SJ WorldNews - шаблон joomla Авто

အသက်မွေးဝမ်းကျောင်းပညာပါ သင်ယူဖို့လိုအပ်လာတဲ့ ဘွဲ ရ့ ပညာတတ်လူငယ်များ

Sunday, 27 August 2017 06:27 font size decrease font size decrease font size increase font size increase font size

နှစ်စဉ် မြန်မာနိုင်ငံမှာ ဘွဲ့ရပညာတတ် လူငယ်များစွာကို မွေးထုတ် ပေးနိုင်တာက နိုင်ငံအတွက် အလွန်တရာ အဖိုးတန်လှတဲ့ လူသားအရင်းအမြစ်တွေ ရရှိ လာတာပဲဖြစ်ပါတယ်။ လူငယ်တစ်ယောက် တက္ကသိုလ် တစ်ခုခုက ဘွဲ့ယူဖို့ နှစ်ပေါင်းများစွာ ပညာသင်ကြား ခဲ့ရပါတယ်။ တစ်ဖက်မှာလည်း သားသမီးတွေ ပညာတတ်ဖြစ်ဖို့အတွက် မိဘတွေက ထောက်ပံ့မှုများစွာ ပေးဆပ်ခဲ့ရပါတယ်။

မိဘတိုင်းက သားသမီး တွေရဲ့ဘဝလမ်း ဖြောင့်ဖြူးရေးအတွက် ပညာတတ်ဖြစ်စေ လိုပြီး သူတို့ရဲ့ နောင်ရေးကို စိတ်အေး စေချင် ကြပါတယ်။ ဒါပေမဲ့ ပညာတတ်ဖြစ်ရင် ငွေကြေးချမ်းသာ ကြွယ်ဝမယ်လို့ အထင်ရောက်နေတာက အဓိက အမှားပါပဲ။

ပညာကိုသင်ယူရမယ့် နည်းတူ အသက်မွေးဝမ်းကျောင်း ပညာရပ်ကိုလည်း တတ်မြောက်မှသာ ဖြစ်မှာပါ။

ဘွဲ့ဝတ်စုံနဲ့ ခံ့ညားလှတဲ့ ဘွဲ့ဓာတ်ပုံကြီးကို အိမ်ရှေ့နံရံမှာ ချိတ်ဆွဲထားပြီး ထိုင်နေရုံနဲ့လည်း မဖြစ်သေးပါဘူး။ စားဝတ်နေရေးအတွက် လုပ်ငန်းခွင် တစ်ခုမှာ အလုပ်ရဖို့ ဘွဲ့တစ်ခုရရုံနဲ့ မလုံလောက်သေးပါဘူး။

လူငယ်တွေက ပညာရေးတစ်ခု တည်းကိုပဲ အဓိက ရှေးရှု မနေသင့်ဘဲ အသက်မွေးဝမ်းကျောင်း ပညာရပ်တွေကို အဓိက ထားဖို့ လိုပါတယ်။ ပညာတတ် တစ်ယောက်နဲ့ အသက်မွေးပညာ တတ်သူတို့က တန်းတူအခြေအနေမှာ ရှိနေပြီး လုပ်ငန်းခွင်အတွက် အသက်မွေးဝမ်းကျောင်း ပညာတတ်ကျွမ်းသူက ပိုမိုသာလွန်နိုင်မှာ ဖြစ်ပါတယ်။

ပညာရေးဆိုတာ အတန်းပညာ တစ်ခုတည်းကို ဆိုလိုခြင်း မဟုတ်ပါဘူး။ လူမှုဘဝ နယ်ပယ်မှာ ပညာရပ်များစွာ ရှိပါတယ်။

ဒီပညာရပ်တွေထဲမှာ ဘယ်ပညာရပ်က မိမိရဲ့ ဘဝအတွက် မှန်ကန်တဲ့ လမ်းပေါ် ရောက်နိုင်မလဲ ဆိုတာ စဉ်းစားသုံးသပ် လုပ်ဆောင်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံက တခြားသော နိုင်ငံများ နည်းတူ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာဖို့ ကဏ္ဍပေါင်းစုံကို ပြောင်းလဲမှုတွေပြုလုပ်ပြီး ဖော်ဆောင်နေတဲ့ ကာလ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် လူသား အရင်းအမြစ်တွေ များစွာ လိုအပ်နေပါတယ်။ နိုင်ငံ တည်ဆောက်ရေးမှာ စီးပွားရေး လုပ်ငန်းတွေလည်း အဓိက ပါဝင်နေပါတယ်။

