×

Warning

JUser: :_load: Unable to load user with ID: 105
Print this page

တညင်းကုန်း ဈေးဟောင်းမှ အခက်ကြုံ နေရသော ဈေးရောင်းချသူများ

Sunday, 26 May 2019 11:29 font size decrease font size decrease font size increase font size increase font size

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ တညင်းကုန်းဈေးဟောင်း အနီး၌ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၃ဝ ရက်က ဖွင့်လှစ်ခဲ့သည့် အဆင့်မြင့်လက်ကားဈေးသစ် (တညင်းကုန်း) တည်ဆောက်ပြီး ယင်းလက်ကားဈေးသစ်၌ ပြောင်းရွှေ့ ရောင်းချရန် သက်ဆိုင်ရာမှ စီစဉ်ဆောင်ရွက်လျက် ရှိနေသည်မှာ     ကာလအတန်ကြာပြီ ဖြစ်သည်။

တညင်းကုန်းဈေးဟောင်းသို့  အနယ်နယ် အရပ်ရပ်မှ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် စားသောက်ကုန်များ ဝင်ရောက် လျက်ရှိရာ တစ်ဆင့်ပြန်လည် ရောင်းချသည့် ရန်ကုန်မြို့တွင်းရှိ  ရပ်ကွက်ဈေးများမှ  ဈေး သည်များအတွက် အားထားရာလည်းဖြစ်ခဲ့ သည်။

ထို့ပြင် တညင်းကုန်းဘူတာ၏ ဘေးတွင် တည်ရှိသောကြောင့်  ရန်ကုန်မြို့ရှိ ရပ်ကွက်ဈေးများ၌ ရောင်းချရန် လာရောက် ဝယ်ယူသူများအတွက် ကားအပြင် ရထားဖြင့်လည်း သယ်ယူနိုင်သဖြင့်    ကုန်စည်စီးဆင်းမှု အဆင်ပြေလျက် ရှိသည်။

အဆိုပါ ဈေးဟောင်းတွင် ဆိုင်ခန်းပေါင်း ၁ဝဝဝ   ကျော်နှင့်   ပျံကျဈေးသည်ပေါင်း ၁၆ဝ ကျော်ရှိပြီး  ဆိုင်ခန်းရှင် အများစုမှာ ဈေးသစ်သို့ ပြောင်းရွှေ့ရာတွင် လက်ရှိပိုင်ဆိုင်နေသည့် ဆိုင်ခန်းများအား လက်လွှတ်ကာ ဆိုင်ငှားအဖြစ် လုပ်ကိုင်ရမည်ကို စိုးရိမ်မှုများ ရှိနေကြသည်။

၂ဝဝ၂  ခုနှစ်တွင်  တညင်းကုန်းဈေးဟောင်း၌ ဆိုင်ခန်းများ ဝယ်ယူ၍ ရောင်းဝယ်ခဲ့ကြကာ အခွန်အခများကိုလည်း ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီသို့ ကျေပွန်စွာ ပေးဆောင်ခဲ့သည့်အပြင် ပိုင်ဆိုင်မှုနှင့် ပတ်သက်သည့် အထောက်အထားများ  ရှိသော်လည်း ၂ဝ၁၆ ခုနှစ်မှစ၍ ရွှေ့ဆိုင်းရန် သက်ဆိုင်ရာမှ   စတင် ပြောကြားခဲ့ကြောင်း ယင်းဈေး(ခ)ရုံမှ ကုန်စိမ်းဒိုင်ပိုင်ရှင် ဒေါ်ထွေးကပြောသည်။

ဈေးသည်များအနေဖြင့် မူလဈေးဟောင်းရှိ ဆိုင်ခန်းများမှာ နေရာကျယ်ဝန်းခြင်း၊ ဖောက်သည်များနှင့် ပုံမှန်ချိတ်ဆက် နေကျနေရာဖြစ်ခြင်း၊ မူလဆိုင်ခန်း ပြန်လည်မရရှိဘဲ လက်ရှိမှ   လက်မဲ့ဖြစ်နိုင်ခြင်း တို့ကြောင့် ဈေးသစ်သို့ ပြောင်းရွှေ့ရန် အခက်အခဲရှိနေကြောင်း သိရသည်။

''ဒီမှာက မရောင်းဘဲ နားလို့ရတယ်။ ဟိုဘက်မှာက   ဒီနေ့ရောင်းပြီး   မနက်ဖြန် မရောင်းနိုင်ရင် နေရာမရနိုင်ဘူးဆိုတာ သိ ထားလို့အဆင်မပြေဘူး။ ဒီဈေးဟောင်းမှာက     ကိုယ်ပိုင်အခန်းဝယ်ထားတာ ဆိုတော့  ပိုင်ဆိုင်မှုတွေက ရှိတယ်''ဟု  ဒေါ်ထွေးက ပြောသည်။

လတ်တလော  တညင်းကုန်းလက်ကား ဈေးသစ်တွင် ဈေးရုံ သုံးရုံ၊ ဆိုင်ခန်းပေါင်း ၅၆ဝဝ   ဖြင့်   စတင် ရောင်းချလျက် ရှိပြီး ဈေးရုံ  ၁ ကို  သစ်သီး၊  ဟင်းသီးဟင်းရွက် ဈေးရုံ၊  ဈေးရုံ ၂ ကို  တောင်သူလက်လီ ရောင်းဈေးရုံ၊ ဈေးရုံ ၃ ကို ကုန်မျိုးစုံ၊ ကုန် ခြောက်နှင့်    စားသောက်ဆိုင်ဈေးရုံများအဖြစ် ဖွင့်လှစ်ထားကြောင်း သိရသည်။

အဆိုပါ ဈေးသစ်တွင်   နေပြည်တော်၊ တပ်ကုန်း၊  ပြည်၊  သာရဝေါ၊  ပုတီးကုန်း၊ ဇီးကုန်း၊ သဲကုန်း၊ ပန်းတနော်၊ ကျိုက်လတ်၊ တိုက်ကြီး၊  မှော်ဘီ၊  ဥက္ကံ၊  ညောင်တုန်း၊ မအူပင်၊ ညောင်နှစ်ပင်၊ ကြာကန်ဒေသတို့မှ ကုန်ပစ္စည်းများ   အများဆုံး ဝင်ရောက်လျက် ရှိကြောင်း သိရသည်။

''တညင်းကုန်းဈေးသစ်က  အဆင့်မြင့် လက်ကားဈေးဖြစ်ပြီး၊   ကုန်ပစ္စည်းတွေကို တစ်နေရာတည်းမှာ ရရှိအောင် ဆောင်ရွက်ထားပါတယ်။ ရောင်းချသူနဲ့ ဝယ်ယူသူတွေ လွတ်လပ်စွာ ရောင်းချနိုင်အောင်    တည်ဆောက်ထားတာပါ။ ကားရပ်နားဖို့နေရာ တွေ၊ အကြီးစားပွဲရုံ၊ လေလံရုံ၊ အအေးခန်း နဲ့ အဆင့်မြင့် စားသောက်ဆိုင်တွေ ပါဝင်ပါတယ်''ဟု တညင်းကုန်း လက်ကားဈေးသစ်မှ မန်နေဂျာ ဦးရဲထွန်းက ပြောသည်။

လက်ကားဈေးသစ်ရှိ ဈေးရုံ ၂ တွင် ၅ ပေပတ်လည်(နေ့ ၈ဝဝ/ည ၉ဝဝ)နှင့် တစ် နေကုန်ရောင်းချပါက  ဆိုင်ခန်းခ  ငွေကျပ် ၁၇ဝဝ ကျသင့်ကာ ဈေးရုံ ၁ နှင့် ၃ တွင် (၅ ပေx ၁၁ ပေနှင့် ၅ ပေx၁၃ ပေ) နှစ်မျိုးရှိကာ ဈေးနှုန်းမှာ တစ်လလျှင် ငွေကျပ် ၈၅ဝဝဝ မှ တစ်သိန်းဝန်းကျင်အထိ ရှိကြောင်း သိရသည်။

ထို့ပြင် ဈေးဟောင်းထက် ဈေးသစ်မှာ   သန့်ရှင်းသပ်ရပ်မှု ရှိသော်လည်း  ဆိုင်ခန်း ငှားရမ်းခ များပြားသည့်အတွက် အခက်အခဲ များရှိနေခြင်း ဖြစ်ကြောင်း  ပျံကျဈေးသည်  ဒေါ်သီတာက ပြောသည်။ တညင်းကုန်းဈေး ဟောင်းတွင် တစ်လလျှင် ဆိုင်ခန်းခ ငွေကျပ် ၆ဝဝဝ သာပေးရသည်။

''ကုန်ကျစရိတ်ကလည်း ကိုယ့်ဈေးတန်း လေးနဲ့ကိုယ်ဆိုတော့ အဆင်ပြေတယ်။ ဒီမှာ က ဈေးသက်သာတယ်။ ပစ္စည်းတင်လာတဲ့ကားခပဲကုန်ကျတာ။  ဒီဘက်မှာ အခွန်အခ သက်သာတော့ ဈေးရောင်းလို့ကောင်းတယ်''ဟု ဒေါ်သီတာကပြောသည်။

