SJ WorldNews - шаблон joomla Авто

အရပ်ဘက်လူထုဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာရပိုင်ခွင့်များနှင့် သက်ဆိုင်သော နိုင်ငံတကာသဘောတူစာချုပ် ICCPR ကို လက်မှတ်ရေးထိုးရန်အဆိုအား လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး

Wednesday, 11 September 2019 13:23 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   စက်တင်ဘာ   ၁ဝ

ဒုတိယအကြိမ်   ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက်  ပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် အိမ်မဲမဲဆန္ဒနယ်မှ ဒေါ်သန္တာ  တင်သွင်းသည့်   စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် အလွန်အရေးပါသော အရပ်ဘက် လူထုဆိုင်ရာရပိုင်ခွင့်နှင့် နိုင်ငံရေးဆိုင်ရာ ရပိုင်ခွင့်များကို  လေးစားလိုက်နာရန်နှင့် တရားဥပဒေစိုးမိုးမှု ရှိစေရန်အတွက် အရပ်ဘက်လူထုဆိုင်ရာနှင့်  နိုင်ငံရေးဆိုင်ရာ ရပိုင်ခွင့်များနှင့်သက်ဆိုင်သော နိုင်ငံတကာသဘောတူစာချုပ်( International Co-venant on Civil Political Rights-ICCPR)ကို  လက်မှတ်ရေးထိုးရန်တိုက်တွန်းကြောင်းအဆိုအား လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးက ဆွေးနွေးကြသည်။

တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်   ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းကဆွေးနွေးရာတွင် အဆိုရှင် တင်ပြသွားသည့်အထဲတွင်  နိုင်ငံသားနှင့် နိုင်ငံသားအခွင့်အရေးများကို ပြည်သူများ ရရှိစေနိုင်ရန် နိုင်ငံတော်အစိုးရက ပိုမိုတာဝန်ရှိလာပြီး တာဝန်ယူလာနိုင်မည်ဟု ဆွေးနွေးသွားခဲ့ကြောင်း၊ စာချုပ်တွင်ပါဝင်လက်မှတ်ရေးထိုးခြင်းအားဖြင့် ရရှိလာနိုင်မည့် အကျိုးအမြတ်များကိုဖော်ပြထားသည်ကိုတွေ့ရကြောင်း၊  မိမိအနေဖြင့် ဆွေးနွေးလိုသည်မှာ အဆိုရှင်တင်ပြခဲ့သည့် အကျိုးအပြစ်များလောက်နှင့်  မလုံလောက်နိုင်ကြောင်း၊ ဖြစ်သင့်သည်မှာ   နိုင်ငံတကာစာချုပ်များ၊ အပြည်ပြည်ဆိုင်ရာစာချုပ်များတွင် နိုင်ငံတော်အနေဖြင့် လက်မှတ်ရေးထိုးရန်၊ ပါဝင်ရန်ကိစ္စရပ်များနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာနှင့်အတူ စာချုပ်၊  ရှင်းလင်းချက်၊  အားသာချက်၊ အားနည်းချက် စသည့်အချက်အလက်များ ပြည့်ပြည့်စုံစုံနှင့် လွှတ်တော်သို့တင်ပြလာမှသာ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များက   ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီး အတည်ပြုသင့်၊   မပြုသင့်   ဆုံးဖြတ်သင့်ကြောင်း၊  ICCPR စာချုပ်ကို လေ့လာကြည့်သည့်အခါ    အပိုင်း ၆ ပိုင်း၊ စာပိုဒ် ၅၃ ပိုဒ်ပါဝင်ကြောင်း တွေ့ရပြီး စာပိုဒ် ၂ တွင်ပါသည့်    ဤပဋိညာဉ်စာချုပ်က အသိအမှတ်ပြုထားသောအခွင့်အရေးများကို  စောင့်ရှောက်လိုက်နာနိုင်ရေးအတွက် နိုင်ငံတော်အနေဖြင့်    ဘာများပြင်ဆင်ဆောင်ရွက်ထားပြီးပြီလဲ၊ ဘာများဆက်လက်လုပ်ဆောင်ရန်ရှိသေးလဲ၊   ဘယ်အချိန်လောက်မှာ အသင့်ဖြစ်မှာလဲ၊ ICCPR စာချုပ်မှာ လက်မှတ်ရေးထိုးလိုက်ခြင်းဖြင့် အားသာချက်များက ဘာများလဲ၊ အားနည်းချက်များက ဘာများလဲ၊ ဘယ်လိုကုစားမလဲ ချပြရန်လိုကြောင်း၊ ICCPR စာချုပ်၏ အပိုဒ် ၂(၃)(ဂ)၏ ဖော်ပြချက်အရ နိုင်ငံတော်က အာမခံနိုင်ပြီလားလို့ မေးစရာရှိလာကြောင်း၊  စာချုပ်၏ အပိုဒ် ၆ (၄)အရ အပြစ်ဒဏ်   ပြောင်းလဲခံစားခွင့်အတွက် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေများကို ကျော်လွန်သွားမှာလား၊  ဒါ့အပြင်  စာပိုဒ် ၉(၃)၊ အပိုဒ် ၁၂(၂) (၄) ၊ အပိုဒ် ၁၄(၁) (၆)တို့မှာ ဖော်ပြချက်များသည် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်စွာတရားစီရင်ရေးကို ထိပါးနေသလား  စသည်ဖြင့် မေးမြန်းစရာများရှိလာကြောင်း၊ ကျန်သည့် စာချုပ်ပါ အချက်များသည် နိုင်ငံတော်၏ တည်ဆဲဥပဒေများနှင့် ကိုက်ညီမှုရှိ၊ မရှိ စိစစ်ဖော်ပြသင့်ကြောင်း၊  မိမိအနေဖြင့် လွှတ်တော်ကိုတင်ပြလိုသည်က ICCPR စာချုပ်တွင်   လက်မှတ်ရေးထိုးရေးကိစ္စကို ယခုကဲ့သို့    လွှတ်တော်က  အဆိုအဖြစ် တင်သွင်းပြီး  ဆွေးနွေးအတည်ပြုခြင်း၊ မှတ်တမ်းတင်ခြင်း၊ မှတ်တမ်းတင်စောင့်ကြည့်ခြင်း စသည့်လွှတ်တော်က တာဝန်ခံ ဆောင်ရွက်ရသော ကိစ္စမျိုးမဟုတ်သည့်အတွက်   ယခုကဲ့သို့   မဆောင်ရွက်သင့်ကြောင်းနှင့် လမ်းကြောင်းလွဲနေကြောင်း၊   အဆိုရှင်၏စေတနာနှင့် ပြည်သူ့အကျိုးရှေးရှု ဆောင်ရွက်လိုခြင်းကို လေးစားကြောင်း။

သို့သော် ဥပဒေပြုရေးတာဝန်ထမ်းဆောင်နေသည့်   လွှတ်တော်ကိုယ်စားလှယ်များနှင့်   မိမိတို့လွှတ်တော်၏  ဂုဏ်သိက္ခာကို ရှေးရှုပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အနေဖြင့်   ထောက်ပြဆွေးနွေးလိုသည်က အဆိုရှင်တိုက်တွန်းသည့်  ကိစ္စရပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂ဝ၉(က) (ခ) တို့အရ နိုင်ငံတော်သမ္မတ၏  တာဝန်နှင့် လုပ်ပိုင်ခွင့်ဖြစ်ပြီး    နိုင်ငံတော်သမ္မတက ဆောင်ရွက်ခြင်းမရှိ၍ ပြည်သူ့လွှတ်တော်က တိုက်တွန်းပေးရသလို ဖြစ်နေကြောင်း၊ ဒါ့အပြင် ယခုကဲ့သို့   အပြည်ပြည်ဆိုင်ရာ စာချုပ်များချုပ်ဆိုခြင်း၊ ပါဝင်လက်မှတ်ရေး ထိုးခြင်းဆိုင်ရာကိစ္စရပ်များသည် အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်သည့် အစိုးရက တာဝန်ခံဆောင်ရွက်ရန်ဖြစ်ပြီး ၄င်းကိစ္စအပေါ် အတည်ပြုခြင်း၊ အတည်ပြုရန်ငြင်းပယ်ခြင်း စသည်တို့သာ  ပြည်ထောင်စုလွှတ်တော်က  လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု လွှတ်တော်က အဆိုအောင်ပြီး တိုက်တွန်း၍ နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးရခြင်း မျိုး(လုံးဝ)မဖြစ်သင့်ကြောင်း၊ အဲဒီလိုဆိုလျှင် Legal Issue Process အရ  နိုင်ငံတော်သမ္မတကို စွပ်စွဲပြစ်တင်ခြင်း ဆိုင်ရာပြဋ္ဌာန်းချက်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၆၊ ပုဒ်မ ၇၁(က)(၅)တို့နှင့်လည်း ငြိစွန်း နေသည်ကို ထောက်ပြဆွေးနွေးလိုကြောင်း။

ဥပဒေပြုရေး ကဏ္ဍမှာ လွှတ်တော်အနေဖြင့် နိုင်ငံတော်ကိုကိုယ်စားပြုသော မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာရရှိသော နိုင်ငံတော်အကြီးအကဲနှင့်   နိုင်ငံတော်အုပ်ချုပ်ရေးအကြီးအကဲကို ဖိအားပေးသလိုဖြစ်နေပြီး အစိုးရနှင့်လွှတ်တော် ပွတ်တိုက်မှုများကို ဖြစ်စေနိုင်သည်ဟု ထောက်ပြဆွေးနွေးလိုကြောင်း။

အဆိုကိုကန့်ကွက်ကြောင်းနှင့် အဆိုရှင် အနေဖြင့် ယခုအဆိုအား ပြန်လည်ရုပ်သိမ်းပြီး မေးခွန်း အဖြစ်သာ မေးမြန်းသွားသင့်ကြောင်း အကြံပြုဆွေးနွေးသည်။

တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးဇော်ထွန်းဦး ကဆွေးနွေးရာတွင် ICCPR စာချုပ်သည် Universal Declaration of  Human Right (UDHR) တွင်ပါဝင်သည့် အရပ်ဘက်လူထုနှင့်   နိုင်ငံရေးအခွင့်အရေးများကို စာချုပ်အသွင်ပြဋ္ဌာန်းထားခြင်း ဖြစ်ကြောင်း၊ အတည်ပြုလက်မှတ်ရေးထိုးခဲ့သည့်နိုင်ငံများ ကိုလေ့လာကြည့်လျှင် Only Sign ကနဦးလက်မှတ်ရေးထိုးပြီး အချိန်ယူလေ့လာပြီးမှသွာ Ratify   အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်း၊  ICCPR စာချုပ်တွင် အပိုင်း ခြောက်ပိုင်းနှင့်  အပိုဒ် ၅၃ ပိုဒ်ကို ပြဋ္ဌာန်းထားရှိပြီး နောက်ဆက်တွဲစာချုပ် နှစ်ခုရှိကြောင်း၊ လက်မှတ်ရေးထိုးထားသည့် စာချုပ်အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စာချုပ် ပါအခွင့်အရေးများကို အမှန်တကယ်လေးစားလိုက်နာမှုရှိ၊ မရှိအား စောင့်ကြပ်ရန်အတွက် လူ့အခွင့်အရေးကော်မတီကို ဖွဲ့စည်းထားကြောင်း၊ ကော်မတီသည်စာချုပ်အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံတော်အစီရင်ခံ စာများကို လေ့လာခြင်း၊  အစိုးရများအပေါ်  အကြံပြုချက်များထုတ်ပြန်ခြင်းနှင့်  စာချုပ်ပါ အပိုဒ်များနှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်းချက်များ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ရကြောင်း၊ စာချုပ်ကိုအတည်ပြု လက်မှတ်ရေးထိုးသည့် နိုင်ငံများအနေဖြင့် လက်မှတ်ရေးထိုးပြီး    တစ်နှစ်အတွင်း စာချုပ်ပါ အခွင့်အရေးများနှင့်ပတ်သက်၍ အစိုးရ၏ လုပ်ဆောင်ချက်များကို စာချုပ်ကော်မတီသို့ တင်သွင်းရမည်ဖြစ်ကြောင်း၊ အစီရင်ခံစာပါ အချက်များနှင့် ပတ်သက်၍ ကော်မတီ၏ မေးမြန်းချက်များကို   စာဖြင့်ဖြေကြားရမည်ဖြစ်ကြောင်း၊   ထို့နောက် ကော်မတီရှေ့မှောက်မှာ လာရောက် အစီရင်ခံ တင်ပြရမည်ဖြစ်ကြောင်း၊  အစီရင်ခံစာနှင့် ပတ်သက်၍ ကော်မတီကအကြံပြုချက်များ ကို အစိုးရကနိုင်ငံအတွင်း ပြန်လည်အကောင်အထည်ဖော် လုပ်ဆောင်ပြီး  ပြန်လည်အစီရင်ခံရမည် ဖြစ်ကြောင်း၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများကလည်း ကော်မတီထံသို့ နိုင်ငံအလိုက်  အစီရင်ခံစာများတင်သွင်းနိုင်ကြောင်း၊   ယင်းအစီရင်ခံစာများမှာ စာချုပ်ပါအခွင့်အရေးဆိုင်ရာ အခြေအနေများ၊ အချက်အလက်များ ကို ဖော်ပြေ ရးသားထားလေ့ရှိကြောင်း၊ ထိုအချက်အလက်များကို အခြေခံ၍   ကော်မတီက အစိုးရအဖွဲ့ကို မေးမြန်းထောက်ပြနိုင်ကြောင်း၊ အစိုးရမဟုတ်သော အဖွဲ့များသည်လည်း သက်ဆိုင်ရာ အစိုးရနှင့် ကော်မတီတို့    မျက်နှာချင်းဆိုင်တွေ့ဆုံကြားနာသည့်  အစီအစဉ်များ မှာ လေ့လာသူအဖြစ်တက်ရောက်နိုင်ကြောင်း၊ အစိုးရမဟုတ်သော အဖွဲ့များအနေဖြင့် မိမိနိုင်ငံ အစိုးရသည် ကော်မတီက အကြံပြု တင်ပြလိုက်သည့်အချက်များကို မည်ကဲ့သို့ လေးစား အကောင်အထည်ဖော်မည်ကို စောင့်ကြည့်ခြင်း၊ ပူးတွဲလုပ်ဆောင်ခြင်းတို့ကို ဆောင်ရွက်နိုင်ကြောင်း။

လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ ကျယ်ပြန့်စွာပါရှိသည့်အတွက် အချိန်ယူလေ့လာရန် လိုအပ်နေသေးကြောင်း လေ့လာတွေ့ရှိရကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများဖြစ်သည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊  အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ  လူ့အခွင့်အရေးဆိုင်ရာကော်မရှင်တို့ ပူးပေါင်း၍ အချိန်ယူလေ့လာမှုများ ပြုလုပ်ပြီး လိုအပ်သည့်ပြင်ဆင်ဆွေးနွေးမှုအဆင့်ဆင့်လုပ်ဆောင်ပြီးမှသာ စာချုပ်ကိုပါ ဝင်လက်မှတ်ရေးထိုးသင့်ကြောင်း၊  ICCPR စာချုပ်ပါ အချက်အလက်များသည် မြန်မာနိုင်ငံ၏ နိုင်ငံသားဖြစ်တည်မှုနှင့် ထိန်းချုပ်နိုင်မှုတို့ကို ထိပါးလာနိုင်သည့် အတွက် စဉ်းစားဆင်ခြင်ဆောင်ရွက်သင့်ကြောင်း၊ လူမျိုးရေးနှင့် လူဦးရေပြဿနာရှိသည့် နိုင်ငံများအနေဖြင့် စာချုပ်မှာလက်မှတ်မရေးထိုး ကြသည်ကို တွေ့ရကြောင်း၊ ခေါင်းစဉ်မျိုးစုံတပ်ပြီး ဖိအားပေး လာနိုင်သည့်အတွက် ဖြစ်ကြောင်း၊ ဒေါ်လာအထောက်အပံ့မက်သော နိုင်ငံရေးသမားများ၊  အဖွဲ့အစည်းများ ပေါ်ပေါက်လာနိုင်ကြောင်း၊ မိမိတို့နိုင်ငံ၏ ပကတိအခြေအနေအရ အမျိုးသားနိုင်ငံရေးကို မျက်ခြည်မပြတ် စောင့်ကြည့်ဆောင်ရွက်နိုင်မှသာ ကမ္ဘာ့မြေပေါ်တွင်  မြန်မာသည် ထာဝရတည်မြဲနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် UDHR ကို ၁၉၄၈ ခုနှစ်ကတည်းက ပါဝင်လက်မှတ် ရေးထိုးခဲ့သည့် နိုင်ငံဖြစ်သည့်အတွက် နိုင်ငံသားများ၏ အခွင့်အရေးများကို ယခင်က တည်းက အလေးထား ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတကာစာချုပ်တစ်ရပ်သို့  ပါဝင်ရေး ကိစ္စက လေးနက်သည့် ကတိကဝတ်ပြုခြင်း၊ တာဝန်ယူမှု တစ်ရပ်ဖြစ်ခြင်း တို့ကြောင့် မိမိနိုင်ငံနှင့် မိမိနိုင်ငံသားတို့၏ အကျိုးစီးပွားနှင့်ကိုက်ညီခြင်း   ရှိ၊ မရှိ၊ လက်တွေ့အကောင်အထည်ဖော်နိုင်ခြင်းရှိ၊ မရှိတို့ကို ဦးစွာချိန်ဆရန် လိုအပ်ကြောင်း၊ ထိုကဲ့သို့ ချိန်ဆရာတွင်လည်း မိမိနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို မထိပါးစေရေး၊ ပထဝီအနေအထား၊ သမိုင်းအစဉ်အလာ ယဉ်ကျေးမှုနှင့် ထုံးတမ်းစဉ်လာများ၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများနှင့် ဖွဲ့စည်းထူထောင်ရပ်တည်နေမှု  စသည်တို့နှင့်ကိုက်ညီရေး သည်လည်း ပဓာနကျကြောင်း၊ လက်တွေ့အနေဖြင့် နစ်နာလုပ်ဆောင်သွားရမည့် စာချုပ်ပါပြဋ္ဌာန်းချက်များ၊   ကတိကဝတ်များအရ လိုက်နာရမည့် တာဝန်များကို စဉ်းစားချိန်ဆရန် လိုအပ်နေသေးသည်ဟု ထင်မြင်ယူဆရကြောင်း၊ နိုင်ငံတကာစာချုပ်များ ရေးထိုးရာတွင် အတုယူသင့်သောနိုင်ငံမှာ စင်ကာပူ နိုင်ငံဖြစ်ကြောင်း၊  ICCPR စာချုပ်လက်မှတ်ရေးထိုးသည့် ကိစ္စရပ်တွင် စင်ကာပူနိုင်ငံ၏ ရပ်တည်မှုကို မိမိတို့မြန်မာနိုင်ငံ အနေဖြင့် အတုယူသင့်ကြောင်း  အကြံပြုဆွေးနွေးသည်။

ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေးက ဆွေးနွေးရာတွင် အဆိုရှင်၏ ရည်ရွယ်ချက်သည်   ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ အခြေခံမူများနှင့်အညီ နိုင်ငံတော်၏တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်း ဟူသော လောကပါလတရားများ ပိုမိုထွန်းကားရန်နှင့် လူ့အခြေခံရပိုင်ခွင့်များ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်နိုင်ရန်ဖြစ်ပြီး  နိုင်ငံတကာတွင်  မြန်မာနိုင်ငံ၏ပုံရိပ်ကို မြှင့်တင်ချင်၍ဆိုသည့် ဆန္ဒသဘောထားရှိကြောင်း၊ ယခုအဆိုရှင်တင်သွင်းလာသည့်  ICCPR  စာချုပ်ပါစည်းကမ်းချက်၊ ဖော်ပြချက်များသည် ဥပဒေကြောင်းဆိုင်ရာ ကိစ္စရပ်များဖြစ်သည့် အတွက် အဆိုပါစာချုပ်ကို ပါဝင်လက်မှတ်ရေးထိုးခြင်းသည် ဥပဒေတစ်ခုပြဋ္ဌာန်းခြင်း၊ ဥပဒေပြုခြင်းဖြစ်ကြောင်း၊ စာချုပ်ပါအချက်အလက်များကို အဘက်ဘက်က လေ့လာ သုံးသပ်ရန်လိုအပ်ကြောင်း၊ လူတိုင်းတွင် ဘာတွေပေးဆပ်ရလဲလို့ ကြိုတင်မျှော်တွေးရကြောင်း၊    နိုင်ငံတော်အတွက်ဆိုရင် ပိုမိုနက်နဲစွာ  စိစစ်မျှော်တွေးသုံးသပ်ရန် လိုအပ်မည်ဖြစ်ကြောင်း၊  ဥပမာအားဖြင့် ဤစာချုပ်၏ အပိုဒ် ၁ မှာ ''လူတိုင်းကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့ နိုင်ငံရေးအခြေအနေကို လွပ်လပ်စွာပြဋ္ဌာန်းခွင့်ရှိပြီး   မိမိ၏စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုကို လွပ်လပ်စွာဆောင်ရွက်ခွင့်၊ သဘာဝသယံဇာတများကို လွတ်လပ်စွာ ထုတ်ယူနိုင်ခွင့်ရှိသည်'' ဟုပါရှိသည်ကို လေ့လာတွေ့ရှိရကြောင်း၊ ဒါသည် လူသားတစ်ဦးအတွက် လိုအင်ဆန္ဒနှင့်ကိုက်ညီသော ပြဋ္ဌာန်းချက်ဖြစ်သည်ကို  တွေ့ရကြောင်း၊ သို့သော်လည်း ¤င်းကို  ဒီအတိုင်းလက်ခံလိုက်ပါက နိုင်ငံတော်က ကျင့်သုံးနေသော ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊  သယံဇာတထုတ်ယူသုံးစွဲမှုများနှင့် ပတ်သက်သော ဥပဒေ၊ နည်းဥပဒေ၊   အမိန့်ညွှန်ကြားချက်များ ထိခိုက်လာမည်ဆိုရင်  မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပွားတည်ရှိရန် လိုအပ်သည့်ပြဿနာများ ဖြစ်ပွားလာနိုင်ကြောင်း၊ အလားတူ   စာချုပ်တစ်ပိုဒ်ချင်းမှာလည်း လွတ်လပ်မှု၊  နိုင်ငံသားဖြစ်မှု၊ လက်ထပ် ထိမ်းမြားမှု၊ ဆန္ဒဖော်ထုတ်မှု၊ တရားစီရင်မှု စသည့် ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့် အရေးများဆိုင်ရာအတွက် လူသားအားလုံး ၏လူ့အခြေခံရပိုင်ခွင့်များကို လူ့အခွင့်အရေး ရှုထောင့်ကသာ အလေးထားပြဋ္ဌာန်းချက်များဖြစ်သဖြင့် နိုင်ငံများ၏မူလပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေ ၊ မူဝါဒ၊ လမ်းစဉ်များနှင့်  ဆန့်ကျင်ပယ်ပျက်သွားနိုင်သော အချက်များပါရှိနေသည်ကို သတိပြုစေချင်ကြောင်း၊  စာချုပ်အပိုဒ်(၄ )တွင်ပါရှိသည့် နိုင်ငံတစ်နိုင်ငံ၏ အရေးပေါ်အခြေအနေမျိုးဖြစ်လျှင် စာချုပ်ပါကတိကဝတ်များကို ကျော်လွှားနိုင်သည်၊  သွေဖည်ဆောင်ရွက် နိုင်သည်ကို ဖော်ပြထားသည်မှာ ကျေနပ်လက်ခံစရာဖြစ်ကြောင်း၊  သို့သော်လည်း ဒီဆောင်ရွက်မှုတွေက နိုင်ငံတကာဥပဒေအရ   လိုက်နာရမည့် ကတိကဝတ်များကို မဆန့်ကျင်ရ၊    လူများ၏လူမျိုးအသားအရောင်၊ လိင် ၊ ဘာသာစကား၊ ကိုးကွယ်သည့်ဘာသာနှင့် မျိုးရိုးဇာတိလိုက် မခွဲခြားရဟု ကန့်သတ်ထားသည့်အတွက် ကိုယ်လိုရာ မဖော်ပြဘဲ အချက်အလက်တစ်ခုချင်းကို ပြည့်စုံစွာဖော်ပြသုံးသပ်ရန်လိုကြောင်း၊ သို့မှသာ လုပ်သင့်၊မသင့်ပြည်သူများ ချင့်ချိန်နိုင်မည်ဖြစ်ကြောင်း၊  ICCPR  စာချုပ်သည် နိုင်ငံသားများ၏ အခွင့်အရေးဆိုင်ရာများ ဖြစ်သည့်ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍအားလုံး ပါရှိနေသည်ကိုတွေ့ရကြောင်း၊ ပြဋ္ဌာန်းချက်များအား  ဥပဒေကို ဒီလိုပြင်ပါ၊ ဒီလိုအုပ်ချုပ်ပါ၊ ဒီလိုတရားစီရင်ပါလို့ အမိန့်ပေးနေသည့် စာချုပ်တစ်ခုဟု မြင်ကြောင်း၊   စာချုပ်၏  အပိုဒ် ၅ဝ တွင် ဤပဋိညာဉ် စာတမ်းပါပြဋ္ဌာန်းချက်များသည် ပြည်ထောင်စုနိုင်ငံအသီးသီး၏ ဒေသအားလုံးသို့ အကန့်အသတ်မရှိ ခြွင်းချက်မရှိ အာဏာတည်စေရမည်''ဟု ပါရှိကြောင်း၊ ဒီလိုဆိုလျှင် မိမိတို့နိုင်ငံ ၏အချုပ်အခြာအာဏာ ဘယ်ကိုရောက်သွားပြီလဲ။ မိမိတို့၏အာဏာသုံးရပ်အား လူအခွင့်အရေးကို အကြောင်းပြုလျက်  ICCPR လက်ထဲ ဝကွက်အပ်လိုက်သလိုမဖြစ်ပေဘူးလား။ ဒီစာချုပ်ကို နိုင်ငံအများစု လက်မှတ်ရေးထိုးလို့  ကိုယ့်နိုင်ငံက လက်မှတ်ရေးထိုးလိုက်သည်နှင့် နိုင်ငံ၏ပုံရိပ်က မြင့်တက်လာမည်ဆိုတာ မှန်ပါ့မလား။ ကိုယ့်နိုင်ငံ ပုံရိပ်ကို ကိုယ်ကပဲ မြှင့်တင်ရမည်ဖြစ်ကြောင်း၊   ဥပဒေပြုရေး၊ အုပ်ချုပ်ရေး ၊ တရားစီရင်ရေးဆိုတဲ့ အာဏာသုံးရပ်ဟာ ကိုယ့်နိုင်ငံ ကိုယ့်ပြည်သူပိုင်တဲ့အရာဖြစ်ကြောင်း၊ နိုင်ငံတကာလက်ထဲ ထည့်အပ်သင့်သည့်အရာမဟုတ်ကြောင်း၊ ကိုယ့်သားသမီး မလိမ္မာရင် ကိုယ်သာဆုံးမရမည် ဖြစ်ကြောင်း၊ ရပ်ကွက်လူကြီး၏ဆုံးမခိုင်းသည်မျိုးကို ဘယ်မိဘမှ မလုပ်ကြကြောင်း၊ ဒါ့ကြောင့် ကိုယ့်နိုင်ငံ၏ ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာများကို ကိုယ့်အစိုးရက ဖန်တီးဖော်ဆောင်ပေး ရမည်ဖြစ်ကြောင်း၊  လူ့အခွင့်အရေးချိုးဖောက်မှုရှိခဲ့လျှင်လည်း ကိုယ့်အစိုးရကပဲ တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လူ့အခွင့်အရေးကို အစိုးရနှင့် ပြည်သူလက်တွဲလုပ်ရမည် ဖြစ်ကြောင်း၊ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းဆိုသည့် လောကပါလတရား ပိုမိုထွန်းကားလာအောင် ကိုယ့်နိုင်ငံမှာ တာဝန်ရှိသူတွေက လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာက လုပ်လို့မရကြောင်း၊ နိုင်ငံပုံရိပ် ကောင်းချင်လျှင် စည်းကမ်းကောင်းအောင်လုပ်၊ စနစ်ကျအောင်လုပ် ၊ ငြိမ်းချမ်းအောင်လုပ်၊ တရားဥပဒေစိုးမိုးအောင်လုပ်၊ စီးပွားရေးကောင်းအောင်လုပ် ပြည်သူများ၏လူမှုဘဝပညာရေး၊ ကျန်းမာရေးကအစ တိုးတက်အောင်လုပ် ဒါဟာ ICCPR  လက်မှတ်ထိုးခြင်းထက် နိုင်ငံပုံရိပ်ကောင်းမွန်စေသည့် လုပ်ဆောင်မှု ဖြစ်ကြောင်း၊  စာချုပ်၏ အပိုဒ် ၂၈ တွင် ဖွဲ့စည်းသည့် ကော်မတီဆိုတာကလည်း ကမ္ဘာ့ကုလသမဂ္ဂလူ့ အခွင့်အရေးကောင်စီ၏ မောင်းနှင်အားတစ်ခုဖြစ်လာမည့် လက္ခဏာများပါနေသည်ကို တွေ့ရသည့်အပြင် နိုင်ငံတစ်နိုင်ငံက  နိုင်ငံတစ်နိုင်ငံကို   စာချုပ်ပါ ပြဋ္ဌာန်းချက်များ မလိုက်နာကြောင်း အကြောင်းကြားလျှင် ကော်မတီကပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် ပြဋ္ဌာန်းချက်များ ပါရှိနေတာတွေ့ရကြောင်း၊ UN ၏ ပဋိညာဉ်စာတမ်း အခန်း (၁) အပိုဒ် (၁) (၇)မှာ ''ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့သည် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားရမည်'' ဟု ပါရှိသကဲ့သို့ ''ပြည်တွင်းစီရင်ပိုင်ခွင့်ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခွင့်မရှိစေရ''  ဟု ဖော်ပြထားတာရှိကြောင်း၊   ဒါတွေဘယ်နေရာရောက်သွားပြီလဲ စဉ်းစားကြည့်စေချင်ကြောင်း၊ အဆိုရှင်တင်သွင်းသည့် ICCPR စာချုပ်သည် နိုင်ငံရေးနှင့်လူ့အခွင့်အရေးကို အကြောင်းပြုလျက် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ကိုယ့်ကြမ္မာကိုဖန်တီးပိုင်ခွင့်ကို ဝင်ရောက်စွက်ဖက် အာဏာသက်ရောက်စေသော စာချုပ်ဖြစ်နေသည့်အတွက် အချုပ်အခြာပိုင် မိမိတို့နိုင်ငံအနေဖြင့်  တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ အမျိုးသားအကျိုးစီးပွားကို မထိခိုက်စေရန် အကြံပြုတင်ပြလိုသည်ကတော့ ပြည်ထောင်စု ရှေ့နေချုပ်ရုံး ၏နည်းဥပဒေ ၄၅ တွင် ဖော်ပြထားသည့်အတိုင်း စာချုပ်တွင်ပါဝင်ခြင်းဖြင့် အချုပ်အခြာအာဏာကို ထိပါးနိုင်ခြင်းရှိ ၊ မရှိ၊ စာချုပ်ပါပြဋ္ဌာန်းချက်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊   တည်ဆဲဥပဒေများနှင့် ဆန့်ကျင်မှုရှိ ၊ မရှိ၊  စာချုပ်တွင်ပါ ဝင်ခြင်းဖြင့် နိုင်ငံတော်နှင့်အများပြည်သူတို့အတွက် အကျိုးကျေးဇူး ဖြစ်ထွန်းဖွယ်ရာ ရှိ၊ မရှိ၊ စာချုပ်တွင်ပါဝင်ခြင်းကို အကြောင်းပြု၍ တည်ဆဲဥပဒေများကို ပြင်ဆင်ရန်သော်လည်းကောင်း၊   ဥပဒေသစ်ပြဋ္ဌာန်းရန်သော်လည်းကောင်း လိုအပ်ခြင်း ရှိ၊ မရှိ၊ စာချုပ်တွင် ပါဝင်ခြင်းဖြင့် နိုင်ငံတော်က ဆောင်ရွက်ပေးရမည့် စီမံခန့်ခွဲရေးဆိုင်ရာ တာဝန်များ ရှိ၊ မရှိ၊  စာချုပ်တွင်ပါဝင်ခြင်းဖြင့် နိုင်ငံတော်အပေါ် ငွေရေးကြေးရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးဖြစ်နိုင်ဖွယ်ရာ ရှိ၊ မရှိ၊   နှစ်နိုင်ငံ တန်းတူရည်တူရှိမှုအပေါ် အခြေခံထားခြင်းရှိ၊ မရှိ၊ နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့်အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုကို ဦးတည်ခြင်း ရှိ၊ မရှိ၊ စာချုပ်တွင်ပါဝင်ခြင်းဖြင့် နိုင်ငံတော်တွင်အခြားတာဝန်များ  တင်ရှိလာခြင်း ရှိ၊ မရှိ၊  စာချုပ်တွင်ပါဝင်ခြင်း မပြုမီ ပြည်ထောင်စုလွှတ်တော်၏အတည်ပြုချက်ရယူရန် လိုအပ်ခြင်း ရှိ ၊ မရှိ  ဆိုသည့်အချက် များကို ဥပဒေအကြံပေးနှင့် ကျွမ်းကျင်သူများက စိစစ်ပြီးမှ လက်မှတ်ရေးထိုးရန် ကိစ္စကို ဆုံးဖြတ်ချက်ရ ယူသင့်ကြောင်း ဆွေးနွေးတင်ပြသည်။

တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးအောင်ဇင်မင်းက ဆွေးနွေးရာတွင် ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICCPR)ကို ယနေ့အချိန်ထိ နိုင်ငံပေါင်း ၁၇၂ နိုင်ငံက အဖွဲ့ဝင်အဖြစ်ပါဝင်လက်မှတ်ရေးထိုးထားပြီး တရုတ်နိုင်ငံ အပါအဝင်ခြောက်နိုင်ငံက ကနဦးလက်မှတ်ရေးထိုးခြင်းကိုသာ   ပြုလုပ်ထားကြောင်း၊ အာဆီယံနိုင်ငံများအနက် လက်မှတ်ရေးထိုး ထားခြင်းမရှိသေးသည့်နိုင်ငံမှာ လေးနိုင်ငံရှိကြောင်း၊ ကနဦး လက်မှတ်ရေးထိုးရာတွင် ကမ္ဘောဒီးယားနိုင်ငံက ၁၂ နှစ်၊ ဖိလစ်ပိုင်နိုင်ငံက နှစ် ၂ဝ၊ လာအိုနိုင်ငံက ကိုးနှစ်ကြာ အချိန်ယူလေ့လာပြီးမှသာ အတည်ပြုလက်မှတ် ရေးထိုးခဲ့သည်ကို တွေ့ရကြောင်း၊  အတည်ပြုလက်မှတ်ရေးထိုးရာတွင် နိုင်ငံကြီး၊ နိုင်ငံငယ်များက   

