SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

သဘာဝ ဘေးအန္တရာယ်ဒဏ် ခံရမှု စံသတ်မှတ်ချက် အစီရင်ခံစာအရ မြန်မာနိုင်ငံသည် လက်ရှိ အခြေအနေတွင် သဘာဝ ဘေးအန္တရာယ် ဒဏ်ခံရမှု အများဆုံး ဒုတိယမြောက်နိုင်ငံ ဖြစ်နေ

Saturday, 04 August 2018 10:05 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဩဂုတ် ၃

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ် လုပ်ကိုင်မှု ဗဟိုကော်မတီ၏ ပဉ္စမအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ကျင်းပရာ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ် လုပ်ကိုင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။ အစည်းအဝေးသို့ ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယရှေ့နေချုပ်၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ယနေ့ကျင်းပသည့် အစည်းအဝေးသည် နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ် လုပ်ကိုင်မှု ဗဟိုကော်မတီ၏ ပဉ္စမအကြိမ်မြောက် အစည်းအဝေးဖြစ်ကြောင်း၊ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံ အုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီကို လုပ်ငန်းတာဝန် ၁၀ ချက်ချမှတ်ပြီး ဒုတိယသမ္မတ အပါအဝင် ၂၀ ဦးဖြင့်ဖွဲ့စည်းခဲ့ကြောင်း၊ ဗဟိုကော်မတီကို ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းကော်မတီ၊ အကြံပေးကော်မတီ၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ကော်မတီများနှင့် ခရိုင်အဆင့် ကော်မတီများကို ဖွဲ့စည်း၍ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။ ဗဟိုကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ၂၀၁၇ ခုနှစ် မတ် ၃ ရက်တွင် စတင်ကျင်းပခဲ့ပြီး ပြီးခဲ့သည့် စတုတ္ထအကြိမ် အထိ ဆုံးဖြတ်ချက်စုစုပေါင်း ၃၃ ချက် ချမှတ်ခဲ့ကြောင်း၊ ဆုံးဖြတ်ချက်များအနက် ၂၄ ချက်ကို ဆောင်ရွက်ခဲ့ပြီးဖြစ်ရာ ဆောင်ရွက်ဆဲ ကိုးချက်ရှိသည်ကို တွေ့ရကြောင်း၊ ဆောင်ရွက်ဆဲ လုပ်ငန်းထဲမှ အချိန်တိုတိုနှင့် ပြီးမြောက်ရမည့် လုပ်ငန်းများကို နောင်လာမည့် အစည်းအဝေး မတိုင်မီ ပြီးမြောက်အောင်နှင့် ရေရှည်ဆောင်ရွက်ရမည့် ဆုံးဖြတ်ချက်များကို အချိန်ကာလ သတ်မှတ်ပြီး အလေးထားဆောင်ရွက် သွားကြစေလိုကြောင်း။ ကမ်းရိုးတန်း သယံဇာတများကို ရေရှည်ထုတ်ယူ သုံးစွဲနိုင်ရန် ဆောင်ရွက်ရာတွင် အချိန်နှင့်အမျှ အခက်အခဲ အတားအဆီးများ တွေ့ကြုံရမည်ဖြစ်ကြောင်း၊ ပင်လယ်ကမ်းရိုးတန်း ဒေသများ အပါအဝင် နိုင်ငံတစ်ဝန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်သည့်အခါတွင် ဖွံ့ဖြိုးရေး