SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား ဘက်စုံပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ မိတ်ဖက် ဆက်ဆံရေး တည်ထောင်ခြင်း ပူးတွဲကြေညာချက် ထုတ်ပြန်

Saturday, 26 August 2017 09:42 font size decrease font size decrease font size increase font size increase font size

နေပြည်တော် သြဂုတ် ၂၅

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးထင်ကျော်၏ ဖိတ်ကြားချက်အရ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး H.E. Mr. Nguyen Phu Trong သည် မြန်မာနိုင်ငံသို့ သြဂုတ် ၂၄ ရက်မှ ၂၆ ရက်အထိ တရားဝင် ချစ်ကြည်ရေးခရီး လာရောက်ခဲ့သည်။

ခရီးစဉ်အတွင်း နိုင်ငံတော် သမ္မတ ဦးထင်ကျော်သည် ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး H.E. Mr. Nguyen Phu Trong နှင့် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲကို သြဂုတ် ၂၄ ရက်တွင် နိုင်ငံတော် သမ္မတရုံး၊ ဆွေးနွေးပွဲခန်းမ၌ ကျင်းပခဲ့သည်။ ထို့ပြင် ဗီယက်နမ် ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး H.E. Mr. Nguyen Phu Trong သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စု လွှတ်တော်နာယက မန်းဝင်းခိုင်သန်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး H.E. Mr. Nguyen Phu Trong ၏ ခရီးစဉ်အတွင်း မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား ဘက်စုံပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ မိတ်ဖက်ဆက်ဆံရေး တည်ထောင်ခြင်း ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

အဆိုပါ ပူးတွဲကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်-

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်နှင့်

ဗီယက်နမ် ဆိုရှယ်လစ် သမ္မတ နိုင်ငံတို့အကြား

ဘက်စုံပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ

မိတ်ဖက်ဆက်ဆံရေး တည်ထောင်ခြင်း

ပူးတွဲကြေညာချက်

(နေပြည်တော်၊  ၂ဝ၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်)

၁။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ ဖိတ်ကြားချက်အရ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး H.E. Mr. Nguyen Phu Trong သည် မြန်မာနိုင်ငံသို့ ၂ဝ၁၇ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ တရားဝင် ချစ်ကြည်ရေးခရီး လာရောက်ခဲ့ပါသည်။

၂။ ခရီးစဉ်အတွင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတ ဦးထင်ကျော်သည် အထွေထွေ အတွင်းရေးမှူး H.E. Mr. Nguyen Phu Trong နှင့် ဗီယက်နမ် အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့အား နွေးထွေးလှိုက်လှဲစွာ ကြိုဆိုခဲ့ပါသည်။ ယင်းသို့ နွေးထွေးစွာ ကြိုဆိုခဲ့ခြင်းသည် နှစ်နိုင်ငံနှင့် ပြည်သူနှစ်ရပ်အကြား ရှိရင်းစွဲချစ်ကြည် ရင်းနှီးမှုကို ထင်ဟပ်ပြသလျက် ရှိပါသည်။ မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် အတွင်း အထွေထွေ အတွင်းရေးမှူး H.E. Mr. Nguyen Phu Trong သည် နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် နှစ်နိုင်ငံ တွေ့ဆုံဆွေး နွေးပွဲကျင်းပခဲ့ပြီး နိုင်ငံတော် သမ္မတမှ တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာ စားပွဲသို့ တက်ရောက်ခဲ့ပါသည်။ ထို့ပြင် အထွေထွေ အတွင်းရေးမှူးသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စု လွှတ်တော်နာယက မန်းဝင်းခိုင်သန်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဗီယက်နမ်သံရုံး ဝန်ထမ်းများ၊ ဗီယက်နမ် စီးပွားရေး အသိုက်အဝန်းမှ ပုဂ္ဂိုလ်များနှင့်လည်း တွေ့ဆုံခဲ့ပါသည်။

