SJ WorldNews - шаблон joomla Авто

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ပြခန်းကို မည်သူမဆို ဝင်ရောက်ကြည့်ရှုနိုင်

Sunday, 20 August 2017 09:28 font size decrease font size decrease font size increase font size increase font size

ရန်ကုန်    သြဂုတ်    ၁၉

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး မော်တော်ပေါ်၌ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ပြခန်းကိုသြဂုတ် ၂ဝ မှစတင်၍ ဖွင့်လှစ်မည်ဖြစ်သည့် အတွက် မည်သူမဆို အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါမော်တော်သည်   တစ်နှစ်လျှင် တစ်ခေါက် မန္တလေးမှဗန်းမော်အထိ ဧရာဝတီလင်းပိုင် စာရင်းကောက်ယူခြင်းလုပ်ငန်းများ၊ တစ်လလျှင်နှစ်ခေါက် ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး အသိပညာပေးလုပ်ငန်းများ၊ ကင်းလှည့်ခြင်း လုပ်ငန်းခရီးစဉ်များကို ဆောင်ရွက်နေသော မော်တော်ဖြစ်သည်။

နေပြည်တော် ငါးလုပ်ငန်း ဦးစီးဌာန ဒုတိယ ဦးစီးမှူး ဦးဟန်ဝင်း(ဧရာဝတီလင်းပိုင် လေ့လာရေးနှင့် ထိန်းသိမ်းရေး တာဝန်ခံ)က ''ဧရာဝတီ လင်းပိုင်နဲ့ပတ်သက်လို့ သိချင်တာတွေ၊ ထိန်းသိမ်းရေးတွေမှာ ဘာတွေ လုပ်လဲသိချင်ရင် ဒီပြခန်းမှာပဲ ပြည့်ပြည့်စုံစုံ လေ့လာလို့ရအောင်ပြခန်းလေးကို ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်။

နောက်တစ်ခုက ပုံမှန်ခရီးစဉ်တွေမှာပဲ ဖြစ်ဖြစ်၊ လေ့လာရေး ခရီးစဉ်တွေမှာပဲဖြစ်ဖြစ် ရပ်တဲ့ ကျေးရွာတွေမှာ ရွာသူရွာသားတွေ၊ ကျောင်းသား၊ ကျောင်းသူတွေနဲ့ နိုင်ငံခြားသား ခရီးသွားတွေရော လာရောက်လေ့လာ မယ်ဆိုရင်  သူတို့မသိသေးတဲ့ အကြောင်းအရာတွေ၊ ပညာပေးလုပ်ငန်းတွေ၊ ကင်းလှည့်ထိန်းသိမ်းရေး လုပ်ငန်းတွေကို လေ့လာနိုင်အောင် ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်''ဟုပြောသည်။

ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးပြခန်းတွင်  ဧရာဝတီလင်းပိုင်တို့၏ သမိုင်းရာဇဝင်များ၊ လင်းပိုင်ထိန်းသိမ်းရေး ပညာပေးပြခန်းများ၊ ကင်းလှည့်ထိန်းသိမ်းရေး လုပ်ငန်းများ၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက် ထိန်းသိမ်းရေး အဖွဲ့(မြန်မာအစီအစဉ်)တို့၏ ပူးပေါင်းဆောင်ရွက်မှုများ စသည်ဖြင့် ဧရာဝတီလင်းပိုင်နှင့် ပတ်သက်၍ လေ့လာနိုင်မည်ဖြစ်ပြီး ဧရာဝတီလင်းပိုင် အရိုးစုနှင့် ဆေးရည်စိမ်ထားသော ဧရာဝတီလင်းပိုင်တို့ကို လေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါခရီးစဉ်များ မရှိချိန်တွင် ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးပြခန်းကို  မန္တလေးမြို့ မရမ်းခြံဆိပ်ကမ်း သို့မဟုတ် မင်းကွန်းဆိပ်ကမ်းတွင် ဆိုက်ကပ် ရပ်နားထားမည်ဖြစ်သည့် အတွက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။          

Read 411 times Last modified on Sunday, 20 August 2017 09:30