ဒါ့အပြင် စီးပွားရေးလုပ်ငန်း တွေကလည်း အခြေအနေ ပေးလာချိန်မှာ လုပ်ငန်းတွေ ကောင်းမွန်စွာ လည်ပတ်နိုင်ဖို့ သင့်လျော်တတ်ကျွမ်းတဲ့ ဝန်ထမ်းတွေ ကိုသာ ခန့်အပ် လိုကြပါတယ်။

ပြီးခဲ့တဲ့လက နိုင်ငံပိုင် သတင်းစာ တစ်ခုမှာ ပြည်ပက ပြန်လာတဲ့ မြန်မာ အလုပ်သမား တွေထဲက မော်တော်ယာဉ် ထုတ်လုပ်ရေး အလုပ်ရုံက အလုပ်သမား တွေကို ပြည်တွင်း

မော်တော်ယာဉ် ထုတ်လုပ်ရေး စက်ရုံမှာ ပြန်လည် ခန့်ထားဖို့ ခေါ်တဲ့ အလုပ်ခေါ်စာ ဖတ်လိုက် ရပါတယ်။ မြန်မာနိုင်ငံမှာ ပညာတတ်တွေ များစွာရှိပါလျက် ဘာကြောင့် ပြည်ပက ပြန်လာတဲ့ မြန်မာ အလုပ်သမား တွေကို ခေါ်ယူ လုပ်ကိုင်ကြတာလဲဆိုတာ စဉ်းစားရမှာက အလုပ်ရှင်တွေ အပိုင်းပဲ ဖြစ်ပါတယ်။ အလုပ်ရှင် တွေကလည်း ပြည်တွင်းက ပညာတတ်ဘွဲ့ ရတွေကို ခေါ်ယူ နိုင်ပေမယ့် လုပ်ငန်းရှင်တွေ ဘက်က ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရတာ ဖြစ်တဲ့အပြင် တစ်ဖက်မှာလည်း လုပ်ငန်းလုပ်ဆောင်မှု မပြနိုင်ရင် လုပ်ငန်းလုပ်ဆောင်ခြင်း မရှိတဲ့ နေရာတွေ ပြန်သိမ်းကြလို့ ဖြစ်ပါတယ်။

နောက်တစ်ချက်က ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ပြီ ဆိုရင် ငွေကြေး အများကြီး ရင်းနှီးထားရပြီး လုပ်ငန်း တိုးတက်ရေး အတွက် ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေသာ အဓိက ခန့်ထားမှာ ဖြစ်ပြီး လုပ်ငန်းမကျွမ်းကျင်တဲ့ သူတွေကိုတော့ လုပ်ငန်း လည်ပတ် အားကောင်းတဲ့ အချိန်မှာ ခေါ်ယူလို့ ဖြစ်ပါတယ်။

ယနေ့ခေတ် အလုပ်ခန့်ရာမှာ လုံခြုံရေး အဆင့်မှာတောင် အနိမ့်ဆုံး တက္ကသိုလ် ဝင်တန်းအောင်မှ ခန့်ထားနေပါပြီ။ မြန်မာနိုင်ငံမှာလည်း တခြားနိုင်ငံ တွေနည်းတူ ကျောင်းတွေမှာ အသက်မွေးဝမ်းကျောင်း ပညာရပ်ကို ထိရောက်စွာ သင်ကြား ပေးနိုင်မှုမျိုး မရှိသေး တာကလည်း အားနည်းချက် တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ပညာသင်ယူ နေတဲ့ လူငယ်လူရွယ်တွေက လုပ်ငန်းခွင် ဝင်ရောက်နိုင်မယ့် အခြေအနေတွေကို သုံးသပ်ရမှာ ဖြစ်သလို မိဘများကလည်း သုံးသပ်ဆင်ခြင်ဖို့တော့ လိုပါတယ်။