''ဈေးသစ်ကတော့   မနက်ပိုင်းဆိုရင် အရောင်းအဝယ်ကောင်းတယ်။ ဈေးဟောင်းကတော့ နေ့ဘက်ပိုကောင်းတယ်။ အရောင်း အေးနေတော့  နှစ်ဖက်ခွဲပြီး  မိသားစုတွေ လူခွဲရောင်းနေရတယ်''ဟု ဈေးရောင်းချသူ ဦးကျော်ဌေးက ပြောသည်။

ထို့ပြင် တညင်းကုန်းဈေးသစ် စတင်ဖွင့် လှစ်ချိန်မှစ၍  ဈေးဟောင်းသို့   ကုန်ဝင်ထက်ဝက်ခန့် လျော့ကျသောကြောင့်   ကုန် ထမ်းလုပ်သားများ    အခက်အခဲဖြစ်နေကြောင်း သိရသည်။

''အရင်တုန်းက ကုန်ထမ်းရတာ အလုပ် ဖြစ်တယ်။ အခု ဈေးသစ်ထဲကို ပြောင်းသွားတော့ နည်းနည်းပဲရတယ်။  ကုန်အဝင်နည်း သွားတယ်။  အဝင်ကထက်ဝက်လောက်ကျသွားတယ်။ ကားကြီးတွေ မဝင်ဘဲ ကားလေး တွေနဲ့ဟိုဘက်ကနေကဲ့ပြီး    ဒီဘက်လာချကြတယ်။    ဒီကိုတိုက်ရိုက်ဝင်တဲ့ ကားတွေ  မလာတော့ဘူး။   ဈေးသစ်ဖွင့် တာကတော့ တစ်နှစ်ကျော်လောက် ရှိပြီ'' ဟု ဈေးဌာနခွဲ (၂)မှ အလုပ်သမားမှူး ဦးသိန်းလွင်က ပြောသည်။

ယင်းဈေးသို့ ယခင်က နေ့စဉ်ကုန်တန်ချိန် ၁၃ဝ ဝန်းကျင်နှင့် ယာဉ်အစီးရေ ၈ဝ ဝန်းကျင် ဝင်ရောက်ခဲ့သော်လည်း တညင်းကုန်းဈေး သစ်စတင် ဖွင့်လှစ်ချိန်မှစ၍  ကုန်တန်ချိန် ၈ဝ ဝန်းကျင်နှင့် ယာဉ်အစီးရေ ၄ဝ ဝန်းကျင် သာဝင်ရောက်ကြောင်း သိရသည်။

ယင်းဈေးဟောင်း၌ အမြဲတမ်းလုပ်သား ၇၄ ဦးနှင့် အရန်လုပ်သား ၅ဝ ခန့်ရှိရာ ကုန် ဝင်ရောက်မှုနည်းပါးသောကြောင့် ယခင်က  တစ်ရက်လျှင်  အလုပ်သမားတစ်ဦး  ကုန်ထမ်းခ  ငွေကျပ်  တစ်သောင်းဝန်းကျင် ရရှိခဲ့ရာမှ  လတ်တလောတွင်  တစ်ရက်လျှင် ငွေကျပ်   ငါးထောင်ဝန်းကျင်သာ ရရှိတော့ကြောင်း သိရသည်။

''ကုန်အဝင်နည်းတော့  လုပ်ခနည်းသွားတယ်။    အားလုံးလည်း အခက်အခဲရှိသွားတယ်။ ဟိုဘက်ဈေးမှာတုန်းက ကုန်ဝင်တာ များတယ်။  ဘာပဲပြောပြော ကိုယ့်ဈေးဘက် မှာ အရင်လိုပဲလုပ်ချင်ပါတယ်''ဟု ဌာနခွဲ(၂)မှ အမြဲတမ်း ကုန်ထမ်းလုပ်သား ဦးလှိုင်ဝင်း အောင်ကပြောသည်။

အဆိုပါ ဈေးဟောင်းသို့ ယခင်က နယ်စုံမှ ဟင်းသီးဟင်းရွက် အမျိုးမျိုးနှင့် သစ်သီးဝလံ အမျိုးမျိုး     ဝင်ရောက်မှု ရှိသော်လည်း လက်ရှိတွင် ဝင်ရောက်မှု ထက်ဝက်ခန့်လျော့ကျကာ  ကလော၊ အောင်ပန်း၊ တောင်ကြီး၊ မန္တလေး၊  ရမည်းသင်း  စသည့် ဒေသများမှ ကားကြီးများ ဝင်ရောက်မှု မရှိတော့ကြောင်း သိရသည်။

