SJ WorldNews - шаблон joomla Авто

ရခိုင်ပြည်နယ်အစိုးရ အဖွဲ့တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီး ပြောင်းလဲခန့်အပ်

Thursday, 22 August 2019 08:56 font size decrease font size decrease font size increase font size increase font size

ပြည်ထောင်စုလွှတ်တော် အစည်းအဝေး

နေပြည်တော် သြဂုတ် ၂၁၊

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော  ရခိုင်ပြည်နယ် အစိုးရအဖွဲ့တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနဝန်ကြီး  ဗိုလ်မှူးကြီးဖုန်းတင့် အစား  ဗိုလ်မှူးကြီးမင်းသန်းအား ခန့်အပ်တာဝန် ပေးခြင်းကို နာယက ကတင်ပြပြီး လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

ထို့နောက် ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာကို ဥပဒေကြမ်း ပူးပေါင်းကော်မတီမှ တာဝန်ရှိသူတစ်ဦးက လွှတ်တော်သို့ ဖတ်ကြားတင်ပြပြီး ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ မူနှင့်အခြေခံသဘော အပါအဝင် စီမံကိန်း လုပ်ငန်းများအပေါ် ဆွေးနွေးလိုသည့်  လွှတ်တော် ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက  က  ကြေညာသည်။

ဆက်လက်၍ ၂ဝ၁၉ - ၂ဝ၂ဝ ဘဏ္ဍာနှစ် ပြည်ထောင်စု၏  ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေဆိုင်ရာနှင့် ရငွေသုံးငွေဆိုင်ရာ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာများကို ဥပဒေကြမ်း ပူးပေါင်းကော်မတီနှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဖတ်ကြားတင်ပြကြပြီး ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ မူနှင့်အခြေခံ သဘောအပါအဝင် ရငွေသုံးငွေများအပေါ် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက   အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်နာယက က ကြေညာသည်။

ထို့နောက် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ပေးပို့သော ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စု၏   ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေပါ ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေ ငွေစာရင်းများနှင့် စပ်လျဉ်းသည့် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့် ပတ်သက်၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၁၁ /၂ဝ၁၉) အပါအဝင်   လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ်  နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က မိမိတို့ဝန်ကြီးဌာန အနေဖြင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတွင် ငွေလုံးငွေရင်း အသုံးစရိတ် မူလခွင့်ပြုငွေဖြင့် စက်ကိရိယာ သုံးမျိုး တန်ဖိုးငွေကျပ် သုည ဒသမ ၂၂၄ ဘီလီယံကို လင်းကုမ္ပဏီနှင့် ငါးကြိမ်ချုပ်ဆို ဝယ်ယူခဲ့ခြင်း၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာနတွင် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း) ပါမောက္ခချုပ်   နေအိမ်   ဆောက်လုပ်ခြင်း လုပ်ငန်းကို အောင်မြင်သံလွင် ကုမ္ပဏီသို့ လုပ်ငန်းအပ်နှံ ဆောင်ရွက်ခဲ့ခြင်းကို တင်ဒါခေါ်ယူမှု မပြုဘဲ ဝန်ကြီးဌာနစီမံခန့်ခွဲရေး ကော်မတီ၏ ဆုံးဖြတ် ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဟု အစီရင်ခံစာတွင်  ဖော်ပြထားကြောင်း။

၂ဝ၁၇- ၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ငွေလုံးငွေရင်း အသုံးစရိတ်ခွင့်ပြုငွေကျပ် ၇၆ ဒသမ ၄၃ ဘီလီယံဖြင့် လုပ်ငန်းစုစုပေါင်း ၇၆၃ ခုကို နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက် (၁/၂ဝ၁၇)နှင့်အညီ ၂ဝ၁၇ ခုနှစ် မေ ၁၃ ရက်တွင် တင်ဒါကြော်ငြာ ခေါ်ယူခဲ့ပြီး ၂ဝ၁၇ ခုနှစ် မေ ၂၈ ရက်တွင် တင်ဒါဖွင့်၍ တင်ဒါအောင်မြင်သည့် ကုမ္ပဏီများကို (၁/၂ဝ၁၇) နှင့်အညီ လုပ်ငန်းများ အပ်နှံဆောင်ရွက်ခဲ့ကြောင်း။