RUDs လို့ခေါ်သည့် Reservation Un-derstandingနှင့် Declaration  များတင်သွင်း၍ လူ့အခွင့်အရေးဆိုင်ရာရပိုင်ခွင့်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်လိုက်လျောညီထွေရှိမှု ၊ မိမိနိုင်ငံ၏အကျိုးစီးပွားမထိခိုက်စေမှုတို့အပေါ် မူတည်ထည့်သွင်းစဉ်းစား၍ အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးသဘောတူ စာချုပ်ခြောက်ခုအနက် RUD ခြွင်းချက် အများဆုံးတောင်းဆိုခံရသည့်စာရင်းတွင် ICCPR သည် ၁၇၅ ခုနှင့်ထိပ်ဆုံးမှ ရပ်တည်နေသည်ကို တွေ့ရမှာဖြစ်ကြောင်း၊ အဖွဲ့ဝင်အဖြစ် ပါဝင်လက်မှတ်ရေးထိုးမည်ဆိုပါက သဘောတူစာချုပ်၏ အပိုင်း(၁)၊ အပိုဒ်(၁) အပိုဒ်ခွဲ ၁ အရ ပြည်သူအားလုံးတွင် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားရာ နိုင်ငံတော်သည်   တိုင်းရင်းသားပေါင်းစုံ စုစည်းနေထိုင်သောနိုင်ငံဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေများအရ ၄င်းသဘောတူစာချုပ်ပါ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ကိုလက်ခံရန် အခက်အခဲရှိနိုင်သည့်အပြင် လိုက်နာအကောင်အထည်ဖော်ဆောင်ရာတွင်လည်း စိန်ခေါ်မှုများစွာကြုံတွေ့လာနိုင်ကြောင်း။

သို့ဖြစ်၍ စီးပွားရေး၊ လူမှုရေးနှင့်ယဉ်ကျေးမှုအခွင့်အရေးများဆိုင်ရာ   အပြည်ပြည် ဆိုင်ရာ သဘောတူစာချုပ်ကို မြန်မာနိုင်ငံ ပါဝင်လက်မှတ်ရေးထိုးခဲ့စဉ်က     အပိုဒ်(၁)ပါ Self-determination ဟူသော စကားရပ်ကို Interpretative Declaration ပြုလုပ်သကဲ့သို့ ဆောင်ရွက်သင့်ကြောင်း၊  စာချုပ်၏အပိုဒ်(၄)အရေးပေါ်အခြေအနေတွင် ရပိုင်ခွင့်တချို့ကို  အကန့်အသတ်ဖြင့် ကျင့်သုံးခြင်း၊ ကတိကဝတ်များနှင့် သွေဖည်ဆောင်ရွက်ခြင်း၊ အပြည်ပြည်ဆိုင်ရာဥပဒေနှင့် ဆန့်ကျင်မှုမရှိစေရခြင်း၊ သွေဖည်ဆောင်ရွက်မည့် ပြဋ္ဌာန်းချက်များနှင့်အကြောင်းရင်းများအား ကုလသမဂ္ဂမှတစ်ဆင့် စာချုပ်အဖွဲ့ဝင်နိုင်ငံများထံသို့ ချက်ချင်းအကြောင်းကြားရခြင်း၊ သွေဖည်လုပ်ဆောင်မှုရပ်ဆိုင်းမည့်နေ့ရက်အား ဆက်လက်အကြောင်းကြားရခြင်း စသည့်ပြဋ္ဌာန်းချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၁၁)ပါ အရေးပေါ် ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်မှုမရှိစေရေးအတွက် Reservation ထားသင့်၊ မသင့်စဉ်းစားရမည်ဖြစ်ကြောင်း၊ ၄င်းပြဋ္ဌာန်းချက်အပေါ် ပြင်သစ်နိုင်ငံက Reservation တင်သွင်းထားပြီး အမေရိကန်နိုင်ငံက ၄င်းတို့ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်းသာ ဆောင်ရွက်မည်ဟု k Declaration လုပ်ထားသည်ကို တွေ့ရကြောင်း။

စာချုပ်အပိုဒ် (၉)၊ အပိုဒ်ခွဲ ၅ နှင့်အပိုဒ် (၁၄)၊  အပိုဒ်ခွဲ ၆ တို့အရ တရားဥပဒေမဲ့ ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်းနှင့်ချမှတ်ခဲ့သည့် ပြစ်ဒဏ်ပြောင်းလဲမှုတို့အပေါ် တရားဥပဒေအရ  လျော်ကြေးရပိုင်ခွင့်နှင့် စပ်လျဉ်း၍ အမေရိကန်နိုင်ငံက Understanding ၊ မက္ကဆီကိုနိုင်ငံက Interpretative State-ment ထည့်သွင်းထားပြီး သြစတြေးလျ၊ ဗဟားမား၊ ဘီလီနိုင်ငံတို့က ၄င်းအချက်အကောင်အထည်ဖော်ရာတွင် ပြဿနာများစွာရှိသည့်အတွက် f Reservation များ တင်သွင်းထားသည်ကို တွေ့ရှိရ၍ မြန်မာနိုင်ငံအတွက်လည်း အလေးအနက်ထည့်သွင်း စဉ်းစားရမည့် အချက်လည်းဖြစ်ကြောင်း။

