တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စု ကျွဲကူးကျေးရွာ အဏ္ဏဝါရပ်ကွက် အခြေခံပညာမူလတန်း လွန်ကျောင်းအနီးရှိ စိုက်ပျိုးရေး အသိပညာပေး စင်တာ၌ ဇူလိုင် ၄ ရက်နံနက်ပိုင်းတွင် သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များကို တောင်သူများ မျက်မြင်တွေ့ရှိပြီး လိုက်ပါဆောင်ရွက်နိုင်ရန်နှင့် စပါးဖျက်ပိုး ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် ကောက်စိုက်စက် သရုပ်ပြပွဲနှင့် စုပေါင်းရွှေခရုကောက်ပွဲ အခမ်းအနားကျင်းပသည်။
အခမ်းအနားတွင် မြိတ်ခရိုင်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးဝင်းဇော်က အမှာစကား ပြောကြားပြီး မြိတ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဝင်းမြတ်စိုးက တောင်သူလယ်သမားများအား လယ်ယာစိုက်ပျိုးရေး ကဏ္ဍများတွင် ကြုံတွေ့နေရသော သီးနှံအဖျက်ပိုးမွှားရောဂါ အန္တရာယ်များမှ ကင်းဝေးစေနိုင်ပြီး တောင်သူများအား သိပ္ပံနည်းဖြင့် စနစ်တကျ စိုက်ပျိုးခြင်းများကို မျက်မြင်တွေ့ရှိရ၍ လိုက်ပါဆောင်ရွက်နိုင်ရန်နှင့် စပါးဖျက်ပိုးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် ကောက်စိုက်စက်သရုပ်ပြသခြင်းနှင့် ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေး နည်းပညာပေး စုပေါင်းရွှေခရုကောက်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် ကျွဲကူးကျေးရွာ အဏ္ဏဝါ ရပ်ကွက် စိုက်ပျိုးရေး စင်တာအနီးရှိ မိုးစပါးစံပြစိုက်ပျိုး ကွက်လယ်ယာမြေအတွင်း၌
မြိတ်မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက အဆင့်မြင့်နည်းပညာသုံး လယ်ယာစိုက်ပျိုးရေး စက်ကိရိယာဖြင့် တောင်သူလယ်သမားများအား မိုးစပါးအောင်မြင် ဖြစ်ထွန်းစွာ စိုက်ပျိုးအသုံးပြုနိုင်စေရန်နှင့် အထွက်နှုန်း ကောင်းစေရန်အတွက် လက်တွေ့သရုပ်ပြ စိုက်ပျိုးခြင်းများ ဆောင်ရွက်ပေးပြီး မြိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြိတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက စပါးဖျက်ပိုးအန္တရာယ်မှ ကာကွယ်နိုင်ရန် စုပေါင်းရွှေခရု ကောက်ခြင်းများကို လက်တွေ့သရုပ်ပြသကြကြောင်း သိရသည်။