SJ WorldNews - шаблон joomla Авто

နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း (ဆိုက်ခေါင်) ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပ

Thursday, 31 May 2018 08:16 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   မေ   ၃ဝ

နယ်စပ်ရေးရာ ဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့်  တည်ဆောက်ပြီးစီးခဲ့သည့် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း (ဆိုက်ခေါင်) ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါ ကျောင်းဆောင်သစ်၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင်  တာဝန်ရှိသူများက ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် ပအိုဝ်းအမျိုးသား ခေါင်းဆောင် ဦးအောင်ခမ်းထီတို့က သင်တန်းကျောင်းဆောင်သစ် ကမ္ပည်းမော်ကွန်းအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ်၊ ပအိုဝ်းအမျိုးသား ခေါင်းဆောင် ဦးအောင်ခမ်းထီနှင့် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ  ဦးခွန်စံလွင် တို့က ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ကျောင်းဆောင်သစ်အတွင်း၌ အမှတ်တရ သစ်ပင်များ စိုက်ပျိုးပေးပြီး  ကျောင်းဝင်းအတွင်းရှိ သင်တန်းခန်းမများ၊ အိပ်ဆောင်များ၊ စားရိပ်သာများအား လှည့်လည်ကြည့်ရှု စစ်ဆေးကာ ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံမှာကြားသည်။

ယခုဖွင့်လှစ်ပေးခဲ့သည့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း (ဆိုက်ခေါင်)၌  ကျောင်းသား ၈ဝ၊ ကျောင်းသူ ၈ဝ စုစုပေါင်း ၁၆ဝ ဦးတို့အား ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်မှ စတင်၍ ပညာသင်ကြားရေး၊   နေထိုင်စားသောက်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုများအား နိုင်ငံတော်အစိုးရ၏ အထောက်အပံ့များဖြင့် ပြုစုစောင့်ရှောက် လေ့ကျင့်သင်ကြား ပေးသွားမည် ဖြစ်သည်။

အခမ်းအနားသို့ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ရှမ်းပြည်နယ် လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်  နယ်စပ်ရေးရာ ဝန်ကြီး  ဗိုလ်မှူးကြီး နိုင်ဝင်းအောင်၊ ပအိုဝ်းအမျိုးသား ခေါင်းဆောင် ဦးအောင်ခမ်းထီ၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌနှင့်   တာဝန်ရှိသူများ  တက်ရောက်ကြကြောင်း  သိရသည်။

(သတင်းစဉ်)

Read 103 times Last modified on Thursday, 31 May 2018 08:17