စာချုပ်၏ အပိုဒ် (၂၄) ၊ အပိုဒ်ခွဲ ၂ နှင့် ၃ တွင် ကလေးသူငယ်တိုင်း မွေးဖွားပြီးပြီးချင်း မွေးစာရင်းမှတ်ပုံတင်ခြင်း၊ နာမည်ပေးခြင်းနှင့်   နိုင်ငံသားအဖြစ်ခံယူပိုင်ခွင့်ရှိကြောင်းပါရှိသဖြင့် ကလေးသူငယ်များ နိုင်ငံမဲ့ မဖြစ်စေရန်ရည်ရွယ်ထားသော်လည်း မိမိတို့၏ ပိုင်နက်နယ်မြေအတွင်း မွေးဖွားသည့် နိုင်ငံမဲ့ကလေးသူငယ်များအား နိုင်ငံသားဖြစ်ခွင့်ပေးရေးသည် နိုင်ငံများတွင် ယေဘုယျအားဖြင့်တာဝန်မရှိကြောင်း နိုင်ငံများစွာက သဘောထားမှတ်ချက်ပေးထားသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ အင်္ဂလန်နိုင်ငံ၏ Reservation  အနေဖြင့် ယင်းကဲ့သို့နိုင်ငံသား ဖြစ်ခွင့်ဥပဒေမျိုး ပြဋ္ဌာန်းမည်မဟုတ်ကြောင်း တင်သွင်းခဲ့ပြီး လက်ရှိလည်းကျင့်သုံးလျက်ရှိကြောင်း၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအခန်း(၂ )တွင် နိုင်ငံသားဖြစ်ခြင်းနှင့် စပ်လျဉ်း၍ အတိအလင်းပြဋ္ဌာန်းထားပြီးလည်း ဖြစ်ကြောင်း၊ စာချုပ်အားအတည်ပြုလက် မှတ်ရေးထိုးပါက လက်ရှိကျင့်သုံးနေသည့် မြန်မာနိုင်ငံသားဥပဒေသည် ၄င်းကလေးများအတွက် အကျုံးဝင်မှု မရှိတော့သည့်အပြင် ပြင်ဆင်ရန် ဖိအားပေးမခံရစေရေး၊ မြန်မာနိုင်ငံ၏ အမျိုးသားလုံခြုံရေးနှင့် အကျိုးစီးပွားမထိခိုက်စေရေးများအတွက် Reservation ထည့်သွင်းရန်အရေးကြီးကြောင်း သတိချပ်ရမည်ဖြစ်ကြောင်း၊ ဆွေးနွေးခဲ့သည့်အချက်များသည် ကောက်နုတ်ချက်သာဖြစ်ပြီး လေးနက်ကျယ်ပြန့်စွာထည့်သွင်းစဉ်းစားရမည့်အချက် များစွာရှိနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း။

အပိုဒ်(၅၁)ပါ စာချုပ်ပြင်ဆင်ချက်အဆို တင်သွင်းရာတွင်လည်း ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ထံ ကနဦးတင်သွင်းရသည်မှစ၍ ပြင်ဆင်ချက်များ စတင်အာဏာသက်ဝင်သည်အထိ လုပ်ငန်းစဉ်အဆင့်များပါရှိရာ  ၄င်းပြင်ဆင်ချက်များအား လက်ခံသည့်အဖွဲ့ဝင်နိုင်ငံများက လိုက်နာရန်တာဝန်ရှိပြီး အခြားအဖွဲ့ဝင်နိုင်ငံများက လက်ခံခဲ့သည့် ယခင်ပြင်ဆင်ချက်များအား လိုက်နာရန်တာဝန်ရှိသည်ဟုပါရှိသဖြင့် အဖွဲ့ဝင်နိုင်ငံများ လိုက်နာကျင့်သုံးသည့်အချက်အလက် များသည် RUD Reservation ၃ဝဝ ကျော်နှင့်အတူ ကွဲပြားရှုပ်ထွေးနေသည်ကို တွေ့ရမည် ဖြစ်ကြောင်း။

ဒီမိုကရေစီအင်အားကောင်းသည့် အမေရိကန်နိုင်ငံသည် ၁၉၇၇ ခုနှစ်က ကနဦး လက်မှတ်ရေးထိုးပြီး ၁၅ နှစ်အကြာ ၁၉၉၂ ခုနှစ်မှ အတည်ပြုပါဝင်ခဲ့ကြောင်း၊ ဒီမိုကရေစီကျင့်စဉ် နုနယ်နေသေးသည့် မြန်မာနိုင်ငံအနေဖြင့် ပြဋ္ဌာန်းချက်များအား လိုက်နာအကောင်အထည်ဖော်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လိုက်လျောညီထွေ မှုရှိရခြင်း၊ စာချုပ်တွင်လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကျယ်ပြန့်စွာပါရှိသည့်အတွက် အချိန်ယူလေ့လာရန်လို အပ်နေသေးခြင်း၊ တည်ဆဲဥပဒေများတွင် စာချုပ်ပါအချက်များအားထည့်သွင်းပြဋ္ဌာန်းရခြင်း၊ လိုက်လျောညီထွေမှုရှိသည့် ဥပဒေအသစ်များ ပြဋ္ဌာန်းရန်လိုအပ်နေခြင်း၊ ပြဋ္ဌာန်းချက်များအား အပြည့်အဝလိုက်နာနိုင်မှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုအပေါ် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသုံးသပ်ရန်လိုအပ်ခြင်း၊ စာချုပ်လိုက်နာကျင့် သုံးရာတွင်ရင်ဆိုင်ရမည့် စိန်ခေါ်မှုများနှင့် အခက်အခဲများကို ကျော်လွှားနိုင်ရန် အစီအမံများချမှတ်ရန် လိုအပ်နေသေးခြင်းတို့ကြောင့် ICCPR စာချုပ်အား လုံလောက်သည့် အချိန်ယူလေ့လာမှုပြုလုပ် သင့်ကြောင်း ထောက်ပြဆွေးနွေးသည်။

တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒုတိယဗိုလ်မှူးကြီးကျော်မိုးအောင်က   ဆွေးနွေးရာတွင် အဆိုရှင်က   ပါဝင်လက်မှတ်ရေးထိုးဖို့ တိုက်တွန်းထားသည့် အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်သည် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်၏အဆုံးအဖြတ်နှင့် ဆောင်ရွက်ရမည့် စာချုပ်အမျိုးအစားဖြစ်သည်ဆိုတာကို  ပြောကြားလိုကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၁ဝ၈)၊ ပုဒ်မ (၂ဝ၉) ပုဒ်မခွဲ(က)၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ (၅၉) ၊ ပုဒ်မ (၆၁)ပုဒ်မခွဲ(က)၏ ဇယား ၁ အမှတ်စဉ်(၈)တို့အရ နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြအဆုံးအဖြတ်ရယူဆောင်ရွက်ရမည့် စာချုပ်အမျိုးအစားဖြစ်သည်ဆိုတာ အထင်အရှားတွေ့ရမည်ဖြစ်ကြောင်း၊  ဒါကြောင့်  ဒီအဆိုကို တင်သွင်းခြင်း၊ လက်ခံဆွေးနွေးခြင်းအားဖြင့် နိုင်ငံတော်သမ္မတ၏တာဝန်နှင့် လုပ်ပိုင်ခွင့်ကို အပြန်အလှန်ထိန်းကျောင်း မှုထက်ကျော်လွန်ပြီး ဝင်ရောက်စွက်ဖက်ရာ ရောက်မရောက်အဆိုကို ပြည်သူ့လွှတ်တော်က ဆွေးနွေး ဆုံးဖြတ်အတည်ပြုခြင်းအားဖြင့်  ပြည်ထောင်စုလွှတ်တော်ကို ကျော်လွန်လုပ်ဆောင်ရာ ရောက်မရောက် ဦးစွာဆင်ခြင်သုံးသပ်သင့်ကြောင်း။

