တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ဆန်းချီရပ် ကမြောကင်းလမ်းရှိ ထားဝယ်အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ဇူလိုင် ၃ ရက်နံနက်ပိုင်းက မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုက မြန်မာအမျိုးသမီး များသည် မြန်မာ့သမိုင်းတစ်လျှောက် အမျိုးသားရေးစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားပြန့်ပွားအောင် စံနမူနာအဖြစ် ကြိုးပမ်းရာတွင်လည်းကောင်း၊ မြန်မာ့လူ့ဘောင်ရှင်သန် ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ရာတွင်လည်းကောင်း၊ နောင်တစ်ခေတ်၏ ခေါင်းဆောင်များဖြစ်သော မျိုးဆက်သစ်လူငယ်များကို ပြုစုပျိုးထောင် ပေးရာတွင်လည်းကောင်း ကျရာတာဝန်များကို ကျေပွန်စွာ ပါဝင်ဆောင်ရွက်လျက်ရှိကြသည့် မြန်မာအမျိုးသမီးထုကြီး၏ စွမ်းပကားကို ယခုကဲ့သို့မြန်မာ အမျိုးသမီးများနေ့တွင် ဂုဏ်ပြုမှတ်တမ်းတင်နိုင်ခြင်းမှာ မြန်မာအမျိုးသမီးများအတွက် အထူးဂုဏ်ယူကျေနပ်အားရဖွယ် ဖြစ်ကြောင်း ပြောကြားပြီး ဖန်တီးအိမ် ကွင်းဆင်းတာဝန်ခံဒေါ်နှင်းနုလှိုင်က တနင်္သာရီတိုင်း ဒေသကြီးအတွက် အမျိုးသမီးများ ဖွံ့ဖြိုးရေးစီမံကိန်းအား မိတ်ဆက်ရှင်းလင်းသည်။
ထို့နောက် ထားဝယ်မူလတန်းကြိုကျောင်းနှင့် လောင်းလုံးမူလတန်းကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုနှင့်တာဝန်ရှိသူများက ၂ဝ၁၈-၂ဝ၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တိုင်းဒေသကြီးအဆင့် အမှတ်အများဆုံးရရှိသော မြိတ်မြို့ ကန်စွန်းအင်း ကိုယ်ပိုင်အထက်တန်းကျောင်းမှ မဆုလဲ့ရည်မွန်၊ ငါးဘာသာဂုဏ်ထူးဖြင့် တိုင်းဒေသကြီးအဆင့် သုံးထပ်ကွမ်း လူရည်ချွန်ဆုရရှိသူ မြိတ်မြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ မရွှေဇင်သန့်နှင့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံး ထူးချွန်ဆုရရှိသော လောင်းလုံးမြို့နယ် သကျက်တော အခြေခံပညာအထက်တန်း ကျောင်းမှ မသန်းသန်းစိုးတို့အား ဆုများ အသီးသီး ပေးအပ်ကြောင်း သိရသည်။