၃။ တွေ့ဆုံဆွေးနွေးပွဲများ၌ အထွေထွေ အတွင်းရေးမှူး H.E. Mr. Nguyen Phu Trong ၏ မြန်မာနိုင်ငံ ခရီးစဉ်သည် အစဉ်အလာအရ ချစ်ကြည်ရင်းနှီးသည့် နှစ်နိုင်ငံ ဆက်ဆံရေးတွင် သမိုင်းဝင်မှတ်တိုင် တစ်ရပ်ဖြစ်ပြီး မြန်မာ-ဗီယက်နမ် ဆက်ဆံရေးကို အဆင့်သစ်တစ်ရပ်သို့ မြှင့်တင်ပေးလိုက်သော ခရီးစဉ် တစ်ရပ်အဖြစ် နှစ်နိုင်ငံ ခေါင်းဆောင်များက သဘောတူညီ ခဲ့ကြပါသည်။

၎။ မကြာသေးမီ နှစ်များအတွင်း နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများ မြန်ဆန်စွာ ဖွံ့ဖြိုးတိုးတက် လာသည်ကို နှစ်နိုင်ငံခေါင်းဆောင် တို့မှ နှစ်ထောင်းအားရစွာ အသိအမှတ်ပြု ခဲ့ကြပါသည်။ နှစ်နိုင်ငံ၏ ပါတီ အချင်းချင်းအကြား၊ လွှတ်တော်များအကြား၊ အစိုးရ အချင်းချင်း အကြားနှင့် ပြည်သူ အချင်းချင်းအကြား ဆက်ဆံရေး အပါအဝင် ကဏ္ဍစုံ၌ ထိရောက်သည့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင် သွားကြရန် နှစ်ဖက်ထပ်လောင်း အတည်ပြုခဲ့ကြပါသည်။

၅။ နှစ်နိုင်ငံ ဆက်ဆံရေးသည် အထူးကောင်းမွန်နေခြင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာရှိ ဖြစ်ပေါ်တိုးတက်မှု အနေအထားများအရ မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံဆက်ဆံရေးကို ဘက်စုံပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ မိတ်ဖက်ဆက်ဆံရေးသို့  တိုးမြှင့်တည်ထောင် သွားရန် နှစ်နိုင်ငံ ခေါင်းဆောင်များက သဘောတူညီ ခဲ့ကြပါသည်။ ဘက်စုံပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာမိတ်ဖက်ဆက်ဆံရေး ထူထောင်ခြင်း၏ ရည်ရွယ်ချက်မှာ ကုလသမဂ္ဂ ပဋိညာဉ် စာတမ်း၊ အာဆီယံ ပဋိညာဉ်စာတမ်း၊ အရှေ့တောင်အာရှ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်၊ နိုင်ငံတကာမှ အသိအမှတ် ပြုထားသော လုပ်ထုံးလုပ်နည်းများ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့် အညီ နိုင်ငံ တစ်နိုင်ငံ၏ တရားဥပဒေ၊ လွတ်လပ်ရေး၊ အချုပ်အခြာ အာဏာနှင့် နယ်မြေတည်တံ့ ခိုင်မြဲမှုတို့ကို အပြန်အလှန် လေးစားမှုအပေါ် အခြေခံ၍ နှစ်နိုင်ငံအကြား ရှိရင်းစွဲပူးပေါင်း ဆောင်ရွက်မှု ယန္တရားများအား ပိုမိုမြှင့်တင် ခိုင်မာလာစေရန်၊ လက်မှတ် ရေးထိုးပြီးသော သဘောတူညီချက် များကို အကောင်အထည် ဖော်ရန်နှင့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးတို့အတွက် အခွင့်အလမ်း အသစ်များ ရှာဖွေသွားရန် ဖြစ်ပါသည်။

