SJ WorldNews - шаблон joomla Авто

Eco Green City စီမံကိန်းကို အဆင့်နှစ်ဆင့်ဖြင့် အကောင်အထည်ဖော်ရန် စီစဉ်

Thursday, 31 May 2018 08:27 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  မေ  ၃ဝ

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၌ အကောင်အထည်ဖော်ရန် စီစဉ်ထားသည့် Eco Green City စီမံကိန်းကို အဆင့်နှစ်ဆင့်ဖြင့်  ဆောင်ရွက်ရန်  စီစဉ်ထားကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန  မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါစီမံကိန်းကို  လှည်းကူးမြို့နယ်အတွင်း မြေ ၁၄၅၃ ဧက အကျယ်အဝန်းပေါ်၌  အကောင်အထည်ဖော်မည်ဖြစ်ပြီး ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်နေရာနှင့် ၁ဝ မိုင်ခန့်အကွာ  ရန်ကုန်- မန္တလေး အမြန်လမ်း ၃ မိုင် ၁ ဖာလုံနှင့် ၅ မိုင် ၂ ဖာလုံကြား၌ တည်ရှိသည်။

''ပြည်သူတွေ အလုပ်အကိုင် အခွင့်အလမ်းရရှိဖို့၊ သန့်ရှင်းသာယာပြီး သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်မယ့်  လူနေထိုင်မှုဘဝကို ခံစားရရှိနိုင်ဖို့၊ တိုင်းပြည်ရဲ့ ကုန်ထုတ်လုပ်မှု မြင့်မားရေးကို  အထောက် အကူပြုပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးပွားစေဖို့ ရည်ရွယ်ပြီး  ဒီစီမံကိန်းကို အကောင်အထည် ဖော်ခဲ့တာပါ'' ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ  တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါစီမံကိန်းသည် ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ   အကောင်အထည်ဖော်နေသော စီမံကိန်း လုပ်ငန်းကြီးလေးခုအနက်  တစ်ခုဖြစ်ပြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ Alliance Stars Group of Company နှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်သည်။ စီမံကိန်း ပထမအဆင့်တွင်  တန်ဖိုးနည်း အိမ်ရာ၊ တန်ဖိုးသင့်အိမ်ရာ၊  အဝေးပြေး ယာဉ်ရပ်နားစခန်း၊ ဈေးနှင့်  စားသောက်ဆိုင်များ၊  အုပ်ချုပ်ရေးရုံးများ၊  ပန်းခြံနှင့် အားကစားကွင်းများ၊   လမ်းကွန်ရက်နှင့် အခြေခံ အဆောက်အအုံများ၊ Shopping Mall နှင့်  Mixed Use Zone တို့ပါဝင်မည် ဖြစ်ပြီး ၂ဝ၁၈  ခုနှစ်မှ ၂ဝ၂၃ ခုနှစ်အထိ ငါးနှစ်သတ်မှတ်ကာ  အကောင်အထည် ဖော်ရန် စီစဉ်ထားသည်။ ကျန်ရှိသော မြေ ၇၈၅ ဒသမ ၃၂ ဧကပေါ်၌   စီမံကိန်း ဒုတိယအဆင့်ကို ၂ဝ၂၃ ခုနှစ်မှ ၂ဝ၂၈ ခုနှစ်အထိ   ငါးနှစ်တာကာလ သတ်မှတ် အကောင်အထည် ဖော်မည်ဖြစ်ပြီး  သီးသန့် လုံးချင်းအိမ်ရာများ၊ နိုင်ငံတကာ အဆင့်မီ ဆေးရုံနှင့် ကျောင်းများ၊ အများပြည်သူ အပန်းဖြေနားနေရန်  နေရာများ၊  ဟိုတယ်ဇုန်၊ ဂေါက်ကွင်း၊ Media Village ၊ Agro-Park   တို့လည်း ပါဝင်မည်ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှု ပမာဏကို အကြမ်းဖျင်းအားဖြင့် အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ခန့်  ကုန်ကျနိုင်မည်ဟု  ခန့်မှန်းထားပြီး ရန်ကုန်မြို့၌ အနာဂတ်တွင် ပေါ်ထွက်လာမည့် စီမံကိန်းကြီးတစ်ခုဖြစ်ကာ လူနေထိုင်မှု စနစ်များ တိုးတက်လာရေးသာမက အလုပ်အကိုင် အခွင့်အလမ်းများလည်း   ပေါ်ထွက်လာမည်ဖြစ်ကြောင်း    သိရသည်။

Read 118 times Last modified on Thursday, 31 May 2018 08:28