SJ WorldNews - шаблон joomla Авто

တောင်သူလယ်သမား အသက်အာမခံ အောက်တိုဘာ ၁ ရက်မှ စတင် ထားရှိနိုင်မည်

Friday, 22 September 2017 10:42 font size decrease font size decrease font size increase font size increase font size

မုံရွာ စက်တင်ဘာ ၂၁

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ လယ်ယာလုပ်ငန်း လုပ်ကိုင်လျက်ရှိသော တောင်သူများ အနေဖြင့် တစ်နှစ်အတွင်း ငွေကျပ်တစ်သိန်းမှ သိန်း ၅ဝ အထိ တောင်သူ လယ်သမား အသက်အာမခံကို  အောက်တိုဘာ   ၁ ရက်မှစတင်၍  ထားရှိနိုင်ပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့အာမခံ လုပ်ငန်းရုံးမှ သိရသည်။

တောင်သူလယ်သမား အသက်အာမခံ ထားရှိလိုသူများ အနေဖြင့် အသက် ၁၆ နှစ် မှ နှစ် ၆ဝ အတွင်းရှိရမည်ဖြစ်ပြီး တောင်သူလယ်သမားများ၊ ၎င်းတို့၏မိသားစုများ၊ ဆွေမျိုး တော်စပ်သူများ၊ လယ်ယာလုပ်ငန်း အတူလုပ်ကိုင်သူများနှင့် အခြားသူများပါ အာမခံထားရှိနိုင်သည်။

အာမခံထားရှိမည့်သူ အနေဖြင့် မိမိထားရှိမည့် နှုန်းထား၏ ၁ ရာခိုင်နှုန်းကို  တစ်နှစ်အတွင်း  ပရီမီယံကြေးအဖြစ် ပေးသွင်းရမည်ဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိခြင်း၊ ထာဝစဉ် မသန်စွမ်းဖြစ်ခဲ့ပါက အာမခံ လက်မှတ်မူရင်း၊ အကျိုးခံစားခွင့် လျှောက်ထားခြင်း ပုံစံ၊ ကုသသည့် ဆရာဝန်၏ ထောက်ခံချက်၊ အကျိုးခံစားခွင့် တောင်းခံသူ မှန်ကန်ကြောင်း ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်တို့ဖြင့် တောင်းခံရမည်ဖြစ်သည်။ အာမခံ

ထားရှိသူ သေဆုံးခြင်းအတွက် အကျိုးခံစားခွင့် တောင်းခံပါက အာမခံ လက်မှတ်မူရင်း၊ အကျိုးခံစားခွင့် လျှောက်ထားခြင်းပုံစံ၊ သေစာရင်းမိတ္တူ၊ အကျိုးခံစားခွင့် လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်း မိတ္တူ၊ အကျိုးခံစားခွင့် တောင်းခံသူမှန်ကန်ကြောင်း ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်တို့ ပါရှိရမည်ဖြစ်သည်။

''တောင်သူလယ်သမား အသက်အာမခံက ဟိုအရင်ကတည်းက ရှိပြီးသားပါ။ အခုပြင်ဆင်စရာ ရှိတာတွေပြင်ဆင်ပြီး ထပ်မံလုပ်ဆောင်တာပါ။  မြို့နယ်အလိုက်ရှိတဲ့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊  မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့နဲ့ ချိတ်ဆက်ပြီး တောင်သူတွေသိရှိစေဖို့ လုပ်ဆောင်သွားမှာပါ။ ကျေးရွာအလိုက် အာမခံထားရှိချင် တယ်ဆိုရင်လည်း ကျွန်တော်တို့ဌာနက ဝန်ထမ်းတွေက ကျေးရွာတွေ အရောက်သွားပြီး လုပ်ဆောင်ပေးသွားမှာပါ''ဟု စစ်ကိုင်းတိုင်း ဒေသကြီး   မြန်မာ့အာမခံ လုပ်ငန်းမှ  တာဝန်ခံ ဦးတင်မောင်သန်းက ပြောသည်။

တောင်သူလယ်သမား အသက်အာမခံ ထားရှိလိုသူများအနေဖြင့် ငွေကျပ်တစ်သိန်း ထားရှိသူများမှာ တစ်နှစ်လျှင်  ငွေကျပ် ၁ဝဝဝ၊ ငွေကျပ်ငါးသိန်း ထားရှိသူများမှာ တစ်နှစ်လျှင်ငွေကျပ် ၅ဝဝဝ၊ ငွေကျပ်သိန်း ၅ဝ ထားရှိသူများမှာ တစ်နှစ်လျှင် ငွေကျပ် ၅ဝဝဝဝ ကို ပရီမီယံကြေးအဖြစ် ပေးသွင်းရမည်ဖြစ်ပြီး အာမခံ အားလုံး၏ သက်တမ်းမှာ တစ်နှစ်ဖြစ်ကြောင်း သိရသည်။ 

Read 298 times Last modified on Friday, 22 September 2017 10:43