ထို့ပြင်  ကြံကဲ့သို့သော  ပစ္စည်းထားရန် နေရာကျယ်ဝန်းစွာ ယူသည့် ကုန်များအတွက် ယခင်ဈေးဟောင်း၌သာ အဆင်ပြေနိုင်မည် ဖြစ်ကြောင်း ကြံ၊ ပြောင်းနှင့် ရာသီကုန်ရောင်းချသူ ဒေါ်မြတ်ကပြောသည်။

''ကြံဆိုရင် အရှည်က ၈ ပေ လောက်ရှိတယ်။ ဈေးသစ်မှာကတော့ ၅ ပေပတ်လည် ဆိုင်ခန်းတစ်ခန်းကို တစ်လငွေကျပ်  ၅၂ဝဝဝ  ဆိုတော့ အနည်းဆုံး အခန်းလေးခန်းယူမှ ရမယ်။ ဆိုင်ခန်းကကျဉ်းတယ်။ အခွန်အခက လည်းများတယ်။  ဘယ်လိုမှမပေးနိုင်ဘူး။  ပြောင်းဖူးဆိုလည်း  တစ်ခန်းနဲ့မရဘူး'' ဟု ဒေါ်မြတ်ကပြောသည်။

ထို့ကြောင့်  ၂ဝ၁၆ ခုနှစ်မှစ၍  ဈေး ဟောင်းရှိ ဈေးရုံကိုယ်စားလှယ်များ  ဦးဆောင်၍    သက်ဆိုင်ရာ အဆင့်ဆင့်သို့မပြောင်းရွှေ့လိုကြောင်း တင်ပြထားသည်ဟု ဈေးဟောင်း(ခ)ရုံမှ    ကုန်စိမ်းဒိုင်ပိုင်ရှင် ဒေါ်ထွေးက ပြောသည်။

ထိုသို့တင်ပြရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လက်အောက်၌ အဆင့်မြင့်ဈေးအဖြစ်  ပြန်လည် တည်ဆောက်ပြီး  မူလဆိုင်ခန်းများအား  မူလဈေးသည်များက အခွန်များ ပုံမှန်ထမ်းဆောင်ရင်း ရောင်းချလိုကြောင်း  တင်ပြခဲ့ကြောင်း သိရသည်။

''အဓိက ပြောချင်တာကတော့ မပြောင်းရွှေ့ချင်ဘူး။ ဒီနေရာ၊ ဒီဈေးလေးမှာပဲ နေမြဲ အတိုင်း  ရောင်းချင်ပါတယ်။  လက်ရှိဈေး ကောက်လေးနဲ့ပဲ ရောင်းချင်တယ်။ ဒီလိုကုန်ကျစရိတ်နည်းတော့ သူများဈေးထက် ထက်ဝက်လောက်လျှော့ ရောင်းလို့ရတယ်။ စီးပွားဖြစ် မဟုတ်ပေမယ့် စားဝတ်နေရေး အဆင်ပြေတယ်''ဟု ဒေါ်သီတာက ပြောသည်။

လတ်တလောတွင် ဈေးဟောင်းမှ သွားရောက် ရောင်းချသူများ ရှိသကဲ့သို့ ဈေးနှစ်ခုခွဲကာ   ရောင်းချသူများလည်း ရှိနေသည်။

ဈေးသစ်ကို မြန်မာနိုင်ငံ၏ အဓိကကုန်စည် စီးဆင်းမှုနေရာ ဖြစ်စေရန် ရည်ရွယ်၍  ဖော်ဆောင်ထားခြင်း ဖြစ်သည်။

မည်သို့ပင်ဆို စေကာမူ  သက်ဆိုင်ရာမှလည်း စီစဉ်သင့်သည့် လုပ်ငန်းဆောင်တာ များအတိုင်း ဆောင်ရွက်နေသကဲ့သို့ ဈေး သူ၊    ဈေးသားလက်လုပ်လက်စားများ၏ အခက်အခဲများကိုလည်း  ဖြေရှင်းဆောင်ရွက် ပေးစေလိုကြောင်း ရေးသား ဖော်ပြလိုက် ရပါသည်။                      နေနှင်း

Read 42 times Last modified on Sunday, 26 May 2019 11:30