၆။ ဘက်စုံပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ မိတ်ဖက်ဆက်ဆံရေး ထူထောင်ခြင်းသည် နိုင်ငံရေး ဆက်ဆံမှု၊ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ လူမှုရေး၊ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှု၊  ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် အခြားကဏ္ဍများ၊ ဒေသတွင်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု စသည့်မဏ္ဍိုင် (၅)ရပ်တွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်း စေမည်ဖြစ်ပါသည်။ ဘက်စုံပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ မိတ်ဖက် ဆက်ဆံရေးအား အကောင်အထည် ဖော်နိုင်ရေးအတွက် နှစ်နိုင်ငံခေါင်းဆောင် များက အထက်ဖော်ပြပါ ကဏ္ဍ (၅)ရပ်တွင် ဖြစ်နိုင်ခြေရှိသည့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍများကို ရှာဖွေ သတ်မှတ်နိုင်ရန်နှင့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု ယန္တရားများမှ တစ်ဆင့် ပုံမှန်လေ့လာ သုံးသပ်ခြင်းများ ဆောင်ရွက်ရန်အတွက် နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန များအား သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ရန် တာဝန်များ ပေးအပ်ရေးကို သဘောတူညီ ခဲ့ကြပါသည်။

၇။ ဘက်စုံပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ မိတ်ဖက်ဆက်ဆံရေး အပေါ်အခြေခံ၍ ကိုယ်စားလှယ် အဖွဲ့များ အပြန်အလှန် စေလွှတ်ခြင်း၊ အဆင့်အသီးသီးမှ ပုဂ္ဂိုလ်အချင်းချင်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခြင်း၊ မြန်မာ-ဗီယက်နမ် ချစ်ကြည်ရေး အသင်းဖွဲ့စည်း၍ ဗီယက်နမ်-မြန်မာ ချစ်ကြည်ရေး အသင်းနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းမှ တစ်ဆင့် ပြည်သူများ အကြား ဆက်ဆံမှု ခိုင်မာလာစေရန် ဆောင်ရွက်ခြင်း၊ နှစ်နိုင်ငံအကြားရှိ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေး ယန္တရားများမှ တစ်ဆင့် ဟိုချီမင်းမြို့နှင့် ရန်ကုန်မြို့အကြား ဆက်ဆံရေးများ မြှင့်တင်ခြင်းဖြင့် နှစ်နိုင်ငံအကြား နိုင်ငံရေးအရ ဆက်ဆံမှုများကို မြှင့်တင်သွားရန် နှစ်ဖက်လုံးက သဘောတူညီ ခဲ့ကြပါသည်။

၈။ နှစ်နိုင်ငံ အစိုးရများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာလာရန်နှင့် နှစ်နိုင်ငံ စီးပွားရေး၊ ယဉ်ကျေးမှု၊ သိပ္ပံနှင့် နည်းပညာ ကဏ္ဍများတွင် အကျိုးရှိရှိ ပူးပေါင်း ဆောင်ရွက်သွားရန် သဘောတူညီ ခဲ့ကြပါသည်။ ယင်းသဘော တူညီချက်အရ နှစ်နိုင်ငံ ကုန်သွယ်ရေး ပူးတွဲကော်မရှင်နှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင်တို့ အပါအဝင် လက်ရှိပူးပေါင်း ဆောင်ရွက်မှု ယန္တရားများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရန် သဘောတူညီ ခဲ့ကြပါသည်။ နှစ်နိုင်ငံ အစိုးရများအကြား လက်မှတ်ရေးထိုး ထားသည့် စာချုပ်များနှင့် သဘောတူညီချက် များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန်လည်း ထပ်လောင်း အတည်ပြု ခဲ့ကြပါသည်။ နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ ဆက်သွယ် ဆောင်ရွက်မှုများ မြှင့်တင်နိုင်ရန် အတွက် သယ်ယူပို့ဆောင်ရေး ဆိုင်ရာ အခြေခံ အဆောက်အဦများ၊ ကမ္ဘာလှည့် ခရီးသွား ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု များကို ဦးစားပေး ဆောင်ရွက်သွားရန် အပြင် စိုက်ပျိုးရေး၊ သစ်တော၊ ဆက်သွယ်ရေးနှင့် ဘဏ်လုပ်ငန်း စသည့် ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှုများ တိုးချဲ့ရေး တို့ကိုလည်း ဦးစားပေး ဆောင်ရွက် သွားရန် နှစ်ဖက်ကတိပြု ပြောကြားခဲ့ကြပါသည်။ အပြန်အလှန် ရင်းနှီးမြှုပ်နှံမှု များကို တွန်းအား ပေးနိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကောင်းများ ပိုမိုထွန်းကား လာစေရန် စီမံ ဆောင်ရွက်သွားရန် နှစ်ဖက်အသိအမှတ် ပြုခဲ့ကြပါသည်။ နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏကို အမေရိကန်ဒေါ်လာ (၁) ဘီလီယံအထိ ဖြစ်နိုင်သမျှ အစောဆုံး တိုးမြှင့်နိုင်ရန် အတွက် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု တို့ကို တိုးမြှင့်ဆောင်ရွက် သွားရန်လည်း နှစ်ဖက်သဘော တူညီခဲ့ပါသည်။