အစီရင်ခံစာတွင်ပါရှိသည့် လုပ်ငန်းနှစ်ခုအနက် အီလက်ထရွန်နစ်ဆိုင်ရာ   စက်ကိရိယာ ၁၃ မျိုး တန်ဖိုး ငွေကျပ် သုည ဒသမ ၂၂၄ ဘီလီယံကို စာချုပ်ငါးကြိမ် ချုပ်ဆိုဝယ်ယူခဲ့ခြင်းမှာ   ဘဏ္ဍာရေးနှစ်စ ကာလ၌ ဒေါ်လာငွေ လဲလှယ်နှုန်းမြင့်မား၍ အီလက်ထရွန်နစ်ဆိုင်ရာ စက်ကိရိယာဈေးနှုန်းများ မြင့်မားနေကာ တင်ဒါခေါ်ယူသည့် အချိန်တွင် ခွင့်ပြုဘတ်ဂျက် ခွင့်ပြုလျာထားငွေဖြင့် လုံလောက်ခြင်း မရှိသဖြင့် ချန်လှပ်ထားခဲ့ပြီး ဘဏ္ဍာရေး ကုန်ဆုံးရက် နီးကပ်ချိန်တွင် ဒေါ်လာငွေ လဲလှယ်နှုန်း ဝင်ဆံ့မှုမရှိသည့်အချိန်တွင် ဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် ပစ္စည်းဝယ်ယူရေး ကော်မတီ၊  အရည်အသွေး စစ်ဆေးရေး ကော်မတီများ ဖွဲ့စည်း၍ ပစ္စည်းအမျိုးအစား ခွဲခြားပြီး ပစ္စည်းငါးမျိုး  အချိန်မီ ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း။

ဒုတိယအချက်အနေဖြင့် ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာနတွင် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) ပါမောက္ခချုပ်နေအိမ် နှစ်ထပ် ဆောက်လုပ်ခြင်း လုပ်ငန်းအား   ငွေကျပ် သုည  ဒသမ ဝ၆၈ ဘီလီယံကို ဦးစီးဌာန မူလတင်ဒါခေါ်ယူစဉ်က ဒေသတူ၊ အမျိုးအစားတူ မဖြစ်မနေ ဆောင်ရွက်ရန် လိုအပ်သည့် အခြားလုပ်ငန်းသို့ ရန်ပုံငွေခေါင်းစဉ် လွှဲပြောင်းသုံးစွဲရန် တင်ပြထားသည့်အတွက် တင်ဒါတွင် ထည့်သွင်းနိုင်ခြင်း မရှိခဲ့ကြောင်း၊

သို့သော် ရန်ပုံငွေခွဲ ခေါင်းစဉ်လွှဲပြောင်း ဆောင်ရွက်ခွင့် ခွင့်ပြုမိန့် မရခဲ့သဖြင့် မူလလုပ်ငန်းအား ပြန်လည်ဆောင်ရွက်ရာ တည်ဆောက်ချိန် နောက်ကျပြီး  လုပ်ငန်းတစ်ခု တည်းသာဖြစ်ခြင်း၊ တင်ဒါခေါ်ယူပါက အချိန်ကြန့်ကြာ မည်ဖြစ်ခြင်း၊ အချိန်မီပြီးစီးနိုင်ရေး အတွက် ဝန်ကြီးဌာန စီမံခန့်ခွဲရေး ကော်မတီ ဆုံးဖြတ်ချက်ဖြင့် ဦးစီးဌာန တည်ဆောက်ရေး လုပ်ငန်းများတွင် တင်ဒါအောင်မြင် တာဝန်ယူ ဆောင်ရွက်နေပြီး လုပ်ငန်းအချိန်မီ ပြီးစီးနိုင်သော အောင်မြင်သံလွင်ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။

မိမိတို့ဝန်ကြီးဌာန အနေဖြင့် ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ တို့၏ အကြံပြုချက်များအပေါ် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရေးကို စိစစ်ကြပ်မတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

အထက်ပါ အစီရင်ခံစာ (၁၁/၂ဝ၁၉)ကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး တို့မှ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များကလည်း ပြန်လည်ရှင်းလင်း ဆွေးနွေးကြပြီး အဆိုပါအစီရင်ခံစာ(၁၁/၂ဝ၁၉)ကို လွှတ်တော်က သဘောတူလက်ခံရန် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီမှ တာဝန်ရှိသူ တစ်ဦးက အဆိုတင်သွင်းပြီး လွှတ်တော်၏ အတည်ပြုချက် ရယူသည်။

ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ကို သြဂုတ် ၂၃ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Read 42 times Last modified on Thursday, 22 August 2019 08:57