SJ WorldNews - шаблон joomla Авто

Vietjet လေကြောင်းလိုင်းမှ ရန်ကုန်(မြန်မာ)နှင့် ဟနွိုင်း(ဗီယက်နမ်) ပျံသန်းမည့် လေကြောင်း ခရီးစဉ် ကြေညာခြင်း အခမ်းအနား ကျင်းပ

Sunday, 27 August 2017 06:34 font size decrease font size decrease font size increase font size increase font size

ရန်ကုန် သြဂုတ် ၂၆

ဗီယက်နမ်နိုင်ငံ၏ အဓိက လေကြောင်းလိုင်း တစ်ခုဖြစ်သော Vietjet လေကြောင်းလိုင်း သည် မြန်မာနှင့် ဗီယက်နမ် နိုင်ငံတို့မှ ခရီးသွားပြည်သူများ နှစ်နိုင်ငံ ခရီးသွားလာမှု အဆင်ပြေစေရန် ရည်ရွယ်၍ ရန်ကုန်(မြန်မာ)နှင့် ဟနွိုင်း(ဗီယက်နမ်)သို့ ပျံသန်းမည့် လေကြောင်းခရီးစဉ် ကြေညာခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ရှိ Melia ဟိုတယ်၌ ကျင်းပကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့် တာဝန်ရှိသူများ၊ Vietjet လေကြောင်းလိုင်းမှ Vice President Mr.Dinh Viet Phuong အပါအဝင် ယင်းကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး နှစ်နိုင်ငံမှ တာဝန်ရှိသူများက ရန်ကုန်နှင့် ဟနွိုင်း ပြေးဆွဲမည့် လေကြောင်း ခရီးစဉ် ကြေညာခြင်း အခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ရန်ကုန်-ဟနွိုင်း လေကြောင်းခရီးစဉ်ကို Vietjet လေကြောင်းလိုင်းက သြဂုတ် ၃၁ ရက် မှစ၍ နေ့စဉ်ပျံသန်းမည် ဖြစ်ပြီး ပျံသန်းချိန် အနေဖြင့် ၁ နာရီနှင့် ၅၅ မိနစ်ကြာ မြင့်မည် ဖြစ်သည်။

''Vietjet လေကြောင်းလိုင်း အနေနဲ့ ဒီခရီးစဉ်ကို ပျံသန်းပေးတဲ့အခါ စီးနင်း လိုက်ပါမယ့် သူတွေကို သင့်တင့်တဲ့ လက်မှတ်ဈေးနှုန်း တွေနဲ့ ပျံသန်းပေးမှာ ဖြစ်တာကြောင့် နှစ်နိုင်ငံ ခရီးသွား ပြည်သူတွေ အတွက် အဆင်ပြေမှာပါ။ ခေတ်မီလေယာဉ်ကြီးတွေနဲ့ ပျံသန်းပေးမှာ ဖြစ်လို့ စီးနင်းမယ့်သူ တွေကို လုံခြုံရေးပိုင်းဆိုင်ရာ ဝန်ဆောင်မှုတွေ အပြည့်အဝ ပေးအပ်နိုင်မှာပါ'' ဟု Mr.Dinh Viet Phuong က ပြောသည်။

အဆိုပါ ခရီးစဉ်အတွက် နေ့စဉ်ရန်ကုန်မြို့မှ မွန်းလွဲ ၂ နာရီခွဲတွင် ထွက်ခွာမည် ဖြစ်ပြီး ဒေသစံတော်ချိန် ညနေ ၄ နာရီ ၅၅ မိနစ်တွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ ရောက်ရှိမည် ဖြစ်ကာ ဗီယက်နမ်နိုင်ငံမှ အပြန်ခရီးစဉ် အဖြစ် နောက်တစ်ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅ မိနစ်တွင် ဟနွိုင်းမြို့မှ ပြန်လည် ထွက်ခွာပြီး ရန်ကုန်မြို့သို့ မွန်းလွဲ ၁ နာရီခွဲတွင် ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။

သီရိ

Read 395 times Last modified on Sunday, 27 August 2017 06:38