SJ WorldNews - шаблон joomla Авто

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ဈေးပေါင်း ၁၇ ခုကို PPP စနစ်များဖြင့် အဆင့်မြှင့်တင်မှုများ ဆောင်ရွက်လျက်ရှိ

Tuesday, 04 September 2018 11:42 font size decrease font size decrease font size increase font size increase font size

ရန်ကုန် စက်တင်ဘာ ၃

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ စီမံခန့်ခွဲမှုဖြင့် အဓိကဈေးများကို အဆင့်မြှင့်တင်လျက်ရှိရာ ယခုနှစ်တွင် ဈေးပေါင်း ၁၇ ခုကို အဆင့်မြှင့်တင်လျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။ အဆိုပါ အဆင့်မြှင့်တင်မှုကို ပုဂ္ဂလိကနှင့် အကျိုးတူပူးပေါင်းသည့် Public Private Partnership (PPP) စနစ်များဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး လက်ရှိတွင် ဈေးများ၌ ဆိုင်ခန်းရရှိ ထားသူများသည် ငှားရမ်းသူများသာ ဖြစ်သော်လည်း တချို့သူများမှာ ထိုဆိုင်ခန်းများကို မိမိတို့အပိုင် ပစ္စည်းဟု ထင်မှတ်နေကြောင်း၊ ထို့ကြောင့် ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ကိုင် ဆောင်ရွက်ရန် ရှိကြောင်း သိရသည်။ ''ဈေးတွေကို အဆင့်မြှင့်တင်တဲ့အပြင် ဈေးတွေနဲ့အတူ ကားပါကင်ကိုပါ ထည့်သွင်းဆောင်ရွက်မှာပါ။ ဈေးတွေကို အဆင့်မြှင့်တင်ဖို့ ဆိုင်ခန်းတွေနဲ့ ပတ်သက်ပြီးတော့လည်း ဥပဒေ လုပ်ထုံးလုပ်နည်း တွေနဲ့အညီ လုပ်ဆောင်မှာပါ''ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကပြောသည်။ အဆင့်မြှင့်တင်မှု လုပ်ငန်းများ စီစဉ်နေသည့် ဈေး ၁၇ ခုမှာ မင်္ဂလာတောင်ညွန့် (စံပြဈေး)၊ သိမ်ကြီးဈေး (စီရုံနှင့်အီးရုံ)၊ သံလွင်ဈေး၊ နန္ဒဝန်ဈေး၊ ပတ္တမြားဈေး၊ ငွေယမုံဈေး (တောင်ဥက္ကလာပ)၊ ကြည့်မြင်တိုင် ညဈေး၊ တာမွေဈေး(ယာယီဈေး)၊ သုဝဏ္ဏဈေး၊ ရတနာသိင်္ဂီဈေး၊ လှိုင်ဈေး၊ ပုဇွန်တောင်ဈေး၊ လှိုင်ရတနာဈေး၊ အင်းစိန်ဈေးသစ်၊ သိမ်ဖြူဈေး၊ ကမ်းနားဈေးနှင့် ရှမ်းလမ်းဈေးတို့ဖြစ်သည်။ ရန်ကုန်မြို့ရှိ ဈေးများသည် နှစ်ပေါင်းများစွာ မှားယွင်းသော စနစ်များဖြင့် ဆောင်ရွက်လာခဲ့ သဖြင့် ယခုအခါ တိုးတက်မှု အားနည်းနေကြောင်း၊ ဈေးတည်ရှိရာ နေရာအများစုသည် အချက်အချာကျသည့် နေရာများ၌ ရှိနေခြင်းကြောင့် အဆင့်မြှင့်တင်နိုင်ရန် အားသာချက်များ ရှိနေပြီး ဈေးအဆင့် မြှင့်တင်ခြင်းနှင့်အတူ ယာဉ်ရပ်နား စခန်းကိုပါ လုပ်ဆောင်ရန် စီစဉ်ထားခြင်းဖြစ်သည်။ ''အခုဈေးတွေမှာက ဆိုင်ခန်းတွေကို လူနေအိမ်လိုလို၊ ပစ္စည်းဂိုဒေါင် လိုလို သဘောထား လုပ်ဆောင်နေပြီး ဈေးအပြင်ဘက်က လမ်းမတွေ၊ လမ်းကြားတွေမှာ ထွက်ပြီး ရောင်းချနေကြတယ်။ ဒါကိုလည်း စနစ်တကျ ဖြစ်အောင် လုပ်ဆောင်မှာပါ'' ဟု ဦးမောင်မောင်စိုးကပြောသည်။ ထိုကဲ့သို့ ဈေးပြင်ပ၌ ပျံကျဆိုင်များဖွင့်ကာ ရောင်းချနေမှုကြောင့် ဈေးအတွင်းပိုင်းမှ ဆိုင်များမှာ အရောင်းအဝယ် လျော့ပါးမှုများ ရှိပြီး ဈေးအတွင်း၌ ဆိုင်ခန်းရှိသော်လည်း အပြင်ဘက်ထွက်၍ ပျံကျရောင်းချ သူများလည်း ရှိကြောင်း၊ ထို့ပြင် ဈေးအတွင်းရှိ ဆိုင်ခန်းနေရာချင်း အတူတူပင် ဖြစ်သော်လည်း ဈေး၏အပေါ်ထပ်နှင့် အောက်ထပ်နေရာ ကွာခြားမှုပေါ် မူတည်၍ အရောင်းအဝယ်လည်း ကွာခြားလေ့ရှိကြောင်း ဈေးသည်များထံမှ သိရသည်။

Read 258 times Last modified on Tuesday, 04 September 2018 11:43