SJ WorldNews - шаблон joomla Авто

မိုးစပါးအထွက်နှုန်းကောင်းစေရန်အတွက် မျိုးသန့်မျိုးပွားပျိုးထောင်စိုက်ပျိုးရေးနည်းစနစ်များ အသုံးပြုသူ ပိုမိုများပြားလာ

Thursday, 22 August 2019 09:41 font size decrease font size decrease font size increase font size increase font size

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ မိုးစပါးအထွက်နှုန်းကောင်းစေရန်အတွက် မျိုးသန့်မျိုးပွားပျိုးထောင်စိုက်ပျိုးရေး  နည်းစနစ်များကို ယခုအခါ အသုံးပြုသူ ပိုမိုများပြားလာကြောင်း မိုးစပါးစိုက်ပျိုးသူ တောင်သူများထံမှ  သိရသည်။

မြိတ်မြို့နယ်ရှိ ကျေးရွာများတွင် မိုးစပါး စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ  တောင်သူလယ်သမားများသည်  များသောအားဖြင့် မျိုးသန့်မျိုးပွား ပျိုးထောင်စိုက်ပျိုးရေးနည်းထက် မျိုးစေ့များကို ကြဲပက်စိုက်ပျိုးနည်း စနစ်ဖြင့်သာ  လုပ်ကိုင်အသုံးပြုသူများပြားပြီး  အထွက်နှုန်းနည်းသဖြင့်   ယခုလက်ရှိအချိန်တွင်    မိုးစပါးစိုက်ပျိုးသူတောင်သူ လယ်သမားများသည် စပါးအထွက်နှုန်း ပိုများပြားလာစေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏    နည်းပညာများ နှင့်အတူ မျိုးသန့်မျိုးပွားပျိုးထောင်စိုက်ပျိုးနည်းစနစ်များကို    ပိုမိုလုပ်ကိုင်လာကြသည်။

''ကျွန်တော်တို့က  မျိုးသန့်မျိုးပွားပျိုးထောင်စိုက်ပျိုးနည်းကို    ပြီးခဲ့တဲ့တစ်နှစ်လောက်ကမှစတင်အသုံးပြုခဲ့တာပါ။ မျိုးသန့်မျိုးပွားပျိုးထောင်စိုက်ပျိုးနည်းက မျိုးသန့်မျိုးစေ့ချပျိုးထောင်စိုက်ခင်းမှ အပင်ငယ်တွေကို အတန်းချစိုက်ပျိုးပြီး အပတ်စဉ် ပေါင်းသတ်ခြင်း၊  ပိုးသတ်ဆေးဖျန်းပေးခြင်းနှင့် ဓာတ်မြေသြဇာကျွေးခြင်းတို့  ဆောင်ရွက်တယ်။ အရင်က မျိုးစေ့ကြဲပက်နည်းထက်တော့ အကုန်အကျပိုများပေမယ့် အထွက်နှုန်းက ထက်ဝက်နီးပါးလောက်ပိုပါတယ်''ဟု ဝန်မယ်ကျေးရွာမှ    တောင်သူတစ်ဦးကပြောသည်။

မြိတ်မြို့နယ်၌  ယခင်က တောင်သူအများစုမှာ မျိုးစေ့များကိုတိုက်ရိုက်ကြဲပက်နည်းစနစ်ကိုသာ အဓိကအားထား၍ အသုံးပြုကြသော်လည်း တစ်ဧကလျှင်  စပါးအတင်း  ၄ဝ  ဝန်းကျင်သာ  ထွက်ရှိကာ မြေသြဇာအလွန် ကောင်းမွန်သည့်ကျေးရွာ တချို့တွင်သာ စပါးအတင်း ၅ဝ ကျော်ခန့်မျှ  ထွက်ရှိသည်။ သို့ဖြစ်၍ တစ်ဧကလျှင်  အနည်းဆုံးစပါးအတင်း ၇ဝ ကျော်မှ စပါးအတင်း ၉ဝ နီးပါးအထိ  ထွက်ရှိသည့်အတွက် အဆိုပါစိုက်ပျိုးနည်းဖြင့်သာ စိုက်ပျိုးကြကြောင်း  ပသောင်း၊  မဇော၊ တုန်းဗျော၊ အင်္ဂမော်၊ စန္ဒဝတ်နှင့် သဘွတ်စသည့် ကျေးရွာအုပ်စုများရှိ တောင်သူများထံမှ  သိရသည်။

Read 36 times Last modified on Thursday, 22 August 2019 09:43