SJ WorldNews - шаблон joomla Авто

မြန်မာ အင်တာနေရှင်နယ် ပရိဘောဂပြပွဲ ကျင်းပ

Friday, 22 September 2017 10:33 font size decrease font size decrease font size increase font size increase font size

ရန်ကုန် စက်တင်ဘာ ၂၁

မြန်မာနိုင်ငံ ကြိမ်နှင့် ဝါးလုပ်ငန်းရှင်များ အသင်းနှင့် သစ်အခြေခံ ပရိဘောဂလုပ်ငန်းရှင်များ အသင်းတို့   ပူးပေါင်းကျင်းပသည့် မြန်မာအင်တာ နေရှင်နယ် ပရိဘောဂပြပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ ကျင်းပသည်။

အဆိုပါပြပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်  ဒုတိယဥက္ကဋ္ဌ  ဦးလင်းနိုင်မြင့်၊  ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေး၊  မြန်မာနိုင်ငံ ကြိမ်နှင့်ဝါး လုပ်ငန်းရှင်များ အသင်းနာယက  ဒေါက်တာကျော်တင့်နှင့်  မြန်မာ့သစ်လုပ်ငန်း အထွေထွေ မန်နေဂျာ  ဦးဝင်းနိုင်တို့က  ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး  ပြခန်းအတွင်း ခင်းကျင်း ရောင်းချနေမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့သည်။

ပြပွဲတွင် ပြည်တွင်းထွက်  ကြိမ်၊ ဝါးနှင့် သစ်အခြေခံပရိဘောဂ ပစ္စည်းများ၊  ဗေဒါပရိဘောဂနှင့် လက်မှုထည်များအပြင် ပြည်ပမှ တင်သွင်းသော နာမည်ကျော် ပရိဘောဂ ပစ္စည်းများကို ကုမ္ပဏီ ၅၃ ခုက ဆိုင်ခန်းပေါင်း ၁၆၇ ခန်းဖြင့် ခင်းကျင်းပြသထားသည်။

အဆိုပါပြပွဲကို  တစ်နှစ်လျှင် နှစ်ကြိမ်ပုံမှန် ခင်းကျင်းပြသလျက်ရှိပြီး ယခုပြပွဲကို စက်တင်ဘာ ၂၄ ရက်အထိ  လေးရက်ကြာ ပြသမည်ဖြစ်ကာ ပြပွဲရက်တွင် အထူးလျှော့ဈေး အစီအစဉ်များ၊  ဗလာမပါကံစမ်းမဲ အစီအစဉ်များနှင့်  Original  Product  Award   ဆုပေးပွဲများ ပါဝင်ကြောင်း  သိရသည်။

ယင်းပြပွဲကို မြန်မာ့ပရိဘောဂ ထုတ်လုပ်ခြင်းကဏ္ဍ  ပြန်လည်မြှင့်တင်နိုင်ရန်၊  သယံဇာတ ကုန်ကြမ်းများကို  စီးပွားဖြစ် တန်ဖိုးမြင့်ပစ္စည်း ထုတ်လုပ်ခြင်းသို့ ကူးပြောင်းရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ  တိုးတက်ဖော်ထုတ်နိုင်စေရန်၊ ဆင်းရဲမှု တိုက်ဖျက်ရေး အတွက် အထောက်အကူပြုနိုင်ရန်၊  ပြည်ပသွင်းကုန်ကို အားပြုနေရသော အနေအထားမှ ပြည်တွင်း၌  လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်နိုင်စေရန်၊    ကုန်ကြမ်း တန်ဖိုးထက် ဒီဇိုင်းတန်ဖိုးပိုမိုသည့်  Value  Added ပရိဘောဂထုတ်လုပ်သူများ ပေါ်ထွန်းလာစေရန်၊  ပြည်တွင်းဈေးကွက်ကို အားပြုနေသည့် ပရိဘောဂဈေးကွက်ထက်   နိုင်ငံတကာ အဆင့်မီပရိဘောဂ ပြပွဲအဆင့် ပေါ်ထွန်းလာစေရန်၊ နိုင်ငံတကာနှင့် ချိတ်ဆက်ပြီး   နည်းပညာနှင့် လုပ်ကိုင်ပုံ လုပ်နည်းစနစ်များ တိုးတက်လာရေး ဆောင်ရွက်ရန်   ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

Read 274 times Last modified on Friday, 22 September 2017 10:34