SJ WorldNews - шаблон joomla Авто

မြန်မာနိုင်ငံဘက်မှ စနစ်တကျ ပြင်ဆင်၍ အဆင်သင့် စောင့်ဆိုင်းခဲ့သော်လည်း နေရပ်စွန့်ခွာသူများ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည် ရောက်ရှိလာခြင်း မရှိ

Friday, 23 August 2019 09:45 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  သြဂုတ်   ၂၂

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊  နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီဥက္ကဋ္ဌ    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊     နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးခင်မောင်တင်တို့နှင့်    တာဝန်ရှိသူများ လိုက်ပါလျက် ၂ဝ၁၉ ခုနှစ်  သြဂုတ် ၂၁ ရက်တွင်   ရခိုင်ပြည်နယ်   စစ်တွေမြို့သို့ ရောက်ရှိပြီး နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးနှင့်  ပြန်လည် နေရာချထားရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ညှိနှိုင်း အစည်းအဝေး ကျင်းပရာ အစည်းအဝေးသို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်  ဦးညီပု၊   ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားရာတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူစာချုပ်ပါ အတိုင်း    နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးအတွက်   မြန်မာနိုင်ငံဘက်က အဆင်သင့်ဖြစ်အောင် ဆောင်ရွက်ထားခဲ့ပြီး ဖြစ်ကြောင်း၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၊ သဘာဝဘေး စီမံခန့်ခွဲမှုအတွက် လူသားချင်း စာနာကူညီမှုဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူးရုံး(AHA Centre)နှင့်  ASEAN ERAT အဖွဲ့တို့မှ တာဝန်ရှိသူများကလည်း ပြန်လည်လက်ခံရေး စခန်းများနှင့် လှဖိုးခေါင်ကြားစခန်း၏ လုပ်ငန်းဆောင်ရွက်မှုအား စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊သတင်း အချက်အလက်များ ဖြန့်ဝေရာတွင် ခိုင်မာအားကောင်းမှု ရှိစေခြင်း၊ အခြေခံ ဝန်ဆောင်မှုများ ထောက်ပံ့ခြင်း   စသည့်ကိစ္စရပ်များ လိုအပ်သလို  ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် အလုပ်သမား၊  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ MoU လက်မှတ်ရေးထိုး ထားပြီး စာချုပ်ပါအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရန် အဆင်သင့်ရှိကြောင်း၊     ပြန်လည်ဝင်ရောက်လာ

သူများအား လက်ခံရာတွင်  အရေးကြီးသည့် အပိုင်းဖြစ်သည့်   မြန်မာနိုင်ငံ  အတွင်း၌ နေထိုင်ခဲ့ဖူးသူ ဟုတ်၊ မဟုတ် စိစစ်ပေးနိုင်ရန်  မိမိတို့ဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် သက်ဆိုင်ရာဌာန အသီးသီးရှိ ဝန်ထမ်းများနှင့်အတူ ပြန်လည်လက်ခံရေး စခန်းများ ဖြစ်သည့် တောင်ပြိုလက်ဝဲ၊ ငါးခူရစခန်းများတွင် ရောက်ရှိ၍ တာဝန်ထမ်းဆောင်နေပြီ ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

၎င်းနောက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးခင်မောင်တင်နှင့် တာဝန်ရှိသူများက   နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး အတွက်  စနစ်တကျ ကြိုတင်စီစဉ် ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြန်လည်ညှိနှိုင်း ဆွေးနွေးကြသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံဘက်မှ အဆိုပြုသော နေရပ်စွန့်ခွာသူများ ပြန်လည်ပို့ဆောင်ရေးကို ယနေ့ (၂ဝ၁၉ ခုနှစ် သြဂုတ် ၂၂ ရက်)တွင်ဆောင်ရွက်မည်ဖြစ်ကြောင်း နှစ်နိုင်ငံညှိနှိုင်း သဘောတူညီချက် ရရှိခဲ့သဖြင့် ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် အတွက် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှ    လျှပ်စစ်၊ စက်မှုနှင့်    လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ကျော်ဇံနှင့် ဌာနဆိုင်ရာ အဆင့်မြင့်အရာရှိများသည် အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၊  သဘာဝဘေး စီမံခန့်ခွဲမှုအတွက် လူသားချင်း စာနာကူညီမှုဆိုင်ရာ အာဆီယံ ညှိနှိုင်းရေးမှူးရုံး(AHA Centre) နှင့် ASEAN  ERATအဖွဲ့တို့မှ   တာဝန်ရှိသူများနှင့် အတူ  မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံနယ်စပ်ရှိ တောင်ပြိုလက်ဝဲ ပြန်လည် လက်ခံရေးစခန်းမှ အသင့်ပြင်ဆင် စောင့်ဆိုင်းခဲ့ကြသော်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ နေရပ်စွန့်ခွာသူများ ပြန်လည် ဝင်ရောက် လာခြင်း မရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့်  မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ နှစ်နိုင်ငံ သဘောတူညီချက်အရ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်  ပြန်လည်နေရာ ချထားရေး ကိစ္စရပ်များကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက်မှစတင်ကာ အဆင်သင့် အနေအထားဖြင့် လိုအပ်သည်များကို ကြိုတင်ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်း၊ ၂ဝ၁၈ ခုနှစ် နိုဝင်ဘာ ၁၅ ရက်ကလည်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊   ရခိုင်ပြည်နယ် ဝန်ကြီးချုပ်  ဦးညီပု၊   ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူနှင့် ဦးစိုးအောင်၊ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့်  လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးတို့  ဦးဆောင်သော အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မြန်မာနိုင်ငံမှ နေရပ် စွန့်ခွာသူများ ပြန်လည် ပို့ဆောင်မည်ဟု အကြောင်းကြားချက်အရ တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်း၊ ငါးခူရပြန်လည် လက်ခံရေးစခန်းနှင့် လှဖိုးခေါင်ကြားစခန်းတို့သို့ သွားရောက်ကာ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး ကိစ္စရပ်များကို သွားရောက် ဆောင်ရွက်ခဲ့သော်လည်း ပြန်လည်ဝင်ရောက်လာခြင်း မရှိခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

Read 74 times Last modified on Friday, 23 August 2019 09:47