SJ WorldNews - шаблон joomla Авто

မောင်တောဒေသတွင် ကောလာဟလ ထုတ်လွှင့်ခြင်းနှင့် လုပ်ကြံသတင်းမှားများ ဖြန့်ချိခြင်းမပြုလုပ်ကြရန် သတင်းထုတ်ပြန်

Sunday, 03 September 2017 16:11 font size decrease font size decrease font size increase font size increase font size

နေပြည်တော် စက်တင်ဘာ ၂

ရခိုင်ပြည်နယ် မောင်တောဒေသတွင် ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များ ကြောင့် အကြမ်းဖက်တိုက်ဖျက်ရေး၊ ပြည်သူများ ဘေးကင်းလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးဆောင်ရွက်နေစဉ် ပဋိပ က္ခများ မဖြစ်ပွားစေရန်အတွက် ကောလာဟလ ထုတ်လွှင့်ခြင်းနှင့် လုပ်ကြံ သ တင်းမှားများ ဖြန့်ချိခြင်း မပြုလုပ်ကြရန် သတင်းထုတ်ပြန်ရေးကော်မတီမှ ယနေ့ရက်စွဲဖြင့် တိုက်တွန်းချက် တစ်ရပ်ထုတ်ပြန်လိုက်သည်။

အဆိုပါထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း သြဂုတ် ၂၅ ရက်မှစတင်၍ ARSA အစွန်းရောက် အကြမ်းဖက်သမားများက လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခြင်း၊ အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ခြင်း၊ လက်လုပ်မိုင်းများ ထောင်၍ နေအိမ်များအားမီးရှို့ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များ၊ တိုက်ခိုက်မှုများ လုပ်ဆောင်လာခဲ့သဖြင့် နိုင်ငံတော်အစိုးရအနေဖြင့် မောင်တောဒေသအတွင်း ပုဒ်မ ၁၄၄ ထုတ်ပြန်၍လည်းကောင်း၊ သြဂုတ် ၂၅ ရက်တွင် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာချက်များ ထုတ်ပြန်၍ လည်းကောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုးမြှင့်ချထား၍လည်းကောင်း အကြမ်းဖက် တိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း။တစ်ချိန်တည်းတွင် ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှု ကြောင့် ပိတ်မိနေသော ရွာသူရွာသားများအား ရွှေ့ပြောင်းကယ်ထုတ်ခြင်း၊ ဒေသခံများ ဘေးကင်းလုံခြုံရေး အတွက် လုံခြုံရေးများ ဆောင်ရွက်ခြင်း၊ စားနပ်ရိက္ခာများဖြန့်ဝေခြင်း၊အကြမ်းဖက်ရန်ကြောင့် ထွက်ပြေး တိမ်းရှောင်နေရသူများအားရှာဖွေ၍ ဘေးကင်းလုံခြုံရာ နေရာများသို့ပို့ဆောင်ပေးခြင်း၊ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ကူညီခြင်း စသည်တို့ကိုတပ်မတော်နှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိ ကြောင်း။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မောင်တောဒေသအတွင်း ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို တုံ့ပြန်နှိမ်နင်းရေး၊ ပြည်သူများဘေးကင်းလုံခြုံရေး၊ ဒေသအတွင်း တည်ငြိမ်အေး ချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို အထူးဦးစားပေး၍ ဆောင်ရွက်လျက်ရှိကြောင်း။

 

ဤသို့ အရေးကြီးသော အချိန်အခါတွင် မဟုတ်မမှန်လုပ်ကြံသတင်းများ၊ ကောလာဟလများဖြန့်ချိခြင်းကြောင့် ဦးစားပေးလုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိသည့် အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် ပူးပေါင်းပါဝင် ဆောင်ရွက် လျက်ရှိသည့် ပြည်သူများအတွက် အခက်အခဲများ ဖြစ်ပေါ်စေနိုင်ကြောင်း။ စက်တင်ဘာ ၁ ရက် နံနက် ၁၁ နာရီခန့်က ကျောက်တော်မြို့နယ် ပြည်တော်သာရပ်ကွက်အနီး ပိုက်သည်ရပ်ကွက် သင်္ချိုင်းဟောင်းရှိ ဇရပ်ဟောင်းဖျက်ဆီးခံနေရကြောင်း ကော လာဟလများ ထုတ်လွှင့်ပြီး ဆူပူမှုဖြစ်စေလိုသူအချို့မှ သွေးထိုးလှုံ့ဆော်လျက်ရှိသဖြင့် တာဝန်ရှိသူများက ထိန်းသိမ်းဆောင်ရွက်ခဲ့ ရကြောင်း။

 

အလားတူ စက်တင်ဘာ ၁ ရက် ညပိုင်းတွင်လည်း ကျောက်ဖြူမြို့နယ် စေတီတောင်ရပ်ကွက်တွင် ရုံးခန်းဖွင့် လှစ်ထားသော လူငယ်အားမာန်အဖွဲ့ (Youth Strength Association- YSA)ရုံးအား ကျောက်ဖြူခရိုင် လူငယ်အဖွဲ့မှ အင်အားအချို့ လာရောက် စုရုံးဝိုင်းဝန်းမှုဖြစ်ပေါ်ခဲ့သော်လည်း တာဝန်ရှိသူများက အချိန်မီသွားရောက် တားဆီးနိုင်ခဲ့သဖြင့် ပြဿနာ တစ်စုံတစ်ရာမရှိဘဲ ည ၉ နာရီကျော်တွင် အေးချမ်းစွာ လူစုကွဲ သွားခဲ့ကြောင်း။

 

သို့ဖြစ်ပါ၍ မလိုလားအပ်သော ပဋိပက္ခများ ဖြစ်ပွားလာခြင်း မရှိစေရန်အတွက် ကောလာဟလ ထုတ်လွှင့်ခြင်းနှင့် လုပ်ကြံသတင်းမှားများဖြန့်ချိခြင်းများ မပြုလုပ်ကြပါရန်နှင့်မောင်တောဒေသအတွင်း အကြမ်းဖက်အန္တရာယ်မှ တုံ့ပြန်ချေမှုန်းနိုင်ရေး၊ တည်ငြိမ်အေးချမ်းရေးတို့အတွက် ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြပါရန် တိုက်တွန်း လျက် သတင်းထုတ်ပြန်အပ်ပါကြောင်း ဖော်ပြထားသည်။

 

 

Read 467 times Last modified on Sunday, 03 September 2017 16:20