SJ WorldNews - шаблон joomla Авто

ရေကြီးရေလျှံမှု ဖြစ်စဉ်များကြောင့် ညောင်ပင်လေး ဈေးအတွင်း အရောင်းအဝယ် ကျဆင်း

Monday, 04 September 2017 08:36 font size decrease font size decrease font size increase font size increase font size

 ရန်ကုန်  စက်တင်ဘာ 

မြန်မာနိုင်ငံရှိ  ဒေသအများစု၌် ရေကြီးရေလျှံမှု ဖြစ်စဉ်များကြောင့်  ရန်ကုန်မြို့ရှိ ညောင်ပင်လေးဈေးအတွင်း အရောင်းအဝယ် သိသာစွာ ကျဆင်းလျက်ရှိကြောင်း ညောင်ပင်လေးဈေးအတွင်းရှိ    ဆိုင်ခန်းပိုင်ရှင်များထံမှ သိရသည်။

ညောင်ပင်လေးဈေးသည် နယ်ဘက်မှဝယ်လက်များကို အဓိက အားထားရောင်းချနေရသည့် ဈေးဖြစ်ရာ ဝယ်ယူသူများ၏ ဒေသများ၌ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသဖြင့် လမ်းပန်းဆက်သွယ်ရေး အခြေအနေများ အခက်အခဲဖြစ်နေသောကြောင့်   အရောင်းအဝယ် ကျဆင်းရခြင်းဖြစ်သည်။ ညောင်ပင်လေးဈေးအတွင်း  မီးဖိုချောင်သုံး အခြေခံ စားသောက်ကုန်များကို အဓိကရောင်းချပေးနေပြီး ယခုအခါ  ဝယ်ယူသူ မရှိသလောက် နည်းပါးလျက်ရှိသည်။    ဆိုင်ခန်းအများစုသည်  နယ်ဝယ်လက်များ၏ မှာယူမှုကြောင့်  နယ်ဈေးကွက်သို့ တင်ပို့ပေးရကြောင်း သိရသည်။

''အဓိကမှာယူတဲ့မြို့တွေမှာ  ရေကြီးနေတာကြောင့် အရောင်းအဝယ် မကောင်းတာပါ။ အရင်က တစ်ပတ်တစ်ကြိမ်လောက် အရောင်းအဝယ်ဖြစ်နေသေးတယ်။ ရေကြီးရေလျှံနေတာကြောင့်  သူတို့မှာ သိုလှောင် ထားစရာ နေရာမရှိတာတို့၊  မော်တော်ယာဉ်နဲ့ သယ်ယူချိန်မှာ ပျက်စီးမှာစိုးရိမ်ပြီး အဝယ်နည်းသွားတာပါ။ ရေပြန်ကျသွားရင်  ဈေးကွက်ပြန်ကောင်းလာနိုင်ပါတယ်''  ဟု စားသုံးဆီ အဓိက ဖြန့်ဖြူးရောင်းချနေသော ဆိုင်ပိုင်ရှင် မချိုမာကပြောသည်။

ညောင်ပင်လေးဈေးသည် လက်လီလက်ကား ရောင်းချပေးနေသော ဈေးဖြစ်ကာ အခြေခံ စားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ငါးခြောက်၊ ငရုတ်၊ ကြက်သွန်၊ ဆား၊ ငါးပိ စသည့် ကုန်စည်များကို ရောင်းချလျက်ရှိသည်။ လတ်တလောတွင်  ရန်ကုန်မြို့ ဝန်းကျင်ရပ်ကွက်များမှ လာရောက်ဝယ်ယူ သူများသာရှိပြီး အဓိက အားထားရသည့် နယ်ဝယ်လက်များ မလာသဖြင့် အရောင်းအဝယ် ဆက်လက်ကျဆင်းမည်ကို   စိုးရိမ်လျက် ရှိကြောင်း သိရသည်။  

Read 325 times Last modified on Monday, 04 September 2017 08:37