လုပ်ငန်းလုပ်သည့် အုပ်စု နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးအုပ်စုတို့အကြား အငြင်းပွားစရာများရှိနေသဖြင့် တစ်ဖက်နှင့်တစ်ဖက်ညှိနှိုင်းကာ ဖွံ့ဖြိုးရေး ပန်းတိုင်ရောက်အောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ငါးသယံဇာတများ ရေရှည်တည်တံ့ရန်ဆိုပါက ငါးလုပ်ငန်းကဏ္ဍနှင့်သာလျှင် ဆောင်ရွက်၍မရနိုင်တော့ဘဲ ဒီရေတောများထိန်းသိမ်းကာကွယ်ရန် သစ်တောကဏ္ဍ နှင့်သာလျှင် ဆောင်ရွက်၍မဖြစ်နိုင်တော့ ကြောင်း၊ သို့ဖြစ်ပါ၍ဆက်စပ်ပတ်သက်နေသည့် ကဏ္ဍပေါင်းစုံက ပါဝိုင်းဝန်းကူညီထိန်းသိမ်း ကာကွယ်စောင့်ရှောက်ကြရန် လိုအပ်ကြောင်း။ ကမ်းရိုးတန်းဒေသများတွင် ငါးလုပ်ငန်း၊ စိုက်ပျိုးရေး၊ သယံဇာတထိန်းသိမ်းရေး၊ သတ္တုတူးဖော်ရေး၊ ရေကြောင်းခရီးသွားလာရေး၊ ကမ်းရိုးတန်းလုံခြုံရေး၊ ကျန်းမာရေး၊ ခရီးသွား လုပ်ငန်းစသည့် ကဏ္ဍပေါင်းစုံတို့သည် ဆက်စပ်တည်ရှိလျက်ရှိကြောင်း၊ အဆိုပါ လုပ်ငန်းကဏ္ဍများ လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းများ ရှိသည့် ကမ်းရိုးတန်းဒေသများသို့ ပြောင်းရွှေ့နေထိုင် အခြေချလာသည့်လူဦးရေ တစ်နေ့တခြား တိုးပွားလာလျက်ရှိကြောင်း၊ တိုးပွားလာသည့် လူဦးရေများ အနေဖြင့် သယံဇာတ များကို အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်း၊ ရောင်းချခြင်း၊ ရေရှည်ထုတ်ယူသုံးစွဲနိုင်မည့် နည်းလမ်းများနှင့် သဘောတရားများကို နားလည်မှု အားနည်းခြင်း၊ ကမ်းရိုးတန်းသယံဇာတများမှ ရရှိသည့် အကျိုးကျေးဇူးများကို သိရှိနားလည်ရန်လိုအပ်ခြင်း၊ ထိန်းသိမ်းရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု မရှိခြင်းနှင့် လုပ်ငန်းစီမံချက်များ ရေးဆွဲဆောင်ရွက်ကြရာတွင် သက်ဆိုင်ရာ အစိုးရနှင့် ဌာနအဖွဲ့အစည်းများ၏ ထိရောက်သည့်ပံ့ပိုးမှု အလုံအလောက်မရှိခြင်း စသည့် အခြေအနေများကို တိုးတက်ပြောင်းလဲ သွားစေရန် ယနေ့ကျင်းပသည့် ဗဟိုကော်မတီက ဦးဆောင်ပြီး ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ် လုပ်ကိုင်မှုများကို အလေးထား ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)က ပြုစုထုတ်ဝေထားသည့် ကမ်းရိုးတန်းဒေသ ဘက်စုံစီမံအုပ်ချုပ် လုပ်ကိုင်ရာတွင် စဉ်းစားရမည့် အခြေခံသဘောတရား ၁၅ချက်အနက် မိမိတို့အတွက် လက်ရှိအလေးထား ဆောင်ရွက်ရမည့် အခြေခံသဘောတရား နှစ်ချက်ကို ဦးစားပေးပြီး အသိပေးပြောကြား လိုကြောင်း။ ပထမအခြေခံ သဘောတရားတစ်ရပ်မှာ ဘက်စုံပူးပေါင်းပါဝင်သည့် ကမ်းရိုးတန်း သယံဇာတများစီမံအုပ်ချုပ်လုပ်ကိုင်ရာတွင် သဘာဝသယံဇာတ ထိန်းသိမ်းရေးလုပ်ငန်း များဆောင်ရွက်ပြီး