာနိုင်ငံနှင့် အိန္ဒိယ နိုင်ငံအကြား ခိုင်မာသည့် ချစ်ခင်ရင်းနှီးသော ဆက်ဆံရေး အစဉ်အလာ ပိုမိုတိုးတက် ခိုင်မြဲလာစေရေးကို  လေးနက်ခိုင်မာစွာ ကတိပြုကြောင်း   ထပ်လောင်း အတည်ပြု ပြောကြားလိုကြောင်း၊      အိန္ဒိယနိုင်ငံနှင့် အားလုံးပါဝင်သော  ဖွံ့ဖြိုးတိုးတက်ရေး မျှော်မှန်းချက်ဖြစ်သည့် ''ဆဘ်ကာ ဆဒ်သ်၊ ဆဘ်ကာ ဗီကပ်စ်၊ ဆပ်ကာ ဗီရွှက်စ် (Sabka Sath, Sabka Vikas, Sabka Vishwass)'' ''(အားလုံးအတူတကွ၊ အလုံးစုံ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အလုံးစုံယုံကြည်မှုနဲ့အတူ)''နှင့်အညီ နှစ်နိုင်ငံနှင့် ပြည်သူများ၏ အပြန်အလှန် အကျိုးကျေးဇူး ဖြစ်ထွန်းရေးအတွက်  ဘုံအကျိုးတူကိစ္စရပ်များတွင် မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံနှင့် ပိုမို နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ကြောင်း။

နိဂုံးမချုပ်မီ အဆွေတော်သမ္မတ ရှရီရမ်နက်သ်ကိုဗင့်ဒ်နှင့်ဇနီး ရှရီမာတီဆာဗီးတာကိုဗင့်ဒ်တို့ ရွှင်လန်းကျန်းမာချမ်းသာ ကြစေရေး အတွက်လည်းကောင်း၊ အိန္ဒိယသမ္မတနိုင်ငံ ဆက်လက်ဖွံ့ဖြိုးတိုးတက် သာယာဝပြောစေရေး အတွက်လည်းကောင်း ဆုမွန်ကောင်းများ တောင်းလိုက်ကြောင်း၊ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး အဓွန့်ရှည်ပါစေ။ အားလုံးကို ကျေးဇူးတင်ပါတယ်ဟု ပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် အိန္ဒိယသမ္မတနိုင်ငံ သမ္မတအိမ်တော် ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးကြသည်။

ယင်းနောက် အိန္ဒိယသမ္မတနိုင်ငံသမ္မတ ရှရီရမ်နက်သ်ကိုဗင့်ဒ်က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ ဓာတ်ပုံမှတ်တမ်း အယ်လ်ဘမ် နှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် အဖွဲ့ဝင်များနှင့်အတူ ခေတ္တတည်းခိုမည့် Taj Palace ဟိုတယ်သို့ ရောက်ရှိကာ ညအိပ်ရပ်နားကြသည်။

Read 76 times Last modified on Saturday, 29 February 2020 09:33