SJ WorldNews - шаблон joomla Авто

နိုင်ငံတကာ ထုတ်လုပ်ခြင်းနှင့် ထုပ်ပိုးခြင်း ဆိုင်ရာ ကုန်သွယ်ရေးပြပွဲ၌ လာရောက် လေ့လာသူ များပြား

Friday, 22 September 2017 10:27 font size decrease font size decrease font size increase font size increase font size

ရန်ကုန် စက်တင်ဘာ ၂၁

မြန်မာနိုင်ငံ၏ အကြီးဆုံးပြပွဲတစ်ခုအဖြစ် နိုင်ငံတကာ ထုတ်လုပ်ခြင်းနှင့် ထုပ်ပိုးခြင်းဆိုင်ရာ  ကုန်သွယ်ရေးပြပွဲ    (ProPak Myanmar 2017) ကို ယနေ့နံနက် ၉ နာရီ တွင် ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ Myanmar Event Park ၌ ကျင်းပကြောင်း သိရသည်။    

ပြပွဲကို စက်မှုဝန်ကြီးဌာန    ဒုတိယညွှန်ကြားရေးမှူးချုပ်  ဦးစောအောင်နှင့် တာဝန်ရှိသူများ၊  မြန်မာနိုင်ငံဆိုင်ရာ  ထိုင်းနိုင်ငံ သံရုံးမှ စီးပွားရေးသံမှူး၊  မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းဥက္ကဋ္ဌ  ဦးအေးဝင်းနှင့်   ProPak Myanmar မှ တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး  ပြခန်းများအတွင်း လှည့်လည်ကြည့်ရှု အားပေးကြသည်။

''ဒီပြပွဲကို   လာရောက်လေ့လာကြတဲ့ ပြည်တွင်းစီးပွားရေးခ လုပ်ငန်းရှင်တွေအနေနဲ့ ထုတ်ကုန်တွေကို အဆင့်မီမီ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်ကုန် ထုပ်ပိုးမှုတွေ အပြင်  နိုင်ငံတကာအဆင့်မီ  ထုတ်လုပ်မှု နည်းပညာတွေကို  ဒီပြပွဲကနေ လေ့လာခွင့်ရမယ်။ ဒါ့အပြင် ကမ္ဘာအနှံ့က နောက်ဆုံးပေါ် နည်းပညာတွေကိုပါ လေ့လာခွင့်ရမှာပါ။ချိတ်ဆက်နိုင်မယ့် အခွင့်အလမ်းကောင်းတွေ ရရှိမှာပါ''ဟု  ဦးအေးဝင်း ကပြောသည်။

အဆိုပါပြပွဲသို့  လာရောက်လေ့လာသူများအတွက် မြန်မာနိုင်ငံ အစားအစာသိပ္ပံနှင့် နည်းပညာအသင်းမှ စီစဉ်သော အသေးစားနှင့်  အလတ်စားစီးပွားရေး လုပ်ငန်းများ၏ နောက်ဆုံးပေါ်ဖွံ့ဖြိုးမှုများ၊ သုတေသနဆိုင်ရာ နည်းလမ်းနှင့် နည်းပညာစနစ်များ၊ အစားအစာသိပ္ပံနှင့်  နည်းပညာနယ်ပယ်အတွက်  ဆန်းသစ်တီထွင်မှုများကို ပြည်တွင်းပြည်ပ စီးပွားရေးနယ်ပယ် အသီးသီးမှ အောင်မြင်နေသော ပညာရှင်များနှင့် လုပ်ငန်းရှင်များက ဟောပြောဆွေးနွေးကြသည်။

ပြပွဲတွင် စက်မှုဝန်ကြီးဌာန၏ ထုတ်ကုန် ပြခန်းသာမက  အီတလီ၊ စင်ကာပူ၊ တရုတ် (တိုင်ပေ)၊ ထိုင်းနှင့် တရုတ်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၆ဝ မှ စက်မှုထုတ်ကုန် တီထွင်ဆန်းသစ်မှု ပြခန်းပေါင်း  ၁၂ဝ ကျော် ပါဝင်ပြသထားသည်။  ထုပ်ပိုးခြင်း၊  ဖြည့်သွင်းခြင်း၊ ထုတ်လုပ်ခြင်း၊ အရည်အသွေး အာမခံချက်ပေးခြင်း၊ စစ်ဆေးခြင်းနှင့် တိုင်းတာခြင်းဆိုင်ရာ ကဏ္ဍများ၊ ထုပ်ပိုးမှုအတွက် အလိုအလျောက် ထုတ်လုပ်သည့်  စက်ပစ္စည်း များ၊ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ အေးခဲခြင်း၊   တံဆိပ်ကပ်ခြင်းနှင့်  ညစ်ညမ်းမှု ထိန်းချုပ်ခြင်း စသည့် စက်ကိရိယာ အမျိုးမျိုး တို့ကို တီထွင်ဖန်တီးမှု   နည်းပညာ အမျိုးမျိုးဖြင့် ပြသထားပြီး  ပြပွဲကို စက်တင်ဘာ ၂၃ ရက်အထိ  ပြသမည်ဖြစ်ကြောင်း သိရသည်။

Read 315 times Last modified on Friday, 22 September 2017 10:28