ယင်းအဆိုကိုအတည်ပြုလိုက်မည်ဆိုလျှင်လည်း နိုင်ငံတော်သမ္မတက ပြည်ထောင်စု အစိုးရအနေဖြင့် လွှတ်တော် ကလက်မှတ်ရေးထိုးရန်ဆုံးဖြတ်တိုက်တွန်းထားသည့် စာချုပ်ဆိုပြီး တင်ပြခဲ့သော ဥပဒေ၊ ပုဒ်မများကို ကျော်လွန်လုပ်ဆောင်သွား၍မရကြောင်း၊ ပြဋ္ဌာန်းချက်များအတိုင်း သမ္မတက ပြည်ထောင်စုလွှတ်တော် ကိုပြန်တင်ခြင်း၊  ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးအဆုံးအဖြတ်ရယူခြင်းတို့ကို လုပ်ဆောင်ရဦးမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ပြည်သူ့လွှတ်တော်တွင် အဆိုတင်ဆွေးနွေးနေခြင်းသည် အချိန်ဖြုန်းတီးရာရောက်သည့်အပြင် မလိုလားအပ်သည့် နားလည်မှုလွဲမှားခြင်းကိုလည်းဖြစ်စေနိုင်ကြောင်း၊ နိုင်ငံတော်သမ္မတ ၊ ပြည်ထောင်စု အစိုးရက ၄င်းစာချုပ်တွင် ပါဝင်လက်မှတ် ရေးထိုးရေးလုပ်ဆောင်ရန်  လစ်ဟင်းမှု၊ အားနည်းမှုရှိခြင်းကြောင့် ယခုကဲ့သို့ အဆို တင်သွင်းတိုက်တွန်းနေခြင်းလားဟု လေ့လာကြည့်သော်လည်း မြန်မာနိုင်ငံအနေဖြင့် လက်ရှိတွင် ကလေးသူငယ်များ၏အခွင့် အရေးဆိုင်ရာစာချုပ်(CRC)၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေး ဆိုင်ရာစာချုပ် (CEDAW)၊ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာစာချုပ်(CRPD)နှင့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာစာချုပ်(ICESCR) စသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ပင်မစာချုပ်ကြီး  လေးခုကို အတည်ပြုပါဝင်ထားပြီး CRC ၏ နောက်ဆက်တွဲစာချုပ်ဖြစ်သည့်  လက်နက်ကိုင် ပဋိပက္ခများအတွင်း ကလေးသူငယ်များပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲစာချုပ်(OPAC) ကိုလည်း လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်က ယခုနှစ် OPAC ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌  ကျင်းပသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အကြိမ်(၄ဝ)မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း ယခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်တွင် AC ပါဝင်ရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြလာခြင်းကြောင့် လွှတ်တော်မှ သဘောတူအတည်ပြုပေးခဲ့ပြီးဖြစ်ကြောင်း၊ ICCPR ကိုလည်း လက်မှတ်ရေးထိုးနိုင်ရန် လိုအပ်သည့် ပြင်ဆင်မှုများဆောင်ရွက်နေသည်ဟု သိရှိရကြောင်း။

ပြင်ဆင်မှုများမပြီးခြင်း၊ အဆင်သင့်မဖြစ်ခြင်းတို့ကြောင့်သာ ပြည်ထောင်စုလွှတ်တော်သို့မတင်ပြနိုင်ကြောင်းဟု ယူဆကြောင်း၊ ယင်းစာချုပ်ကို ပါဝင်လက်မှတ်ရေးထိုးမည် ဆိုပါက  ကနဦးလက်မှတ်ရေးထိုးသည့် အဆင့်သာ ဆောင်ရွက်သင့်ပြီး သင့်လျော် သည့်အချိန်ရောက်မှသာ အဖွဲ့ဝင်အဖြစ် အတည်ပြုဝင်ရောက်သင့်ကြောင်း၊ ICCPR တွင် နိုင်ငံပေါင်း  ၁၇၂ နိုင်ငံက ပါဝင်လက်မှတ်ရေးထိုးထားသော်လည်း တချို့နိုင်ငံများက ကနဦးလက်မှတ်ရေးထိုးခြင်းသာ ပြုလုပ်ထားသည်ကို တွေ့ရှိရကြောင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများအနက် လေးနိုင်ငံသည် လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည်ကို တွေ့ရှိရကြောင်း၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ လာအို စသည့်နိုင်ငံများက  ကနဦး လက်မှတ်ရေးထိုးပြီးနောက် အချိန်ယူလေ့လာပြင်ဆင်ပြီး ကိုးနှစ်၊ အနှစ် ၂ဝ စသည်ဖြင့် သင့်လျော်သည့်အချိန်ကျမှသာ အတည်ပြုဝင်ရောက်ကြခြင်း ဖြစ်ကြောင်း၊ စာချုပ်တွင် နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်များဆိုင်ရာကို အဓိကထားဖော်ပြထားပြီး လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များ ကျယ်ပြန့်စွာ ပါရှိသည့်အတွက် ဥပဒေပြုရေး၊ တရားစီရင်ရေး၊ ပြည်ထဲရေး၊ လူဝင်မှုကြီးကြပ်ရေး စသည့်ကဏ္ဍများအချင်းချင်း ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရမည့် ကိစ္စရပ်များလည်းရှိနေနိုင်ပြီး အချိန်ယူ စိစစ်ပြင်ဆင်ဆောင်ရွက်သင့်ကြောင်း။

အကြောင်းအမျိုးမျိုးကြောင့် ICCPR သို့ ဝင်ရောက်ရန်ဆောင်ရွက်မည်ဆိုပါက ကနဦးလက်မှတ်ရေးထိုးခြင်း အဆင့်ကိုသာ ဥပဒေပြုပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်သင့်ကြောင်း အကြံပြုဆွေးနွေးသည်။

ယင်းအဆိုနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က မိမိတို့ဝန်ကြီးဌာနအနေဖြင့် ICCPR ကို အချိန်ယူလေ့လာပြင်ဆင်ပြီးနောက် လာမည့်နှစ်များတွင် ဦးစားပေး လက်မှတ်ရေးထိုးနိုင်ရေးအတွက် ကြိုးပမ်းစီစဉ်ဆောင်ရွက်နေကြောင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာ တင်သွင်းသည့် ICCPR စာချုပ်ကို လက်မှတ်ရေးထိုးရန်တိုက်တွန်းသည့် အဆိုကိုမှတ်တမ်းတင်ထား ရန်တင်ပြပြီး အဆိုရှင်ကလည်း မှတ်တမ်းတင်စောင့်ကြည့်ပေးရန် ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ယင်းအဆိုအားမှတ်တမ်းတင်စောင့်ကြည့်ရန် သဘောမတူသူ မရှိသည့်အတွက် အဆိုအား    ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က လွှတ်တော်က မှတ်တမ်းတင် စောင့်ကြည့် မည်ဖြစ်ကြောင်း ကြေညာသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၁၉ ရက် မြောက်နေ့ကို စက်တင်ဘာ ၁၁ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း  သိရသည်။                   ဇော်မျိုး(မြဝတီ)

Read 12 times Last modified on Wednesday, 11 September 2019 13:33