×

Warning

JUser: :_load: Unable to load user with ID: 105
Print this page

ရန်ကုန်တက္ကသိုလ် နှစ် (၁ဝဝ) ပြည့် ပြတိုက်ဖွင့်လှစ်ရန် စီစဉ်

Friday, 05 July 2019 11:28 font size decrease font size decrease font size increase font size increase font size

၂ဝ၂ဝ ပြည့်နှစ်တွင် ကျရောက်မည့် ရန်ကုန်တက္ကသိုလ်၏ နှစ် (၁ဝဝ) ပြည့် အထိမ်းအမှတ်အဖြစ် ပြတိုက်တစ်ခု ယခုနှစ်အတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း ရန်ကုန်တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့ တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

''ရန်ကုန်တက္ကသိုလ်နဲ့ပတ်သက်တဲ့ သမိုင်းကြောင်းတွေကို မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူတွေနဲ့ လေ့လာသူတွေအနေနဲ့ တစ်နေရာတည်းမှာ လေ့လာနိုင်အောင် စီစဉ်တာဖြစ်ပါတယ်'' ဟု ၄င်းကပြောသည်။

အဆိုပါပြတိုက်ကို ရန်ကုန်တက္ကသိုလ်အတွင်း အဓိပတိလမ်းမရှိ ခြံအမှတ် (၃၃)တွင်ရှိသည့် အဆောက်အအုံ၌ လိုအပ်သောပြင်ဆင်မှုများကို လုပ်ဆောင်နေခြင်းဖြစ်သည်။

ပြတိုက်အဆောက်အအုံတွင် ပြခန်းပေါင်းငါးခန်း ပါဝင်မည်ဖြစ်ပြီး ခေတ်အလိုက်ခွဲခြားကာ ပြသမည်ဖြစ်သည်။ ၁၉၂ဝ ပြည့်နှစ်မတိုင်မီက ရန်ကုန်တက္ကသိုလ်၏ ခေတ်ကာလကို အခန်း (၁) ၌လည်းကောင်း၊ ၁၉၂၁ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ်၏ ငွေရတုခေတ်ကာလကို အခန်း(၂) ၌လည်းကောင်း၊ ၁၉၄၆ ခုနှစ်မှ ၁၉၇ဝ ပြည့်နှစ်အထိ ရန်ကုန်တက္ကသိုလ်၏ ရွှေရတုခေတ်ကာလကို အခန်း (၃) ၌လည်းကောင်း၊ ၁၉၇၁ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ်၏ စိန်ရတုခေတ်ကာလကို အခန်း (၄) ၌လည်းကောင်း၊ ၁၉၉၆ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အထိ ရန်ကုန်တက္ကသိုလ်၏ လက်ရှိ နှစ် (၁ဝဝ) ပြည့် မျက်မှောက်ခေတ်ကာလကို အခန်း (၅) ၌လည်းကောင်း ပြသရန် စီစဉ်လျက်ရှိသည်။

ပြတိုက်အဆောက်အအုံမှာ ၁၉၂ဝ ပြည့်နှစ်က တည်ဆောက်ထားသည့် အဆောက်အအုံလည်းဖြစ်သကဲ့သို့ ယင်းအဆောက်အအုံ၏ သက်တမ်းမှာလည်း နှစ် (၁ဝဝ)ရှိပြီဖြစ်သည့်အပြင် ကိုလိုနီခေတ်လက်ရာ များဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။

ထိုစဉ်က တည်ဆောက်မှု ကုန်ကျစရိတ်မှာ ငွေကျပ် ၂ဝဝ သာ ကုန်ကျခဲ့ပြီး သမိုင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ရာ အဆောက်အအုံလည်းဖြစ်သည်။ ရန်ကုန်တက္ကသိုလ်၏ နှစ် (၁ဝဝ) ပြည့်ကာလ အတွင်းတွင် ကျောင်းသား၊ ကျောင်းသူများ၏ ယဉ်ကျေးမှုပွဲတော်များ၊ စာတမ်းဖတ်ပွဲများ၊ စာပေနှင့်ဆိုင်သည့် ပွဲတော်များကိုလည်း ကျင်းပရန် စီစဉ်ကြကြောင်း သိရသည်။

ထက်ခိုင်(စမ်းချောင်း)

Read 139 times Last modified on Friday, 05 July 2019 11:29