ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ လှိုင်သာယာ၊ ရွှေပြည်သာနှင့် မင်္ဂလာဒုံ စက်မှုဇုန် တို့ရှိ စက်ရုံ ၂ဝ ကို ယင်းကော်မတီက ကွင်းဆင်း လေ့လာမှုများ ပြုလုပ်ခဲ့ရာ စက်ရုံများ၏ ထက်ဝက်ကျော်မှာ အလုပ်ရှင်နှင့် အလုပ်သမားကြား အလုပ်အကိုင် ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် (EC) ချုပ်ဆိုထားခြင်း မရှိကြောင်း ယင်းကော်မတီ အတွင်းရေးမှူး ဦးကျော်ဇေယျက ပြောသည်။ စက်ရုံများ၌ EC စာချုပ်များ ချုပ်ဆိုရာတွင် အထည်ချုပ်စက်ရုံ အချင်းချင်း တူသော်လည်း စက်ရုံတစ်ရုံနှင့် တစ်ရုံ မူဝါဒ မတူကြောင်း၊ စက်ရုံတချို့မှ အလုပ်သမား တချို့သည် အစိုးရက သတ်မှတ်ထားသည့် အနည်းဆုံး လုပ်ခလစာ ငွေကျပ် ၃၆ဝဝ ကိုပင် အပြည့်အဝ မရရှိဘဲ ရသင့်ရထိုက်သည့် အခွင့်အရေးများ ဆုံးရှုံးနေကြောင်း သိရသည်။
လွှတ်တော်ရေးရာ ကော်မတီက လေ့လာနေစဉ် ရက်များအတွင်း အလုပ်ရှင်နှင့် အလုပ်သမား များကြား မပြေလည်မှုများကြောင့် လှိုင်သာယာ စက်မှုဇုန်ရှိ စက်ရုံတချို့၌ ဆန္ဒပြနေသော အလုပ်သမားများကို တွေ့မြင်ခဲ့ရပြီး စက်မှုဇုန် တည်နေရာ ခွဲခြားသတ်မှတ်၍ အုပ်ချုပ်ရာတွင် စနစ်မကျသဖြင့် စက်မှုဇုန် တာဝန်ရှိသူများ အနေဖြင့် အခက်အခဲများ ရှိနေကြောင်း သိရသည်။ အလုပ်ရှင်နှင့် အလုပ်သမား ပြဿနာများကို ဖြေရှင်းနိုင်ရေး အလုပ်အကိုင်နှင့် ပတ်သက်သည့် မူဝါဒကို အသစ်ပြန်လည် ရေးဆွဲရန် လိုအပ်ပြီး လွှတ်တော်ရေးရာ ကော်မတီက ကွင်းဆင်းလေ့လာကာ လွှတ်တော်၌ တိတိကျကျ ဆွေးနွေးပါက အလုပ်သမား များအတွက် အကျိုးရှိလာနိုင်ကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမား၊ စိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ် လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးချုပ် ဦးဇာနည်သွေးက ပြောသည်။