SJ WorldNews - шаблон joomla Авто

အခြေခံပညာအဆင့် ဆရာဆရာမများ သင်ပြမှု အရည်အသွေးတိုးတက်ရေး စီမံကိန်းကို မြို့နယ်ပေါင်း ၇ဝ တွင် တိုးချဲ့ဆောင်ရွက်မည်

Monday, 09 September 2019 11:48 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံ၌  အခြေခံပညာအဆင့် ဆရာ၊ ဆရာမများအား သင်ပြမှု အရည်အသွေးတိုးတက်ရေးစီမံကိန်းကို မြို့နယ်ပေါင်း ၇ဝ တွင် တိုးချဲ့ဆောင်ရွက်မည် ဖြစ်ကြောင်း    အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဦးကိုလေးဝင်း၏ ပြောကြားချက်အရ သိရသည်။

''လုပ်သက်နည်းပြီး   အတွေ့အကြုံနုသေးတဲ့ ဆရာ၊ ဆရာမတွေကို ဦးစားပေး ရွေးချယ်ပြီး    သူတို့ရဲ့သင်ကြားမှုအရည်အသွေးတွေတိုးတက်လာအောင် ကျောင်းတွေကိုသွားရောက်ပြီး သင်တန်းပို့ချပေးမှာပါ။ ဒီစီမံကိန်းမှာ ဆရာလက်မှတ်မရှိသေးတဲ့ မူလတန်းပြဆရာ၊ ဆရာမတွေအပြင် သင်ကြားရေးအရည်အသွေး C၊ D၊ E အဆင့်ရှိတဲ့ ကျောင်းတွေကိုလည်း သင်ကြားရေး အရည်အသွေးတိုးတက်စေဖို့ သင်တန်းပို့ချမှာပါ''ဟု ဦးကိုလေးဝင်း ကပြောသည်။

တိုးချဲ့ဆောင်ရွက်မည့်  မြို့နယ်ပေါင်း ၇ဝ  အတွက်   စက်တင်ဘာလတွင်သင်တန်းပေးမည်ဖြစ်ပြီး သင်တန်းဆင်းပြီး မှသာ   ကျောင်းများသို့ သွားရောက်ရမည် ဖြစ်သည်။     ယင်းတိုးချဲ့ဆောင်ရွက်မှုကို တိုင်းဒေသကြီးနှင့်  ပြည်နယ်အတွင်းရှိ မြို့နယ်များ၌ ပြုလုပ်မည်ဖြစ်ပြီး စီမံကိန်းအတွက်  ပညာရေးဘွဲ့၊  ဆရာအတတ်ပညာ သင်တန်းဆင်းလက်မှတ်၊   ဆရာအတတ်ပညာဒီပလိုမာ ရရှိထားသော မူလတန်းကျောင်းအုပ် သို့မဟုတ် မူလတန်းပြအဖြစ်   တာဝန်ထမ်းဆောင်ဖူးသော အလယ်တန်းပြဆရာ၊   ဆရာမများကို လက်ထောက်မြို့နယ်ပညာရေးမှူး အဖြစ် ခန့်အပ်ထားသည်။

အဆိုပါစီမံကိန်းကို ပညာရေးဝန်ကြီး ဌာနနှင့်   ကမ္ဘာ့ဘဏ်ဦးဆောင်သော မိတ်ဖက်အဖွဲ့အစည်းတို့      ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး  ယခုဆောင်ရွက်မည့်မြို့နယ်များသည်  ထပ်မံတိုးချဲ့သော မြို့နယ်များ ဖြစ်ကြောင်း သိရသည်။ စိုးမိုး

Read 24 times Last modified on Monday, 09 September 2019 11:49