SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

နိုင်ငံတော် အစိုးရ အနေဖြင့် OGP စံသတ်မှတ်ချက်များနှင့် ကိုက်ညီသော လုပ်ငန်းကိစ္စရပ်များ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ

Friday, 03 August 2018 09:28 font size decrease font size decrease font size increase font size increase font size

အမျိုးသားလွှတ်တော်အစည်းအဝေး

နေပြည်တော် ဩဂုတ် ၂

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် နဝမပုံမှန် အစည်းအဝေး စတုတ္ထနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ် အနှံ့အပြားတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ရေမြင့်တက်ပြီး ရေကြီးရေလျှံမှုများ ဖြစ်ကာ ရေဘေးအန္တရာယ် ကျရောက်နေသည့် ဒေသများရှိ ရေဘေးသင့် ပြည်သူများအတွက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၏ တစ်နေ့တာ နေ့တွက်စရိတ်ကို စုပေါင်း လှူဒါန်းနိုင်ရန် လွှတ်တော်သို့ တင်ပြပြီး အဆုံးအဖြတ်ရယူကာ လွှတ်တော်က အတည်ပြုကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကြေညာသည်။ ထို့နောက် ကယားပြည်နယ် မဲဆန္ဒနယ် အမှတ်(၉)မှ ဦးစိုးသိန်း၏ ပွင့်လင်းသော အစိုးရ အဖွဲ့ဝင် (Open Government Partnership-OGP) ဖြစ်ရေး ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်က ယခုလက်ရှိအချိန်တွင် မြန်မာနိုင်ငံ အနေဖြင့် OGP အဖွဲ့ဝင်ဖြစ်ရေး ဦးတည်ဆောင်ရွက်နေခြင်း မဟုတ်သော်လည်း နိုင်ငံတော် အစိုးရ၏ ပွင့်လင်းမြင်သာသည့် အစိုးရဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှု များသည် OGP စံသတ်မှတ်ချက်များနှင့် ကိုက်ညီလျက်ရှိသည်ကို တွေ့ရကြောင်း၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို စတုတ္ထ အကြိမ်ပြင်ဆင်သည့် ဥပဒေကို ၂၀၁၈ ခုနှစ် ဇွန် ၂၁ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင်ဖွဲ့စည်းခဲ့၍ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များကို စိစစ်ဆောင်ရွက်လျက် ရှိကြောင်း။ ထို့ပြင် နိုင်ငံတော် သမ္မတရုံး အနေဖြင့် ၂၀၁၈ ခုနှစ် မေ ၈ ရက်တွင် သတင်းထုတ်ပြန်ချက် အမှတ်(၂/၂၀၁၈)ကို ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ အဆိုပါ သတင်းထုတ်ပြန်ချက်တွင် နိုင်ငံတော် သမ္မတသည် မိမိဦးစီးသည့် တစ်စီးပွားတည်းဖြစ်သော မိသားစုပိုင်ဆိုင်မှု ပစ္စည်းများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး ပြည်ထောင်စုလွှတ်တော် နာယကထံသို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၆၈ နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၀ဝ တို့ပါ ပြဋ္ဌာန်းချက် များနှင့်အညီ ပေးပို့ခဲ့ပြီးဖြစ်ကြောင်း၊ အလားတူ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် နိုင်ငံတော် သမ္မတက ယခင်ခန့်အပ်ခဲ့သော ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် ထပ်မံခန့်အပ်ခဲ့သော ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များသည် ၎င်းတို့၏ စီးပွားရေး လုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး ပြည်ထောင်စုအစိုးရ အဖွဲ့ဥပဒေပုဒ်မ ၁၀၁ ပါ ပြဋ္ဌာန်းချက်များနှင့် အညီ နိုင်ငံတော် သမ္မတထံသို့ ပေးပို့တင်ပြထားပြီး ဖြစ်ကြောင်းကို ဖော်ပြပါရှိကြောင်း။ ထို့ကြောင့် လက်ရှိအချိန်တွင် မြန်မာနိုင်ငံ အနေဖြင့် OGP အဖွဲ့ဝင် မဟုတ်သော်လည်း နိုင်ငံတော် အစိုးရ အနေဖြင့် OGP စံသတ်မှတ်ချက် များနှင့်ကိုက်ညီသော လုပ်ငန်းကိစ္စရပ်များ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားသည်။ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဝေစိန်အောင်၏ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ၁၈၈၅ ခုနှစ်ကတည်းက တည်ဆောက်ဖွင့်လှစ်ခဲ့သော Government High School အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း မူလကျောင်းဟောင်းသို့ လက်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကို ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ပြောင်းရွှေ့ပညာ သင်ကြားနိုင်ရန် စီစဉ်ပေးနိုင်ခြင်း ရှိ၊ မရှိ သို့မဟုတ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ အစီအစဉ် ရန်ပုံငွေဖြင့် ကျောင်းဆောင်ဟောင်းအား ကြံ့ခိုင်မှု အာမခံနိုင်အောင်ထိ ပြုပြင်၍ ပညာသင်ကြားနိုင်ရန် လွှဲပြောင်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အဆိုပါကျောင်းဆောင်သည် ၆-၂-၂၀၁၇ ရက်တွင် အဆင့်မြင့်ပညာ ဦးစီးဌာနမှ အခြေခံပညာ ဦးစီးဌာနသို့ ပြန်လည်လွှဲပြောင်း ပေးထားခြင်းဖြစ်ပြီး ၁၈၈၅ ခုနှစ်ကတည်းက ဆောက်လုပ်ထားခြင်း ဖြစ်သည့်အတွက် သက်တမ်းအားဖြင့် ၁၃၃ နှစ် ကြာမြင့်နေပြီ ဖြစ်၍ ကျောင်းဆောင်မှာ ကြံ့ခိုင်မှုအားနည်းပြီး ဟောင်းနွမ်းနေသဖြင့် အခြေခံပညာ ဦးစီးဌာနမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် တစ်ကြိမ်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် အကြီးစားပြင်ဆင် ခဲ့ပြီးဖြစ်ကြောင်း၊ ထိုသို့အကြီးစား ပြင်ဆင်ခဲ့သော်လည်း ကျောင်းဆောင်ဟောင်းသည် သက်တမ်း ကြာမြင့်နေခြင်း၊ ဟောင်းနွမ်း၍ ကြံ့ခိုင်မှု မရှိခြင်းတို့ကြောင့် ပညာသင်ကြားရာတွင် အသုံးပြုပါက အန္တရာယ်ရှိနိုင်သည့် အတွက် ရုံ သို့မဟုတ် ပြတိုက်အဖြစ်သာ ထားရှိသင့်ကြောင်း ပြည်နယ်ဝန်ကြီးက နှုတ်မိန့်ဖြင့် သဘောထားမှတ်ချက်ပေးခဲ့ပြီး ဖြစ်ကြောင်း။ သို့ဖြစ်၍ အဆိုပါကျောင်း၏ ကျောင်းဆောင်ဟောင်းအား ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ အစီအစဉ်ရန်ပုံငွေဖြင့် အာမခံ နိုင်သည်အထိ ပြုပြင်ပြီးပါကလည်း ကျောင်းဆောင်ဟောင်း၏ ကြံ့ခိုင်မှုအား အင်ဂျင်နီယာ အတည်ပြု ထောက်ခံချက်အပေါ် မူတည်၍ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်စာသင်ကြားပါက ခံနိုင်ရည် ရှိ၊ မရှိ အား ထပ်မံစစ်ဆေး အတည်ပြုပြီးမှသာ ပြောင်းရွှေ့သင်ကြားခြင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။ ယင်းနောက် မြန်မာနိုင်ငံတိုင်းရင်းဆေး ကောင်စီဥပဒေကြမ်းနှင့် စပ်လျဉ်း၍ မန္တလေးတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါက်တာကျော်သန်းထွန်း (ကန်တုန်)၊ စစ်ကိုင်းတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဦးလှဦးနှင့် ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဌေးဦးတို့က ဆွေးနွေးကြကြောင်း သိရသည်။

Read 232 times Last modified on Friday, 03 August 2018 09:32