သဘာဝဘေးအန္တရာယ် လျော့ပါးစေရန်အတွက် ကမ်းရိုးတန်းသယံ ဇာတထိန်းသိမ်းရေး လုပ်ငန်းများနှင့် အတူ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး အစီအမံများကို ဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း၊ ကမ်းရိုးတန်းဒေသများသည် သဘာဝ ဘေးအန္တရာယ်များဖြစ်သည့် ဆိုင်ကလုန်းမုန်တိုင်းများ၊ ဆူနာမီလိုလှိုင်းလုံးကြီးများ၊ ကမ်းပါးပြို ရေတိုက်စားမှုများ၊ ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများ၊ မြေကျွံကျမှုများ စသည့် သဘာဝဘေးအန္တရာယ် အများဆုံးဖြစ်ပေါ် နေသည့်နေရာများဖြစ်ကြောင်း။ သို့သော်လည်း ပြည်သူအများစုသည် သဘာဝဘေးအန္တရာယ် ကျရောက်သည့်အခါမှသာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အလေးထားဆောင်ရွက် လေ့ရှိသော်လည်း ကြိုတင်ကာကွယ်ရန်အတွက် အစီအမံများကို ပြင်ဆင်ရန်အတွက် မေ့လျော့နေတတ်ကြကြောင်း။ သို့ပါ၍ သဘာဝဘေးအန္တရာယ် ကျရောက်မှုများကို လျှော့ချပေးနိုင်သည့် သန္တာကျောက်တန်းများ၊ ပင်လယ်မြက်ခင်းများ၊ ပင်လယ်ကမ်းခြေများ၊ သဲသောင်ခုံများနှင့် ဒီရေတောများကို သဘာဝတံတိုင်းများ၊ သဘာဝအဆောက်အအုံများအဖြစ် ဦးစားပေးထိန်းသိမ်း ကာကွယ်ကြရမည်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ဆိုင်ကလုန်း မုန်တိုင်း ဒဏ်များမကြာခဏ ကျရောက်ခံနေရသည့်အတွက် ၁၉၈၀ ပြည့်နှစ်ဝန်းကျင်တွင် ကမ္ဘာ့ဘဏ်၏ အကူအညီဖြင့် ဒီရေတောဟက်တာပေါင်း တစ်သိန်းကို ကမ်းရိုးတန်း တစ်လျှောက် လေကာတန်းများအဖြစ် စိုက်ပျိုးခဲ့ခြင်းကြောင့် ၁၉၉၁ ခုနှစ် ဧပြီ ၂၉ ရက်တွင်ကျရောက်ခဲ့သည့် မုန်တိုင်းဒဏ်မှ သိသိသာသာလျော့နည်း သက်သာခဲ့ရပြီး ဒေသခံတို့၏ အသက်အိုးအိမ်စည်းစိမ်ပေါင်း အမြောက်အမြားကို ကယ်တင်နိုင်ခဲ့ကြောင်း။ အလားတူ ၂၀ဝ၈ ခုနှစ် မေ ၂ ရက် မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့စဉ်ကလည်း မိန်းမလှကျွန်းတောရိုင်း တိရစ္ဆာန် ဘေးမဲ့တောအတွင်း ဒီရေတောများထူထပ်စွာ တည်ရှိနေခဲ့သည့် အတွက် ဒေသခံများ၏ အသက်ပေါင်းများစွာ ရှင်သန်ခွင့်ရရှိခဲ့ကြောင်း၊ သဘာဝ ဘေးအန္တရာယ် ဒဏ်ခံရမှု စံသတ်မှတ်ချက် Global Climate Risk Index 2016 အစီရင်ခံစာအရ မြန်မာနိုင်ငံသည် လက်ရှိအခြေအနေတွင် သဘာဝဘေးအန္တရာယ်ဒဏ် ခံရမှုအများဆုံး ဒုတိယမြောက်နိုင်ငံ ဖြစ်နေကြောင်း၊ သို့ဖြစ်၍ ကော်မတီဝင်များ အနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဖွံ့ဖြိုးရေး စီမံကိန်းများ ဆောင်ရွက်ကြရာတွင် ကမ်းရိုးတန်း သယံဇာတများကို သားစဉ်မြေးဆက်ရေရှည် ထုတ်ယူသုံးစွဲနိုင်အောင် ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းများနှင့်အတူ သဘာဝဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာ လုပ်ငန်းစဉ်များကိုပါ ထည့်သွင်းစဉ်းစား ဆောင်ရွက်ကြရန် လိုအပ်နေပြီဖြစ်ကြောင်း။ ဆက်လက်ပြီး ဒုတိယ အခြေခံ သဘောတရားဖြစ်သည့် ကမ်းရိုးတန်းဒေသ စီမံအုပ်ချုပ်လုပ်ကိုင်မှု စီမံချက်များ ရေးဆွဲရာတွင် ပြည်ထောင်စုအဆင့်မှ ခရိုင်နှင့် မြို့နယ်အဆင့်များအထိ အဆင့်ဆင့်ပူးပေါင်း ပါဝင်ဆောင်ရွက်ရန် ဆိုသည့်အချက်ဖြစ်ကြောင်း၊ ကမ်းရိုးတန်းဒေသများ စီမံအုပ်ချုပ်ရာတွင် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အဖွဲ့များသည် အခြေခံအကျဆုံး အဖွဲ့အစည်းများ ဖြစ်ကြောင်း၊ ပြည်ထောင်စု အဆင့်အနေဖြင့် ရေကြောင်းခရီးသွားလာရေး၊ နိုင်ငံတော် လုံခြုံရေး၊ ငါးသယံဇာတများ ထိန်းသိမ်းရေး၊ မူဝါဒနှင့် မဟာဗျူဟာများ ချမှတ်ပေးရေး၊ နိုင်ငံတကာ ဆက်ဆံရေးနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရေး အစရှိသည့်ကဏ္ဍများကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။ ထို့ကြောင့် တိုင်းဒေသကြီး/ပြည်နယ် အဆင့်များအနေဖြင့် လုပ်ငန်းစဉ်အားလုံးနှင့် သက်ဆိုင်နေသည့်အတွက် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရမည့် အခန်းကဏ္ဍတွင် ရပ်တည်နေကြောင်း၊ ယနေ့ တက်ရောက်လာသည့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးချုပ်များ၊ ဝန်ကြီးများ အနေဖြင့် ယခုသဘောတရားများ အပေါ် အခြေခံပြီး မိမိတို့ တိုင်းဒေသကြီး/ပြည်နယ်အလိုက် အလေးထား အကောင်အထည်ဖော် ဆောင်ရွက်ကြရန်နှင့် စီမံချက်ရေးဆွဲဆောင်ရွက်ကြရန် ပြောကြားလိုကြောင်း။ ပစိဖိတ်ကျွန်းနိုင်ငံ အချို့၏ ပင်လယ်ကမ်းရိုးတန်း ဒေသစီမံအုပ်ချုပ်မှုမှာ ပင်လယ်ပြင်ကို မျက်နှာမူနေသည့် ကမ်းရိုးတန်း အနားသတ်နေရာမှ သဘာဝဒီရေတောများ၊ သန္တာကျောက်တန်းများ၊ ပင်လယ်မြက်ခင်းများ၊ ပင်လယ်ကမ်းခြေနှင့် သဲသောင်ခုံ နေရာများကို "Non-development Zone" များအဖြစ် သတ်မှတ်ပြီး ကာကွယ်ထိန်းသိမ်းထားသည်ဟု သိရကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း တနင်္သာရီတိုင်း ဒေသကြီးတွင်ရှိသည့် ကျွန်းပေါင်း ၇၀ဝ ကျော်အနက်မှ ကျွန်းအရေ အတွက်အချို့ သို့မဟုတ် ဧရိယာပမာဏ တစ်ခုကို "Non-development Zone" အဖြစ် သတ်မှတ်သင့်သည်ဟု သုံးသပ်ထားသည်ကိုတွေ့ရကြောင်း။ မိမိတို့အနေဖြင့် ယခုကဲ့သို့ ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေခြင်းသည် နိုင်ငံတကာက ချမှတ်ထားသည့် ကတိကဝတ်များ၊ အကောင်းဆုံး လုပ်ငန်းစဉ်များကို လိုက်နာကျင့်သုံးဆောင်ရွက်နေခြင်းလည်း ဖြစ်ကြောင်း၊ အထူးသဖြင့် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းကြီးက ချမှတ်ထားသည့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ရည်မှန်းချက် ၁၇ ချက်အနက် ရည်မှန်းချက်နံပါတ် ၁၄ ဖြစ်သည့် "Sustainable Development Goal- 14" ကို ဖြည့်ဆည်းအကောင်အထည်ဖော် ဆောင်ရွက်နေခြင်းလည်း ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ရည်မှန်းချက်များကို ဖြည့်ဆည်းနိုင်ရန် ကမ်းရိုးတန်းဒေသစီမံအုပ် ချုပ်လုပ်ကိုင်မှု၏ အခြေခံ သဘော တရားဖြစ်သည့် ဒေသအဆင့်မှ ပြည်ထောင်စုအဆင့်အထိ အသီးသီး ဆောင်ရွက်ကြရာတွင် လုပ်ငန်းစဉ်အားလုံးနှင့် သက်ဆိုင်နေပြီး အရေးပါသည့် အခန်းကဏ္ဍက ရပ်တည်နေသည့် တိုင်းဒေသကြီး/ပြည်နယ်အဆင့် အစိုးရအဖွဲ့များ အနေဖြင့် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မှုများ အလေးထားမြှင့်တင် ဆောင်ရွက် သွားကြရန် ပြောကြားသည်။ ထို့နောက် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ် လုပ်ကိုင်မှုဆိုင်ရာ အသိပညာပေး ဗီဒီယို မှတ်တမ်းကိုပြသသည်။ ဆက်လက်၍ ဗဟိုကော်မတီ အတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီက စတုတ္ထအကြိမ် အစည်းအဝေးမှ ဆုံးဖြတ်ချက်များ အပေါ်ဆောင်ရွက်ပြီးစီးမှုနှင့် လုပ်ငန်းဆောင်ရွက် အကောင်အထည်ဖော်မှု များအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော်၊ ပဲခူးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ မွန်ပြည်နယ် အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်နှင့် အမြဲတမ်း အတွင်းဝန်များ၊ တပ်မတော်(ရေ )မှ ဗိုလ်မှူးကြီး အေးမင်းထွေးနှင့် တာဝန်ရှိသူများက နိုင်ငံအဆင့်ပင်လယ် ကမ်းရိုးတန်း သယံဇာတရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ကဏ္ဍအလိုက် စီမံဆောင် ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေများ၊ သဘာဝဘေးအန္တရာယ်များ လျော့နည်းရေး အတွက် ဒီရေတောနှင့် ဓနိတောထူထောင်သွားရေး၊ ပင်လယ်ပြင်ခရီးသွားလုပ်ငန်း၊ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ စည်းကမ်းမဲ့ငါးဖမ်းခြင်း မပြုလုပ်စေရေး၊ ကမ်းရိုးတန်းသယံဇာတ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုး တက်ရန်အတွက် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက် သွားရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။ ထို့နောက် ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးမြင့်ဆွေက တင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

Read 155 times Last modified on Saturday, 04 August 2018 10:06