လူငယ်လူရွယ်တွေကို အဆင့်မြင့်ပညာရပ်တွေ ဆည်းပူး လေ့လာနိုင်အောင် မိဘတွေ ကအားပေးရမှာ ဖြစ်ပြီး တစ်ဖက်မှာလည်း သူတို့ ဝါသနာပါတဲ့ အသက်မွေးဝမ်းကျောင်း

ပညာရပ်တွေကို လေ့လာ ဆည်းပူးခွင့် ပေးရမှာ ဖြစ်ပါတယ်။ ပညာဆိုတာက ဘယ်ပညာ ရပ်မျိုးကိုမဆို တတ်မြောက်ထားလေ အကျိုးရှိလေ ဖြစ်ပါတယ်။ ဘဝတစ်ခုအတွက် ထမင်းစား လက်မှတ်တစ်ခုနဲ့ တူတဲ့ ပညာရပ် တစ်ခုခုကို ရမယ်ဆိုရင် ဒါက လူတစ်ယောက် အတွက် အသက်မွေးဝမ်းကျောင်း ပြုဖို့ အခက်အခဲ တစ်ခုကို ပြေလည်စေမှု ပါပဲ။

အခုချိန်ထိ မြန်မာနိုင်ငံမှာ အတန်းပညာ တတ်တွေ ဖောင်းပွနေတဲ့ ကာလတစ်ခု ဖြစ်ပါတယ်။

အခုချိန်မှာ ရှားပါး နေတာက အသက်မွေးဝမ်းကျောင်း ပညာ တတ်ကျွမ်းသူတွေ ဖြစ်ပြီး အရည်အသွေး ပြည့်ဝတဲ့ အသက်မွေး ဝမ်းကျောင်း ပညာတတ်မြောက်သူတွေက အတန်းပညာတွေကို ထိထိရောက်ရောက် တက်ရောက်သင်ကြားဖူးသူတွေ မဟုတ်ဘဲ အလုပ်အကိုင် အခွင့်အလမ်း တွေမှာ နေရာယူ နေကြပါတယ်။ ဒါ့အပြင် နိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှု နဲ့အတူ မြန်မာနိုင်ငံ အတွင်းကို ပြည်ပစီးပွားရေး လုပ်ငန်းတွေ လာရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရာမှာ ပြည်တွင်း မှာရှိတဲ့ အလုပ်သမားတွေက လုပ်ငန်းနဲ့ အံဝင်ခွင်ကျမယ့် အတတ်ပညာ တတ်ကျွမ်းသူ နည်းပါး နေတာကြောင့် ပြည်ပက တတ်ကျွမ်းတဲ့ သူတွေကို ပြန်လည် ခေါ်ယူ လုပ်ကိုင်နေရတဲ့ အခြေအနေတွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က လည်း ပြည်ပကနေလာ ရောက်ရင်း နှီးမြှုပ်နှံသူ တွေထဲက အလုပ်အကိုင် အခွင့်အလမ်းတွေ အများအပြား ပေးနိုင်တဲ့ လုပ်ငန်းတွေကိုသာ လုပ်ကိုင်ခွင့် ပြုနေတာက အားပေး ထောက်ခံရမယ့် အချက်ဖြစ်ပါတယ်။ ဒီအချက်တွေက ပြည်သူတွေမှာ ဒီအလုပ်အကိုင် အခွင့်အလမ်းတွေကို ရယူ ဆုပ်ကိုင်နိုင်ခြင်း မရှိတာကတော့ အသက်မွေးဝမ်းကျောင်း ပညာသင်ယူနိုင်မှု လိုအပ်ချက်ကြောင့် ဖြစ်ပါတယ်။

ဒါကြောင့် ယနေ့ခေတ် လူငယ်လူရွယ်တွေ အနေနဲ့ အတန်းပညာ တစ်ခုတည်းကို မကြည့်ဘဲ အသက်မွေးဝမ်းကျောင်း ပညာကိုလည်း တတ်မြောက်အောင် သင်ယူမှသာ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိနိုင်မှာ ဖြစ်ကြောင်း တင်ပြလိုက် ရပါတယ်။ ။

စိုးမိုး

Read 446 times Last modified on Sunday, 27 August 2017 06:31