SJ WorldNews - шаблон joomla Авто

သြဂုတ်လကုန်ပိုင်းတွင် ထူးကဲဒီရေထပ်တက်နိုင်၍ ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်

Thursday, 22 August 2019 09:46 font size decrease font size decrease font size increase font size increase font size

သြဂုတ်လကုန်ပိုင်းတွင်  ထူးကဲဒီရေ ထပ်တက်နိုင်သည့်အတွက်  ရန်ကုန်တိုင်း ဒေသကြီးအတွင်း  မြစ်ကမ်းအနီးနေရာတချို့၌    နေထိုင်သူများ   အန္တရာယ် မကြုံစေရန်  ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း   ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး  ဒေါ်လှိုင်မော်ဦး၏ ပြောပြချက်အရ သိရသည်။

''သြဂုတ် ၃၁ ရက်နဲ့စက်တင်ဘာ ၁ရက်ကြားမှာ   ထူးကဲဒီရေတက်တာမျိုးကြုံနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ မြစ်ရဲ့အခြေအနေအရ ရေထရက်လည်းဖြစ်လို့ရေကြီးရေလျှံမှုတွေမဖြစ်အောင် လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ  လုပ်ဆောင်နေပါတယ်''  ဟု ဒေါ်လှိုင်မော်ဦးကပြောသည်။

သြဂုတ်လဆန်းပိုင်းက ထူးကဲဒီရေတက်သည့် အခြေအနေမျိုးကြုံခဲ့သော်လည်း ယခုတစ်ဖန်  ဒီရေတက်မည့်ဖြစ်စဉ်သည် အမြင့်မားဆုံးသော    အခြေအနေမျိုး ကြုံလာမည်ဟု ခန့်မှန်းထားကြသည်။

''လောလောဆယ်တော့ ရေစီးရေလာကောင်းဖို့၊ အနိမ့်ပိုင်းရေဝင်နိုင်တဲ့နေရာတွေကို သဲအိတ်တွေနဲ့ ကြိုတင်စီမံဖို့၊ မြစ်ချောင်းအနီး အနိမ့်ပိုင်းတွေမှာ နေထိုင်သူတွေအနေနဲ့ လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုတွေကို လုပ်ဆောင်ဖို့ ဆောင်ရွက်နေပါတယ်။ ကယ်ဆယ်ရေးစခန်းကိုလည်း ဘယ်နေရာတွေမှာ ဖွင့်မယ်ဆိုတာ ကအစ ဆောင်ရွက်နေပါတယ်''  ဟု  မင်္ဂလာတောင်ညွန့်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်လှိုင်ကပြောသည်။

ရန်ကုန်မြို့သည် ပဲခူးမြစ်၊ ရန်ကုန်မြစ်၊ ပန်းလှိုင်မြစ်တို့ ဝန်းရံနေပြီး ယင်းမြစ်များသည် ဒီရေအတက်အကျရှိသည့်မြစ်များ လည်းဖြစ်၍   အထက်ပိုင်းဒေသတို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ကြောင်းအတိုင်း တရွေ့ရွေ့ စီးဆင်းလာသော   ရေများကလည်း သက်ရောက်မှုရှိသဖြင့်  ရာသီဥတုဖောက်ပြန်ကာ   ရေကြီးရေလျှံမှု ကြုံတတ်ကြောင်း သိရသည်။

၂ဝ၁၈  ခုနှစ်  သြဂုတ်တတိယပတ် အတွင်းကလည်း   ထူးကဲဒီရေတက်ပြီး မိုးရွာသွန်းမှုများပြားသည့် အခြေအနေနှင့်တိုက်ဆိုင်ခဲ့ခြင်းကြောင့်   ရန်ကုန်မြို့တွင်း  ခြောက်မြို့နယ်ရှိ  ကမ်းနားလမ်းတစ်လျှောက် ရေလျှံမှုများ ကြုံခဲ့ရသည်။

ရန်ကုန်မြစ်တွင် ထူးကဲဒီရေနှင့် ပတ်သက်၍ အခြေခံရေစစ်မျဉ်းထက် ပေ ၂ဝ ကျော်သည့်အခါ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သတင်းထုတ်ပြန်မှုများ လုပ်ဆောင်လေ့ရှိသကဲ့သို့   ယခင်က  ၂၂  ပေနီးပါးအထိ ဒီရေတက်ခဲ့ဖူးပြီး  ယခုနှစ်တွင်  ယခင်ကထက် ၂ ပေခန့် ပိုမိုနိုင်ကြောင်း ခန့်မှန်းထားကြသည်။

ထက်ခိုင်(စမ်းချောင်း)

Read 44 times Last modified on Thursday, 22 August 2019 09:47