၉။ အထွေထွေ အတွင်းရေးမှူး H.E. Mr. Nguyen Phu Trong သည် မြန်မာနိုင်ငံရှိ စွမ်းအင်၊ ဆက်သွယ်ရေးနှင့် အခြေခံ အဆောက်အဦ ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဗီယက်နမ် စီးပွားရေး လုပ်ငန်းများကို တွန်းအားပေးသွားမည် ဖြစ်ကြောင်း ကတိပြုပြောကြား ခဲ့ပါသည်။

၁ဝ။ နိုင်ငံတော် သမ္မတ ဦးထင်ကျော်က မြန်မာနိုင်ငံတွင် ဗီယက်နမ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများသည် မြန်မာနိုင်ငံ၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အထောက်အကူ ဖြစ်စေသည်ကို အသိအမှတ်ပြုကြောင်း၊ ဗီယက်နမ် စီးပွားရေး လုပ်ငန်းများအတွက် ကောင်းမွန်သည့် အခြေအနေများ ဖန်တီးပေးမည် ဖြစ်ကြောင်းနှင့် ဗီယက်နမ် စီးပွားရေး လုပ်ငန်းများ၏ အကျိုးစီးပွားအား စောင့်ရှောက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

၁၁။ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်ရန်အတွက် ရန်ကုန်မြို့တွင် ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ဘဏ်ခွဲဖွင့်လှစ် နိုင်ခဲ့ခြင်းကို နှစ်ဖက်မှ ကြိုဆိုခဲ့ပါသည်။ ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ဘဏ်ခွဲအနေဖြင့် မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းများအတွက် တိုက်ရိုက် ဘဏ်ဝန်ဆောင်မှု လုပ်ကိုင်ခွင့်ရရှိရန် တောင်းဆိုခဲ့ခြင်း အပေါ် မြန်မာဘက်မှ မှတ်သားခဲ့ပါသည်။

၁၂။ သတင်းအချက်အလက် ဆက်သွယ်ရေး နည်းပညာနှင့် ဆက်သွယ်ရေး ကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု ပိုမိုတိုးမြှင့်သွားရန် သဘောတူညီ ခဲ့ကြပါသည်။ တယ်လီကွန် အင်တာနေရှင်နယ် မြန်မာ(မိုင်တယ်လ်) ကုမ္ပဏီ လီမိတက်အား fiber optic နှင့် အခြားအခြေခံ အဆောက်အဦများ တည်ဆောက် အသုံးပြု သွားနိုင်ရေးအတွက် မြန်မာနိုင်ငံရှိ တည်ဆဲဥပဒေများ၊ စည်းမျဉ်းစည်းကမ်း များနှင့် လိုင်စင်ပါ အချက်အလက် များနှင့်အညီ ခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာဘက်မှ သဘောတူညီခဲ့ပါသည်။

