SJ WorldNews - шаблон joomla Авто

မိတ္ထီလာမြို့ သမိုင်းဝင် ဖောင်တော်ဦးဘုရား လှေပြိုင်ပွဲကို ရက်တိုး၍ ကျင်းပမည်

Monday, 09 September 2019 11:24 font size decrease font size decrease font size increase font size increase font size

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ရှိ သမိုင်းဝင်ဖောင်တော်ဦး ဘုရားပွဲကို (၁၃၆ )ကြိမ်မြောက် အဖြစ် ၂ဝ၁၉ ခုနှစ် စက်တင်ဘာ ၆ ရက်ကစတင် ကျင်းပခဲ့ပြီး လှေပြိုင်ပွဲကို စက်တင်ဘာ ၉ ရက်တွင် စတင်ကျင်းပမည်ဖြစ်ရာ လှေပြိုင်ပွဲကို ယခင်နှစ်ထက် တစ်ရက်တိုး၍ ကျင်းပမည်ဖြစ်ကြောင်း မိတ္ထီလာမြို့ ဖောင်တော်ဦးဘုရား လှေပြိုင်ပွဲကျင်းပရေး ဆပ်ကော်မတီမှ သိရသည်။

''စက်တင်ဘာ ၆ ရက် နံနက်ပိုင်းက မြို့ပေါ်မှာရှိတဲ့ ဆရာတော်၊ သံဃာတော်တွေ ပင့်ဖိတ်ပြီး ဗုဒ္ဓါဘိသေက မင်္ဂလာပွဲ ကျင်းပ၍ ပွဲတော်ဖွင့်ပွဲပြုလုပ်ခဲ့ပါတယ်။

လှေပြိုင်ပွဲကို စက်တင်ဘာ ၉ ရက် နံနက်ပိုင်းမှာ စတင်ကျင်းပမှာပါ။ မနှစ်က လှေပြိုင်ပွဲမှာ အကြီးတန်း ခြောက်သင်း၊ အငယ်တန်း ၁၁ သင်း ယှဉ်ပြိုင်ခဲ့ပေမယ့် ဒီနှစ်အကြီးတန်းက ခြောက်သင်းပေမယ့် အငယ်တန်းက ၂၂ သင်းအထိ တိုးတက်လာပြီး ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ အခုနှစ်က လှေပြိုင်ပွဲကို ငါးရက်နဲ့အပြီး ယှဉ်ပြိုင်ခဲ့ပေမယ့် အသင်းတွေတိုးလာတဲ့အတွက် ဒီနှစ်ငါးရက်နဲ့ မလောက်တော့ပါဘူး။ ခြောက်ရက် ကျင်းပမှာဖြစ်ပါတယ်။ မနှစ်က တစ်ရက်ကို ခုနစ်ပွဲယှဉ်ပြိုင်ခဲ့ပေမယ့် ဒီနှစ် ၁၄ ပွဲလောက်နဲ့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ အဖွင့်ပွဲနေ့မှာ နံနက် ၁ဝ နာရီစပြီး နောက်ရက်တွေမှာ နံနက် ၈ နာရီစပြီး အချိန်တိုးယှဉ်ပြိုင်မှာဖြစ်ပါတယ်''ဟု မိတ္ထီလာမြို့ သမိုင်းဝင် ဖောင်တော်ဦးဘုရား လှေပြိုင်ပွဲဖြစ်မြောက်ရေး ဆပ်ကော်မတီ  ဥက္ကဋ္ဌကပြောသည်။

ယခုနှစ် သမိုင်းဝင်ဖောင်တော်ဦး ဘုရားပွဲ လှေပြိုင်ပွဲကို အကြီးတန်း အသင်းခြောက်သင်း လှေပြိုင်ပွဲနှင့် အငယ်တန်းအဆင့် အသင်း ၂၂ သင်း လှေပြိုင်ပွဲကို အုပ်စု ခြောက်စုခွဲ၍ ယှဉ်ပြိုင်မည်ဖြစ်ပြီး ဆုရရှိသူများကို အကြီးတန်းတွင် ပထမဆုငွေကျပ် ငါးသိန်း၊ ဒုတိယဆု ငွေကျပ် သုံးသိန်း၊  တတိယဆုငွေကျပ် နှစ်သိန်း၊ အငယ်တန်းတွင် ပထမဆုငွေကျပ် သုံးသိန်း၊ ဒုတိယဆုငွေကျပ် နှစ်သိန်း၊ တတိယဆုငွေကျပ် တစ်သိန်းတို့အပြင် ပထမဆု ရရှိသည့် အသင်း များအား ဆုကလပ်များ ပေးအပ်မည့်အပြင် ဆုရရှိသော အသင်းသားများကို လှေပြိုင်ပွဲအသင်း ဆုတံဆိပ်များ  ထည့်သွင်း ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ် လှေပြိုင်ပွဲတွင် ထူးခြားမှု အနေဖြင့် ယခင်က ယှဉ်ပြိုင်ခဲ့သော သစ်သားလှေအစား မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်က လှူဒါန်းထားသော အလျား ၃၆ ပေရှိသော ဖိုက်ဘာလှေ နှစ်စင်းဖြင့် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

Read 12 times Last modified on Monday, 09 September 2019 11:24