SJ WorldNews - шаблон joomla Авто

ရန်ကုန်မြို့ ရှိ ဆူးလေလူကူးခုံးကျော်တံတားအပါအဝင် ခုံးကျော်တံတားတချို့ ၌ စက်လှေကားများ တပ်ဆင်ရန်စီစဉ်နေ

Monday, 22 July 2019 09:25 font size decrease font size decrease font size increase font size increase font size

ရန်ကုန်မြို့ရှိ ဆူးလေလူကူးခုံးကျော်တံတားအပါအဝင် ခုံးကျော်တံတားတချို့၌ စက်လှေကားများတပ်ဆင်ရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်း၏ပြောကြားချက်အရ သိရသည်။

လူကူးခုံးကျော်တံတား အချို့၌ ယခင်က စက်လှေကား ထည့်သွင်းတည်ဆောက်ခြင်း မရှိသော်လည်း နောက်ပိုင်း တည်ဆောက်မည့် လူကူးခုံးကျော်တံတားများ၌ စက်လှေကားများ ထည့်သွင်းတည်ဆောက်မည်ဖြစ်သည်။ ယခုအခါ လတ်တလောတည်ဆောက်ပြီးသော ခုံးကျော်တံတားများ၌ စက်လှေကားတပ်ဆင်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး စက်လှေကားများကို သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေးအရ အတက်၊ အဆင်းပြုလုပ်ရန် အခက်အခဲရှိသူများ အဆင်ပြေမှုရှိစေရေးအတွက် တပ်ဆင်ပေးခြင်း ဖြစ်ကြောင်း၊ စက်လှေကားများ တပ်ဆင်ပေးနိုင်ရန် ဒီဇိုင်းပုံစံအဆိုပြုထားခြင်းတို့ပြုလုပ်ထားကြောင်း သိရသည်။

''လူကူးခုံးကျော်တံတားတွေမှာ စက်လှေကားတပ်ဆင်ဖို့ပြင်ဆင်နေပါတယ်။ နောက်တစ်ခုက အမြင့်မတက် နိုင်သူတွေကို မြေအောက်လူသွားလမ်းတစ်ခုစီ အကောင်အထည်ဖော် ပေးနိုင်ဖို့လည်း စီစဉ်နေပါတယ်။

နေရာလည်း ရွေးချယ်ထားပြီးဖြစ်ပါတယ်။

မြေအောက်လူသွားလမ်းတွေမှာဆိုရင် ဈေးဝယ်စင်တာတွေပါ ထည့်သွင်းနိုင်အောင် လုပ်ဆောင်မှာပါ'' ဟု ဦးသန်းကပြောသည်။

ထို့ပြင် ရန်ကုန်မြို့၌ အများပြည်သူသွားလာရေးအဆင်ပြေစေရန် ဗဟန်းမြို့နယ် ဦးဝိစာရလမ်း (ရွှေတိဂုံစေတီတော်အနောက်ဘက်မုခ်အနီး)နှင့် ကမာရွတ်မြို့နယ် ပြည်လမ်း ပညာရေးတက္ကသိုလ် (စိုက်ပျိုးရေးမှတ်တိုင်) တို့၌ ဈေးဝယ်စင်တာငယ်များပါဝင်သည့် မြေအောက်လူသွားလမ်းဖောက်လုပ်ရန် စီစဉ်နေကြောင်း၊ ယင်းတို့ကို အကောင်အထည်ဖော်ရန် ဒီဇိုင်းပိုင်းဆိုင်ရာ နှင့်ပတ်သက်၍ ဆွေးနွေးလျက်ရှိသည့် အပြင်ကုန်ကျစရိတ်ကိုပါ တွက်ချက်မည်ဖြစ်ကြောင်း၊ ယခင်က မြေအောက်လူသွားလမ်းဖောက်လုပ်ရန် တင်ဒါခေါ်ယူမှုများရှိခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အကောင်အထည်ဖော်နိုင်ခြင်းမရှိသဖြင့် ယခုအခါ ပြန်လည်ဖော်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

စိုးမိုး

Read 52 times Last modified on Monday, 22 July 2019 09:26