၁၃။ နှစ်နိုင်ငံ ခေါင်းဆောင်များသည် နှစ်ဖက်အကျိုးရှိမည့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြပြီး၊ သတင်း အချက်အလက်နှင့် အတွေ့အကြုံများ မျှဝေခြင်း၊ ရှိရင်းစွဲ ပူးပေါင်းဆောင်ရွက်ရေး ယန္တရားများကို အကျိုးရှိရှိ အသုံးပြု၍ နှစ်နိုင်ငံအကြား လုံခြုံရေးနှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု များကို မြှင့်တင်သွားကြရန် ကတိကဝတ်များကို ထပ်လောင်း အတည်ပြုခဲ့ ကြပါသည်။ ထို့ပြင် နှစ်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနများ အကြား ကာကွယ်ရေး မူဝါဒ ဆွေးနွေးမှု ယန္တရားနှင့် ပူးတွဲ လုပ်ငန်းအဖွဲ့ ယန္တရားများ ထူထောင်နိုင်ရေး အတွက် ဖြစ်နိုင်ခြေများကို စဉ်းစားဆောင်ရွက်ရန် အတည်ပြု ပြောကြားခဲ့ကြပါသည်။

၁၄။ နှစ်နိုင်ငံအကြား လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲ၏ အကျိုးသက်ရောက်မှု များကို နှစ်ဖက်အသိအမှတ် ပြုခဲ့ကြပြီး၊ နှစ်နိုင်ငံအကြား ရာဇဝတ်မှု တားဆီး ကာကွယ်ရေးနှင့် ပြစ်မှု တရားစီရင်ရေး ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရန် အတွက် တရားဥပဒေ မူဘောင်အား တိုးတက်ခိုင်မာစေရန် ညှိနှိုင်းမှုများ အပါအဝင် လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုခိုင်မာ အောင်ဆောင်ရွက်ကြရန် သဘောတူခဲ့ ကြပါသည်။

၁၅။ နှစ်နိုင်ငံအကြား ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေမှု အထူးသဖြင့် အာဆီယံ၊ ကုလသမဂ္ဂ၊ ဘက်မလိုက် လှုပ်ရှားမှု အဖွဲ့တို့တွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေမှု တို့အပေါ် အားရကျေနပ်မှု ရှိကြောင်း ဖော်ပြခဲ့ကြပြီး၊ အထွေထွေ အတွင်းရေးမှူး H.E. Mr. Nguyen Phu Trong က ဗီယက်နမ်နိုင်ငံမှ ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီ အမြဲတမ်း မဟုတ်သည့် အဖွဲ့ဝင် (၂ဝ၂ဝ-၂ဝ၂၁) သက်တမ်းနေရာအတွက် ဝင်ရောက် အရွေးခံရာတွင် မြန်မာနိုင်ငံမှ ထောက်ခံမှုပေးရန် အဆင်သင့်ရှိနေကြောင်း ထုတ်ဖော်ပြောကြားမှု အပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့ပါသည်။

၁၆။ မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ အပါအဝင် မဲခေါင်မြစ်ဝှမ်း ဒေသရှိ နိုင်ငံများအပေါ် အကျိုးသက်ရောက်မှု ရှိနေသည့် မဲခေါင်မြစ်၏ အရင်းအမြစ်များကို စဉ်ဆက်မပြတ် အသုံးချ စီမံခန့်ခွဲနိုင်ရေးနှင့် အာဆီယံ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ အာဆီယံ အသိုက်အဝန်း ထူထောင်ခြင်းနှင့် ပေါင်းစည်းခြင်း လုပ်ငန်းစဉ်များတွင် နှစ်နိုင်ငံ ဆက်လက်ပူးပေါင်း ဆောင်ရွက်နေမှု တို့အပေါ် နှစ်ဖက်မှ ကြိုဆိုခဲ့ပါသည်။ အထွေထွေ အတွင်းရေးမှူး H.E. Mr. Nguyen Phu Trong က မြန်မာနိုင်ငံသည် မဲခေါင်မြစ် အရင်းအမြစ်များအား ကာကွယ်ရန်နှင့် စဉ်ဆက်မပြတ် အကျိုးရှိစွာ စီမံအသုံးချနိုင်ရန် မဲခေါင်မြစ် ကော်မရှင်တွင် ဆွေးနွေးဖက် နိုင်ငံအဖြစ် ပါဝင်ဆောင်ရွက် နေခြင်းအတွက် ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံ အနေဖြင့် မဲခေါင်မြစ် ကော်မရှင်သို့ ဝင်ရောက်ရေး စဉ်းစားပေးရန် ဗီယက်နမ် နိုင်ငံ၏ အကြံပြုချက်ကို မှတ်သားခဲ့ပါသည်။

၁၇။ ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံမှုနှင့် တည်ငြိမ်မှု မြှင့်တင် ထိန်းသိမ်းနိုင်ရန်၊ ၁၉၈၂ ခုနှစ် ကုလသမဂ္ဂ ပင်လယ်ပြင် ဥပဒေဆိုင်ရာ ကွန်ဗင်းရှင်း အပါအဝင် နိုင်ငံတကာမှ အသိအမှတ် ပြုထားသည့် အပြည်ပြည်ဆိုင်ရာ ဥပဒေ မူများနှင့်အညီ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက် သွားရန်နှင့် ခြိမ်းခြောက်ခြင်းနှင့် အင်အား အသုံးပြုခြင်းတို့ မပြုလုပ်ရန် နှစ်ဖက်မှ ထပ်လောင်း အတည်ပြုခဲ့ကြပါသည်။ တောင်တရုတ် ပင်လယ်အတွင်း နိုင်ငံများ လိုက်နာဆောင်ရွက်ရမည့် ကျင့်ထုံးများဆိုင်ရာ ကြေညာချက်အား အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် တောင်တရုတ် ပင်လယ်အတွင်း နိုင်ငံများ လိုက်နာ ဆောင်ရွက်ရမည့် ကျင့်ထုံးများအား အတည်ပြုပြီး ဖြစ်သည့် မူဘောင်အပေါ် အခြေခံ၍ ဆောလျင်စွာ အပြီးသတ် ရေးဆွဲနိုင်ရေးတို့ အတွက် အားပေးထောက်ခံကြောင်း  နှစ်ဖက် သဘောတူခဲ့ကြပါသည်။

၁၈။ ခရီးစဉ်အတွင်း အထွေထွေ အတွင်းရေးမှူး H.E. Mr. Nguyen Phu Trong က ၎င်းနှင့် ကိုယ်စားလှယ် အဖွဲ့အား နွေးထွေးပျူငှာစွာ ကြိုဆိုဧည့်ခံ ခဲ့မှုများအတွက် နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် မြန်မာပြည်သူ များအား ကျေးဇူးဥပကာရ တင်ရှိပါကြောင်း ပြောကြား ခဲ့ပါသည်။ အထွေထွေ အတွင်းရေးမှူး H.E. Mr. Nguyen Phu Trong က နိုင်ငံတော် သမ္မတ ဦးထင်ကျော်အား နှစ်ဖက်အဆင်ပြေသည့် အချိန်တွင် ဗီယက်နမ် နိုင်ငံသို့ ထပ်မံလာရောက် လည်ပတ်ပါရန် ဖိတ်ကြားခဲ့ပါသည်။ အလားတူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း ဗီယက်နမ်နိုင်ငံသို့ လာရောက်လည်ပတ်ပါရန် ဖိတ်ကြားခဲ့ပါသည်။ ယင်းဖိတ်ကြားချက်များ အတွက် မြန်မာနိုင်ငံ ခေါင်းဆောင်များက လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း ပြန်လည်ပြောကြား ခဲ့ကြပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

၂ဝ၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်။

Read 307 times Last modified on Saturday, 26 August 2017 10:01